တိုက်ပွဲကာလအတွင်း မီးလောင်ပျက်စီးသွားသည့် နေအိမ်အများစုကို ပြန်လည်ဆောက်လုပ်ပေးခြင်းမရှိသေးဟုဆို

ရခိုင်တွင် ပြီးခဲ့သည့် တိုက်ပွဲနှစ်နှစ်တာကာလအတွင်း မီး‌လောင်ပျက်စီးသွားသည့် နေအိမ်အများစုကို ပြန်လည်ဆောက်လုပ်ပေးခြင်းမရှိသေး‌ကြောင်း မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်ပိုင်ရှင်များထံမှ သိရသည်။

22 Aug 2022

တိုက်ပွဲကာလအတွင်းက နေအိမ်များပျက်စီးခဲ့ရသည့် တင်းမကျေးရွာအားတွေ့ရစဉ်။

DMG ၊ သြဂုတ် ၂၂

ရခိုင်တွင် ပြီးခဲ့သည့် တိုက်ပွဲနှစ်နှစ်တာကာလအတွင်း မီး‌လောင်ပျက်စီးသွားသည့် နေအိမ်အများစုကို ပြန်လည်ဆောက်လုပ်ပေးခြင်းမရှိသေး‌ကြောင်း မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်ပိုင်ရှင်များထံမှ သိရသည်။

မီးလောင်ပျက်စီးသွားသည့် နေအိမ်များကို မိုးရာသီမတိုင်မီ ပြန်လည်ဆောက်လုပ်ပေးမည်ဟုဆိုကာ ပျက်စီးစာရင်းကို သက်ဆိုင်ရာအစိုးရဌာနမှာ စာရင်းကောက်ခံခဲ့ကြောင်းလည်း သိရသည်။ အဆိုပါမီးလောင်ပျက်စီးသွားသည့် နေအိမ်စာရင်းကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှတဆင့် စာရင်းတင်သွင်းခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း နေအိမ်ပြန်လည်ဆောက်လုပ်ရေးနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ တစုံတရာအကြောင်းပြန်လာခြင်းမရှိသေးကြောင်း ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာမှ နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသူ ဦးဇော်လှိုင်ဦးကဆိုသည်။

“ရွာမှာ လူတစ်‌ယောက်မှမရှိတော့ဘူးဆိုတော့ နည်းနည်းလောက်ပျက်စီးသွားတဲ့ နေအိမ်တွေလည်း ပိုပြီးတော့ပျက်စီးသွားပြီ။ အကောင်းတိုင်းကျန်ခဲ့တဲ့ နေအိမ်တွေလည်း ပျက်နေပါပြီ။ မိုးရာသီမရောက်ခင် နေအိမ်တွေဆောက်လုပ်ပေးမယ်လို့ပြောခဲ့တယ်။ အဲဒီလိုပြောခဲ့ပေမဲ့လည်း အခုချိန်ထိတော့ ဘာတစ်ခုမှ မထူးသေးပါဘူး။ အကြောင်းလည်းမပြန်သေးဘူး”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် တိုက်ပွဲကာလအတွင်းက လက်နက်ကြီးလက်နက်ငယ်ကျရောက်ခဲ့မှုကြောင့် နေအိမ်တချို့ ပျက်စီးသွားခဲ့ပြီး ဥယျာဉ်သာကျေးရွာသားများမှာ လက်ရှိအချိန်ထိ စစ်ဘေးရှောင်စခန်းအသီးသီးတွင် နေထိုင်နေကြရကာ ဥယျာဉ်သာကျေးရွာတွင် အိမ်ခြေ ၅၀ ခန့်ရှိကြောင်း သိရသည်။

အလားတူ ကျောက်တော်မြို့နယ် သာစည်ကျေးရွာတွင် လုံးဝပျက်စီးသွားသည့်နေအိမ် ၂၀ ခန့်ရှိခဲ့ပြီး မိမိအစီအစဉ်ဖြင့် ဆောက်လုပ်နေထိုင်နေကြသူများရှိသော်လည်း လုံးဝဆောက်လုပ်နိုင်ခြင်းမရှိသေးသည့်သူများလည်းရှိကြောင်း ကျေးရွာသားများက ဆိုသည်။

သာစည်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းက “မီးလောင်သွားတဲ့အချိန်ကတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုတည်းပဲ ကျန်လိုက်တယ်။ ကိုယ့်မှာ ဆုံးရှုံးလိုက်ရတာဘဲရှိတယ်။ အစိုးရဆီက အထောက်အပံ့တော့ ဘာမှမရသေးဘူး။ တချို့ဆိုရင် ကိုယ်တတ်နိုင်သလောက် တဲကုတ်လေးတွေဆောက်ပြီးတော့ ထားထားကြတာလည်းရှိတယ်။ တချို့ကတော့ လုံးဝမဆောက်လုပ်နိုင်သေးဘူး”ဟု ပြောဆိုသည်။

