ရမ်းဗြဲမြို့တွင် စစ်ကောင်စီက ဂျတ်တိုက်လေယာဉ်ဖြင့် ပစ်ခတ်သဖြင့် နေအိမ်အချို့ပျက်စီး

ရခိုင်ပြည်တောင်ပိုင်းဒေသ ရမ်းဗြဲမြို့တွင် ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  စစ်ကာင်စီက ဂျတ်တိုက်လေယာဉ်ဖြင့် ၂ ကြိမ်အထိ လာရောက်ဗုံးကြဲခဲ့ကြောင်း သိရသည်။  

By Admin 26 Dec 2023

 စစ်ကောင်စီလေတပ် ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက် အခမ်းအနားတွင် စစ်ရေးပြနေသော စစ်လေယာဉ်။ (ဓာတ်ပုံ - CINCDS)
စစ်ကောင်စီလေတပ် ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက် အခမ်းအနားတွင် စစ်ရေးပြနေသော စစ်လေယာဉ်။ (ဓာတ်ပုံ - CINCDS)

ရမ်းဗြဲတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့  ဒီဇင်ဘာ ၁၈ ရက်မှစ၍ ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့သော်လည်း ယမန်နေ့တွင်မူ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အင်းတောင်ရပ်ကွက်မှ အထက (၁) စာသင်ကျောင်းနှင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

“လေယာဉ်ကပစ်တဲ့ ဗုံးသီးကြောင့် နေအိမ်တစ်လုံး ပျက်စီးသွားတယ်။ နောက်တစ်လုံးက စာသင်ကျောင်းနားမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းက နံရံတစ်ချို့ထိခိုက်သွားတယ်။ နောက်ထပ် ဗုံးသီးကျတဲ့နေရာတွေ ရှိပေမဲ့ အသေးစိတ်တော့ မသိရသေးဘူး” ဟု ရမ်းဗြဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ညနေ ၄ နာရီကျော်အချိန်တွင်  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ကိုယ်ရံတောင်ဘုရားတက်လမ်းနှင့် လူနေအိမ်တချို့ ပျက်စီးခဲ့ကြောင်း AA က ဒီဇင်ဘာ ၂၅ ရက်၊ ည ၁၂ နာရီအချိန်တွင် ထုတ်ပြန်သည်။ ရမ်းဗြဲမြို့အနီးရှိ ကျေးရွာများကိုလည်း ဗုံးသီး၊ အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌ေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

ရမ်းဗြဲမြို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပသည့်နေ့မှစ၍  မြို့ပေါ်နှင့် မြို့အနီးကျေးရွာများမှ ဒေသခံများမှာ ဘေးကင်းလုံခြုံမည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ သို့သော်လည်း တချို့တစ်ဝက်မှာ မြို့ပေါ်၌ ကျန်ရှိခဲ့ပြီး လက်ရှိမှာ ဖုန်းလိုင်းများ ပြတ်တောက်နေသဖြင့် ဆက်သွယ်ရခက်ခဲနေကြောင်း သိရသည်။ 

“တချို့က ပစ္စည်းတွေကိုရွှေ့ပြောင်းဖို့ ကျန်ခဲ့ကြသလို တချို့ကလည်း အခြေအနေတွေကို စောင့်ကြည့်ဖို့ဆိုပြီး ကျန်ခဲ့ကြတာလည်းရှိတယ်။ အခုတော့ သူတို့နဲ့ အဆက်အသွယ်ပြတ်နေတယ်။ သူတို့ အခြားအနေရာတွေကို ပြောင်းရွေ့သွားကြပြီလား ဆိုတာကိုတော့ တပ်အပ်မပြောနိုင်သေးဘူး” ဟု တိမ်းရှောင်လာသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရမ်းဗြဲမြို့နယ်တွင် ဒီဇင်ဘာ ၁၈ ရက်က စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ဂျတ်တိုက်လေယာဉ်အပြင်၊ ကုန်းကြောင်း၊ ရေကြောင်း နေဗီတို့မှလည်း လက်နက်ကြီး/ငယ်များ ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားရှိ ကျေးရွာများကို ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီပစ်ခတ်မှုကြောင့် လောင်းချောင်းရပ်ကွက်မှ ဦးမောင်ဇိတ်(၄၆)နှစ် သေဆုံးခဲ့ပြီး မအေးဝါချေ (၁၅)နှစ်၊ မတိုးဝါချေ (၁၃)နှစ်နှင့် ညောင်ပင်လှကျေးရွာမှ ဦးစိန်ရွှေဦး( ၆၁)နှစ်တို့မှာ ဒဏ်ရာအသီးသီး ရရှိသွားခဲ့သည်။  

ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲနယ်မြေမှာ တဖြည်းဖြည်းကျယ်ပြန့်လာပြီး စစ်ဘေးရှောင် ဦးရေမှာလည်း ၁၄၀,၀၀၀ ကျော်ရှိလာနေကြောင်း အရပ်ဘက်အဖွဲ့အစည်း စာရင်းများအရ သိရသည်။

ဗီဒီယိုများ