တိုက်ပွဲများကြောင့် မြဝတီ- ကော့ကရိတ် အာရှလမ်းမတွင် ကားထောင်ချီ ပိတ်မိနေဆဲ

ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမတွင် ယာဥ်အသွားအလာ ရပ်တန့်ထားပြီး ကားထောင်ချီပိတ်မိနေကြောင်း သိရသည်။

By Admin 26 Dec 2022

တိုက်ပွဲများကြောင့် မြဝတီ- ကော့ကရိတ် အာရှလမ်းမတွင် ကားထောင်ချီ ပိတ်မိနေဆဲ

အာရှလမ်းမပေါ်တွင် ပိတ်မိနေသည့် ကားများကို တွေ့ရစဥ်။ ဓာတ်ပုံ- CJ

DMG | ဒီဇင်ဘာ ၂၆

ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမတွင် ယာဥ်အသွားအလာ ရပ်တန့်ထားပြီး ကားထောင်ချီပိတ်မိနေကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအနီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ(၆) KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့မှု၊ တံတားများ ပျက်စီးနေမှုတို့ကြောင့် အာရှလမ်းမပေါ်တွင် ကားအစီးရေထောင်ချီမှာ သွားလာ၍မရဘဲ တပတ်ကျော်ကြာ ယနေ့အချိန်ထိ ပိတ်မိနေကြောင်း သိရသည်။

ရန်ကုန်-မြဝတီ အဝေးပြေးယာဥ်မောင်းတစ်ဦးက “ပိတ်မိနေတာ တစ်ပတ်ကျော်ရှိပြီ။ ရှေ့လည်း သွားမရဘူး။ အနောက်ပြန်လှည့်ဖို့လည်း ယာဥ်တွေ အကုန်ပိတ်မိနေတော့ အကုန်ဒုက္ခရောက်နေရတယ်”ဟု ပြောသည်။

ထို့အပြင် ရန်ကုန်-မြဝတီသို့ သွားလာနေသည့် နယ်စပ်ကုန်တင်ယာဥ်များမှာလည်း ရပ်တန့်ထားရပြီး ကုန်စည်စီးဆင်းမှု နှောင့်နှေးစေမှုကြောင့် အမြန်ဆုံး လမ်းပြန်ဖွင့်ပေးရန် မျှော်လင့်နေကြသည်။

“နယ်စပ်ကုန်ကားတွေလည်း ပိတ်မိနေတာ တပတ်ကျော်ကြာနေပြီ။ လမ်းပြန်ဖွင့်ဖို့ မျှော်လင့်ပါတယ်။ အခုကတော့ အခြေအနေကြည့်နေရတယ်”ဟု မြဝတီ နယ်စပ်ကုန်သည်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမ တောနော်ရေတံခွန်တံတား မိုင်းဆွဲခံရမှုနှင့် ဒီဇင်ဘာ ၂၂ ရက်နေ့က ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအနီး တံတားဦး-ရန်ကုတ်ရွာအနီး တံတား လက်နက်ကြီး ထိမှန်ပျက်စီးခဲ့မှုကြောင့် ပိတ်နေခြင်းဟု ကော့ကရိတ်မြို့ခံများထံမှ သိရသည်။

“တောနော်ရေတံခွန်တံတား မိုင်းခွဲခံရတာနဲ့ တံတားဦး-ရန်ကုတ်တံတား လက်နက်ကြီးထိပြီး ကျိုးသွားတာဆိုတော့ လမ်းက လုံးဝကို သွားမရဘူး။ တိုက်ပွဲတွေ ဖြစ်နေတာဆိုပြီးတော့ အာရှလမ်းမကို စစ်တပ်တွေက ပိတ်ထားတယ်”ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအနီးရှိ တတန်ကူး၊ တောင်ကြာအင်းနဲ့ ဖားကျဘက်တို့တွင် လက်ရှိချိန်ထိ KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားနေကြောင်းလည်း သိရသည်။

ဗီဒီယိုများ