ချင်းရွှေဟော်နှင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်မြို့ရှိ ရော်ဘာတော စစ်တပ် ဗျူဟာကုန်း၊ ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာန စခန်းနှင့် မြို့အဝင်အထွက်ဂိတ်တို့ကို ယနေ့ နံနက် ၄ နာရီတွင် ကိုးကန့် MNDAA ပူးပေါင်းအဖွဲ့များ တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်နေသည်။

By Admin 27 Oct 2023

ချင်းရွှေဟော်နှင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲပြင်းထန်နေ

DMG ၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်မြို့ရှိ ရော်ဘာတော စစ်တပ် ဗျူဟာကုန်း၊ ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာန စခန်းနှင့် မြို့အဝင်အထွက်ဂိတ်တို့ကို ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ၄ နာရီတွင် ကိုးကန့် MNDAA ပူးပေါင်းအဖွဲ့များ တိုက်ခိုက်ပြီးနောက် လတ်တလောတွင် တိုက်ပွဲပြင်းထန်နေသည်။

လက်ရှိတွင် ချင်းရွှေဟော်မြိုကို ကိုးကန့်အဖွဲ့(MNDAA) ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားပြီး မြို့ဝင်ထွက်ဂိတ်ကို ယာယီပိတ်ပင်ထားကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။

“မြို့အထွက်နဲ့ ဘာတောဗျူဟာကုန်းရယ် ဖောင်ဆိပ်အကောက်ခွန်ဦးစီးဌာနရုံးနဲ့ မြို့အဝင်အထွက်ဂိတ်မှာ ဒီမနက်အစောကြီး ဝင်စီးခံရတယ်။ ရဲတွေ စစ်တပ်တွေ သေတာ မနည်းဘူး။ အခု ၁၀ နာရီခွဲအထိ နှစ်ဖက်တိုက်ပွဲ ဖြစ်နေတုန်းပဲ” ဟု ချင်းရွှေဟော် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီနှင့် ရဲအင်အား ၅၀ ကျော် ကျဆုံးခဲ့ကာ ချင်းရွှေဟော်သို့ ဆက်သွယ်ထားသည့် သိန္နီ-ကွမ်းလုံ-ဟိုပန်-မိုင်းမောလမ်း နမ့်တိမ်တံတားကို ဖောက်ခွဲဖျက်ဆီးထားကြောင်း ကိုးကန့်တပ်နှင့်နီးစပ်သူ သတင်းရင်းမြစ်ထံမှ သိရသည်။

“မြို့ထဲက စစ်တပ်ရော ရဲတွေ အကုန်ကျသွားပြီ။ မြို့ထဲမှာ MNDAA တပ်တွေ နေရာယူထားပြီ။ နောက်ပြီး စစ်ကောင်စီတပ်တွေ လာနိုင်တဲ့ နမ့်တိမ်တံတားကိုလည်း မိုင်းခွဲလိုက်ပြီ။ မြို့ခံတွေကိုတော့ “ဝ”ပြည်နယ်ဘက်ကို ရှောင်ခိုင်းထားတယ်” ဟု မြေပြင်သတင်းအရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ချင်းရွှေဟော်မြို့ခံ ငါးသောင်းကျော်မှာ “ဝ”ပြည်နယ် နမ့်တစ်မြို့သို့ ထွက်ပြေးနေရပြီး မြို့အပြင်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုများရှိနေကြောင်း ပြောဆိုကြသည်။

“မြို့ထဲမှာ MNDAA တပ်တွေပဲ ရှိတော့တယ်။ မြို့ခံတွေအကုန် “ဝ” ပြည်ဘက် ရှောင်နေရပြီ။ နမ့်တစ်ဘက်ကို ရှောင်နေရတယ်။ တရုတ်နယ်စပ်ဂိတ်ကို ပိတ်လိုက်ပြီ။ မြို့အထွက်မှာ စစ်တပ်က ရဟတ်ယာဥ်တွေနဲ့ဝဲပြီး ပစ်နေတယ်” ဟု ထွက်ပြေးနေရသည့် ချင်းရွှေဟော်မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် လားရှိုး-ချင်းရွှေဟော်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို MNDAA ပူးပေါင်းအဖွဲ့က သွားလာခွင့်ပိတ်ပင်ထားမှုကြောင့် ချင်းရွှေဟော်မြို့အတွင်းသို့ ဝင်ရောက်မည့် ဒေသခံ ကုန်တင်ယာဥ်နှင့် ခရီးယာဥ်ကားများမှာ လားရှိုး-ချင်းရွှေဟော် ကားလမ်းမ၌ ပိတ်မိနေကြောင်း သိရသည်။

“လားရှိုး- မူဆယ်နဲ့ လားရှိုး-ချင်းရွှေဟော်လမ်း သွားမရတော့ဘူး။ လမ်းပိတ်ထားတယ်။ လားရှိုးဘက်ကို ပြန်လှည့်နေရတယ်။ နမ့်တိမ်တံတားလည်း ကျိုးသွားပြီ။ စစ်တပ်က သံချပ်ကားတွေရော စစ်ကားတွေနဲ့ ချင်းရွှေဟော်ကို တက်သွားတာတွေ့နေရတယ်” ဟု ချင်းရွှေဟော်-လားရှိုး ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ဆိုသည်။

အဆိုပါ ချင်းရွှေဟော်အပါဝင် ရှမ်းမြောက်ဒေသ တိုက်ပွဲနှင့်ပတ်သက်ပြီး  စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “လောက်ကိုင်ရဲ့ အနောက်ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ တပ်မတော် စခန်းတွေကတော့ ကျဆုံးခဲ့တာ မရှိဘူး။ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင် ပြည်သူ့စစ်စခန်း ၂ ခုလောက် ကျဆုံးခဲ့တာရှိတယ်။ လောက်ကိုင်ရယ်၊ ချင်းရွှေဟော်ရယ်၊ ကွမ်လုံအရှေ့ဘက်ခြမ်းဘက်မှာတော့ MNDAA က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ သိန္ဒီအနီးတဝိုက်နဲ့ လားရှိုးအရှေ့ဘက်မှာရှိတဲ့ လုံခြုံရေးနေရာတစ်ခုကိုတော့ TNLA နဲ့ AA နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်” ဟု VOA သတင်းဌာနကို ဖြေဆိုထားသည်။

အဆိုပါ ရှမ်းမြောက်တိုက်ပွဲများတွင် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ဖြစ်သည့် ကိုးကန့် (MNDAA) ၊ တအာင်း (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA)နှင့်အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA အပါအဝင် အခြားတော်လှန်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

ယနေ့ အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင်မြန်မာနိုင်ငံအတွင်း အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး၊ Online Game(ကျဖျင်) ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းနိုင်ရေးအတွက် ၁၀၂၇ စစ်ဆင်ရေးကို စတင်ဆင်နွှဲနေကြောင်း ဖော်ပြသည်။

#F004

ဗီဒီယိုများ