တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်၍ ရခိုင်တွင် စပါးများကို စောလျင်စွာ ရိတ်သိမ်းနေကြ

မိုခါမုန်တိုင်းနှင့် ရေကြီးမှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကြားထဲမှ စိုက်ပျိုးထားရသော စပါးများမှာ ရင့်မှည့်စပြု၍ ရိတ်သိမ်းချိန်ကာလတွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ပုံမှန်ထက်စောပြီး စပါးရိတ်သိမ်းရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။ 

By Admin 08 Nov 2023

ပုဏ္ဏားကျွန်းမြို့နယ်က လယ်သမားများ စပါးရိတ်သိမ်းနေကြသည်ကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။ 
ပုဏ္ဏားကျွန်းမြို့နယ်က လယ်သမားများ စပါးရိတ်သိမ်းနေကြသည်ကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။ 

DMG ၊ နိုဝင်ဘာ ၈ 

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား စစ်ရေးလှုပ်ရှားပြင်ဆင်မှုများ တွေ့လာရသဖြင့် လယ်သမားများမှာ စပါးရိတ်သိမ်းချိန်တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ စပါးများကို ပုံမှန်ထက် စောလျင်စွာ ရိတ်သိမ်းမှုများရှိနေကြောင်း သိရသည်။ 

AA ပါဝင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရခိုင်တွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့မှုများနှင့် ခရီးသွားပြည်သူများအား တင်းကြပ်စွာစစ်ဆေးမှုများ ပြုလုပ်နေသည်။ ထို့ကြောင့် စစ်ကောင်စီနှင့် AA တို့ကြား စစ်ရေးတင်းမာကာ တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ဒီနှစ်က လယ်သမားတွေမှာ ဒဏ်မျိုးစုံကို ခံထားကြရတယ်။ သွင်းအားစုတွေ အများကြီးနဲ့ စိုက်ပျိုးထားတာကို ရိတ်သိမ်းချင်တာက အမှန်ပဲ။ အခုက တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်လို့ ကောက်လျင်တွေကို ရိတ်သိမ်းနေကြပြီ။ ကောက်လတ်နဲ့ ကောက်ကြီးတွေကိုလည်း စောစောရိတ်သိမ်းနိုင်ဖို့ ပြင်ဆင်မှုတွေရှိနေကြတယ်” ဟု မြောက်ဦးမြို့နယ်၊ ဓညဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးစိုးနိုင်က ပြောသည်။

ယခုနှစ် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” မုန်တိုင်းကြောင့် ရခိုင်က လယ်သမားများမှာ မျိုးစပါးများ ပျက်စီးသွားခဲ့ပြီး၊ ဩဂုတ်လအတွင်း ရေကြီးမှုကြောင့်လည်း မြို့နယ် ၇ ခုတွင် စိုက်ပျိုးပြီးလယ်ဧက ၇ သောင်းကျော် ဆုံးရှုံးပျက်စီးခဲ့ရသည်။ 

ထိုသို့ ဆုံးရှုံးမှုများကြားထဲမှ ထွန်ယက်စိုက်ပျိုးထားသည့် စပါးများမှာ ရင့်မှည့်စပြု၍ ရိတ်သိမ်းချိန်ကာလတွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ပုံမှန်ထက်စောပြီး စပါးရိတ်သိမ်းရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။ 

“နိုင်ငံရေးအခြေအနေကလည်း မှန်းမရတာကြောင့် လယ်သမားတွေက ပုံမှန်နှစ်တွေကထက် စောပြီး ရိတ်သိမ်းဖို့ ပြင်ဆင်မှုတွေ ရှိနေကြတယ်” ဟု ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းကျေးရွာမှ လယ်သမား ဦးထွန်းလှမောင်က ပြောသည်။

လယ်သမားများမှာ ပြီးခဲ့သည့်နှစ်ကလည်း စပါးအထွက်နှုန်းကျဆင်း၍ အရှုံးပေါ်ခဲ့ရသဖြင့် ယခုနှစ်တွင် လုံခြုံစိတ်ချစွာဖြင့် စပါးရိတ်သိမ်းခွင့်ရရှိရေးကို လိုလားနေကြသည်။ 

“အခုနှစ်တွေမှာ ဓာတ်မြေဩဇာ၊ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေ ဈေးမြင့်တက်မှုတွေကြောင့် လယ်သမားတွေမှာ အမြတ်ဆိုတာ မရှိသလောက် ဖြစ်လာတယ်။ အခု စပါးရိတ်သိမ်းချိန်မှာလည်း တိုက်ပွဲတွေဖြစ်ပြီး ရိတ်သိမ်းခွင့်မရရင် လယ်သမားတွေရဲ့ဘဝက တော်တော်လည်းကို ဆိုးရွားသွားနိုင်တယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာ လယ်သမား ဦးထွန်းသိန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း စပါးရိတ်သိမ်းချိန်တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လယ်သမားအများစုမှာ စစ်ဘေးရှောင်ခဲ့ကြရပြီး AA တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ရိတ်သိမ်းပေးမှုများ ရှိခဲ့သည်။

ရခိုင်တွင် လယ်ဧက ၁၂ သိန်းကျော်ရှိသော်လည်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ၏ လယ်မြေများ၊ သွင်းအားစရိတ်မြင့်တက်၍ ပြည်ပထွက်ခွာလုပ်ကိုင်မှုများကြောင့်  ယခုနှစ်တွင် စိုက်ပျိုးနိုင်သည့် လယ်ဧက ၁၀ သိန်းကျော်သာ ရှိသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းများအရ သိရသည်။

#D007 #DMG 

ဗီဒီယိုများ