ကျေးရွာအတွင်း လူမနေထိုင်သည့်အတွက် မီးလောင်ပျက်စီးသွားသည့်နေအိမ်များအပြင် မပျက်စီးဘဲကျန်ရှိခဲ့သည့် နေအိမ်များလည်း ပြိုပျက်သွားပြီဖြစ်သည်ဟု ဒေသခံများကပြောဆိုသည်။

ယင်းအပြင် ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ ဒေသခံများမှာ နေအိမ်ဆောက်ပြန်လည်ထူထောင်ပေးရေး၊ နေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီအစိုးရထံ ၈ ကြိမ်တိတိ စာတင်ပြီးတောင်းဆိုခဲ့သော်လည်း တစုံတရာ တုန့်ပြန်ပြောဆိုခြင်းမရှိသေးကြောင်း တင်းမကျေးရွာသားနေရပ်ပြန်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေသူတစ်ဦးက ပြောဆိုသည်။

“ကျနော်တို့ကို ပြန်လို့မရဘူးဆိုရင် မရဘူးလို့ပြောလို့ရတယ်။ ပြန်ခွင့်မရဘူးဆိုရင် ကျနော်တို့နေရာအသစ်တစ်ခု ချပေးစေချင်တယ်။ အခုလိုမျိုး စစ်ဘေးရှောင်စခန်းမှာ တစ်သက်လုံးတော့မနေချင်ပါဘူး”ဟု ၎င်းကဆိုသည်။

ရခိုင်မှာ တိုက်ပွဲ ၂ နှစ်တာကာလအတွင်း မီးလောင်ပျက်စီးသွားသည့် နေအိမ် ၁၅၀၀ ကျော်ထဲမှ နေအိမ် ၃၀၀ ကျော်ခန့်သာ အစိုးရမှ ပြန်လည်ဆောက်လုပ်ပေးထားပြီး အများစုကို လက်ရှိအချိန်အထိ မဆောက်လုပ်ပေးသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရသိရသည်။

အစိုးရ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ချက်ကို အားရကျေနပ်မှုမရှိကြောင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကဆိုသည်။

“တိုက်ပွဲတွေရပ်တန့်နေတဲ့အချိန်ကလည်း အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေးအပိုင်းတွေကို အားစိုက်ပြီးတော့ မလုပ်ခဲ့ဘူး။ ဒေသခံတွေနဲ့လည်း ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်တာတွေ မတွေ့ခဲ့ရဘူး။ ဒီလို မလုပ်ဆောင်နိုင်ခဲ့ဘူးဆိုတာလည်း တချို့ဌာနတွေဆိုရင် အခက်အခဲရှိခဲ့တယ်လို့သိရပါတယ်။ အဲဒီအချိန်တုန်းကတောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် ဒီအချိန်မှာလုပ်ဖို့က အရမ်းခက်ခဲသွားမယ်လို့ထင်တယ်။ ဘဏ်လုပ်ငန်း၊ စစ်ရေး၊ နိုင်ငံရေးတွေကြောင့် ပိုပြီးခက်ခဲသွားနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

မီးလောင်ပျက်စီးသွားသည့် နေအိမ်များမှာ ဘူးသီးတောင်မြို့နယ်မှ ၁၆၃ လုံး၊ ကျောက်တော်မြို့နယ်မှ ၃၉၉ လုံး၊ ရသေ့တောင်မြို့နယ်မှ ၁၆၄ လုံး၊ မြောက်ဦးမြို့နယ်မှ ၂၀၉ လုံးအပြင် မင်းပြားမြို့နယ်မှ ၂၈ လုံးနှင့် တခြားမြို့နယ်တို့မှလည်း ပါဝင်ကြောင်း REC ထံမှသိရသည်။

ဆောက်လုပ်ပေးထားသည့် ကျေးရွာများမှာ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာ၊ တောင်ပေါက်ကျေးရွာ၊ မြောက်ဦးမြို့နယ်မှ လက္ကာကျေးရွာနှင့် မင်းပြားမြို့နယ်မှ ဖားပြိုကျေးရွာတို့မှ နေအိမ် ၃၀၀ ခန့်ကို အစိုးရမှ ပြန်လည်ဆောက်လုပ်ပေးထားပြီး ကျန်နေအိမ် ၁၀၀၀ ကျော်ကို ငွေကြေးထောက်ပံ့မှုလည်း တစုံတရာမရရှိသေးကြောင်း စုံစမ်းသိရှိရသည်။  

နေအိမ်ဆောက်လုပ်ပေးရာတွင်လည်း လုံးဝပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ငွေကျပ်သိန်း ၅၀၊ တချို့တဝက်ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ငွေကျပ်သိန်း ၂၀ စီ ပြည်နယ်စစ်ကောင်စီမှ ထောက်ပံ့ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်မှာ တိုက်ပွဲကာလအတွင်း ပျက်စီးသွားသည့်နေအိမ်များကို အစိုးရအနေဖြင့် မည်သို့ဆောင်ရွက်နေကြောင်း၊ မည်သို့ေဆောင်ရွက်ပေးမည်ကိုသိရှိနိုင်ရန် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို DMG မှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လတ်တလောတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ဗီဒီယိုများ