စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေ၍ ရမ်းဗြဲဒေသခံ သောင်းချီ ထွက်ပြေးနေရဆဲ 

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နှင့်အနီးတဝိုက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေ၍ ဒေသခံသောင်းချီမှာ တိုက်ပွဲဖြစ်သည့်နေ့ကစပြီး ယနေ့အချိန်ထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည်။

By Admin 20 Dec 2023

နေရပ်စွန့်ခွာထွက်ပြေးနေသည့် ရမ်းဗြဲဒေသခံများအား ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Ko Ko Naing
နေရပ်စွန့်ခွာထွက်ပြေးနေသည့် ရမ်းဗြဲဒေသခံများအား ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Ko Ko Naing

ရမ်းဗြဲမြို့ထွက်ဝအနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက မြို့နှင့် အနီးနားရွာများကို လက်နက်ကြီးပစ်ခြင်း၊ နေ့လယ်ပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်းနှင့် ရေကြောင်းရှိ နေဗီမှလည်း လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။ 

အဆိုပါပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားသည့်အပြင် လူနေအိမ်အချို့နှင့် ဆီဆိုင်တန်းလည်း မီးလောင်သွားခဲ့သည်။ 

ယနေ့ ဒီဇင်ဘာ ၂၀ ရက်တွင်လည်း စစ်ကောင်စီနေဗီက လက်နက်ကြီးပစ်ခတ်နေပြီး ကျေးရွာအချို့၌ ကျရောက်ပေါက်ကွဲမှုများရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ 

“လက်ပန်ရွာကို ဒီနေ့ မနက်ပိုင်းက လက်နက်ကြီးတစ်လုံး ကျတယ်။ လူတွေတော့ မထိဘူး။ စစ်ကောင်စီနေဗီက အချိန်ပြည့်ဆိုသလို လက်နက်ကြီးနဲ့လှမ်းပစ်နေတော့ ဘယ်အချိန် ကိုယ့်ဆီလာကျမလဲမသိဘူး” ဟု ထွက်ပြေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။ 

လတ်တလောတွင် ရမ်းဗြဲမြို့နယ် လက်ပန်အဝ၊ လက်ပန်အညှာ၊ ကျက်သရေ၊ ပြိုင်းချောင်း၊ ခမောင်းခြေတိုင် စသည့်ကျေးရွာများနှင့် မြို့နေပြည်သူ စုစုပေါင်း လူဦးရေ ၁၃,၀၀၀ ခန့်မှာ လုံခြုံရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ရမ်းဗြဲမြို့အတွင်း၌ လူဦးရေ ရာဂဏန်းဝန်းကျင်သာ ကျန်ရှိခဲ့ကြောင်း သိရသည်။ 

“တိုက်ပွဲစဖြစ်တဲ့နေ့က မြို့နားက ရွာတစ်ရွာမှာ ထွက်ပြေးနေကြတာ။ ဒါပေမယ့် အဲဒီရွာမှာလည်း မလုံခြုံတော့လို့ အဝေးကို ထပ်ပြီး ထွက်ပြေးနေကြတယ်။ အခု အထုပ်အပိုးတွေနဲ့ လမ်းမှာပဲ ရှိသေးတယ်” ဟု ရမ်းဗြဲမြို့ပေါ်မှ ထွက်ပြေးလာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ 

ရမ်းဗြဲမြို့ခံ နောက်တစ်ဦးက “မြို့ကို ပြန်သွားဖို့ကလည်း အဆင်မပြေဘူး။ အသက်အာမခံချက် မရှိဘူးလေ။ နေဗီကလည်း လူရှိတဲ့နေရာတွေကိုပဲ လှမ်းပစ်နေတာ” ဟု ပြောသည်။ 

ဒီဇင်ဘာ ၁၈ ရက် ရမ်းဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ မထုတ်ပြန်သေးပေ။  

နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် တတိယအကြိမ် ရခိုင်တိုက်ပွဲမှာ တဖြည်းဖြည်းပြင်းထန်လာနေပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ တောင်ကုတ်၊ အမ်း၊ မြေပုံနှင့် ရမ်းဗြဲမြို့နယ်အထိ တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာသည်။ 

ဗီဒီယိုများ