ထိုင်းတွင် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၃၀ ဦး သတ်မှတ်နယ်မြေကျော်လွန်မှုကြောင့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်ထဲတွင် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၃၀ ဦးကို သတ်မှတ်နယ်မြေကျော်လွန်မှုကြောင့် ဖမ်းဆီးလိုက်သည်ဟု ချင်းရိုင်ခရိုင်ရဲစခန်းက မေလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

By Admin 05 May 2023

ဓာတ်ပုံ - MAESAI PRESS
ဓာတ်ပုံ - MAESAI PRESS

DMG ၊ မေ ၅

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်ထဲတွင် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၃၀ ဦးကို သတ်မှတ်နယ်မြေကျော်လွန်မှုကြောင့် ဖမ်းဆီးလိုက်သည်ဟု ချင်းရိုင်ခရိုင်ရဲစခန်းက မေလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းရိုင်ခရိုင်နယ်စပ် ကီလို ၆၀ ခန့်အကွာ ချင်းရိုင်ကောလိပ်အနီးတွင် မေလ ၃ ရက်နေ့က အနက်ရောင်ကားနှစ်စီးကို စစ်ဆေးပြီး ယင်းသို့ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဖမ်းဆီးခံရသူများထဲမှ အများစုမှာ နယ်စပ်ဖြတ်ကျော်ခွင့် ရက်တိုလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရသူများထဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ လာရောက်ကြခြင်းဖြစ်ကာ အသက် ၂၉ နှစ်မှ ၄၅ နှစ်ကြား အမျိုးသား ၉ ဦး၊ အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီး ၁၀ ဦးနှင့် အသက် ၅ နှစ်မှ ၁၅ နှစ်ကြား ကလေးငယ် ၁၁ ဦး စုစုပေါင်း ၃၀ ဦးတို့ပါဝင်သည်ဟု ချင်းရိုင်ခရိုင်ရဲစခန်းက ထုတ်ပြန်သည်။

ဓာတ်ပုံ - MAESAI PRESS

ယခုအခါ ဖမ်းဆီခံရသူများကို Muang Chiang Rai နယ်မြေရဲစခန်းတွင် စစ်ဆေးလျက်ရှိပြီး ကားမောင်းပို့ဆောင်သူ ၂ ဦးဖြစ်သည့် ယာဉ်မောင်း မစ္စတာ အိုကဒ်၊ အသက် ၄၄ နှစ် မစ္စတာဆမ်ချိုင်း၊ အသက် ၂၂ နှစ် တို့ကိုလည်း တရားမဝင်နိုင်ငံခြားသားများ တင်ဆောင်လာမှုဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်းထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာသူများရှိနေပြီး အလုပ်အကိုင်ရှာဖွေရန် တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လာသူများလည်း ရှိနေသည်။

မေလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ ထောင်ဖာဖွန်နယ်စပ်နဲ့ ချင်းရိုင်ပြည်နယ်ထဲတွင် တရားမဝင်လာရောက်သည့် မြန်မာနိုင်ငံသား ၁၃၀ လောက်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနှင့် အရေးယူဆောင်ရွက်ရန်ပြင်ဆင်နေကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

#F001

ဗီဒီယိုများ