နမ့်ခမ်းစစ်ဘေးရှောင် တစ်သောင်းကျော်အတွက် အရေးပေါ်အကူညီများ လိုအပ်နေ

နိုဝင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးမှာ ဦးခေါင်းတွင် ကျည်စထိမှန်၍ သေဆုံးခဲ့ရသည်။ 

By Admin 24 Nov 2023

နမ့်ခမ်းမြို့ဝင်တစ်နေရာ (ဓာတ်ပုံ - CJ)
နမ့်ခမ်းမြို့ဝင်တစ်နေရာ (ဓာတ်ပုံ - CJ)

DMG ၊ နိုဝင်ဘာလ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှ ထွက်ပြေးနေရသည့် ဒေသခံတစ်သောင်းကျော်အတွက် အဝတ်အထည်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (Ta'ang Women's Organization – TWO)နှင့် စစ်ဘေးရှောင်ကူညီ‌ရေး လုပ်ဆောင်နေသူများထံက သိရသည်။

နမ့်ခမ်းမြို့နယ်တွင် တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်နေပြီး နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက် စည်ပင်ရုံးအရှေ့ဘက်ကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ နိုဝင်ဘာလ ၂၁ ရက်နေ့က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်။

“တိုက်ပွဲဖြစ်တာနဲ့ လက်နက်ကြီးပစ်တာဆိုတော့ စစ်‌ရှောင်တွေ နယ်ဘက်က ရွာတွေနဲ့ ရွာဘုန်းကြီးကျောင်းတွေမှာ နေရတယ်။ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့အဝတ်အထည်တွေ လိုနေပြီ။ အဓိက အနွေးထည်တွေလိုနေတာ။ ရာသီဉတုက အရမ်အေးနေပြီ” ဟု စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးမှာ ဦးခေါင်းတွင် ကျည်စထိမှန်၍ သေဆုံးခဲ့ရသည်။ ယင်းအပြင် အသက် ၃ နှစ်ကျော် ကလေးငယ်နှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသား ၃ ဦးမှာ ခြေထောက်၊ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသွားခဲ့သည်။

“အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက ဦးခေါင်းလက်နက်ကြီးကျည်စမှန်ပြီး အသက်ဆုံးသွားတယ်။ အသက် ၃ နှစ်အရွယ်ကလေး ဒဏ်ရာပြင်းတယ်။ ခြေထောက်ဖြတ်ရမယ့်အခြေအနေ။ အမျိုးသား ၃ ဦးက ဦးခေါင်းနဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာပြင်းတယ်။ ‌ခြေထောက်တွေလည်း လက်နက်ကြီးကျည်စ မှန်ထားတယ်။ နမ့်ခမ်းဆေးရုံကို တင်ထားရတယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈၊ ၁၉ ရက်တွင်  နမ့်ခမ်းမြို့နယ်ရှိ ပန်းဆေးပြည်သူ့စစ်စခန်းနှင့် စစ်ကောင်စီစခန်း အချို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က သိမ်းပိုက်ခဲ့ပြီးနောက် အခြားစစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ နေ့စဉ်ရှိ‌နေကြောင်းTNLA သတင်းထုတ်ပြန်ထားသည်။

#D013 #DMG

ဗီဒီယိုများ