မြောက်ဦးမြို့တွင်းရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းအချို့ကို အမျိုးသားတစ်ဦး လုယက်ထွက်ပြေး

ရခိုင်ပြည် မြောက်ဦးမြို့တွင် ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းအချို့ကို အမျိုးသားတစ်ဦးက လုယက်ထွက်ပြေးမှု ယနေ့ နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့သည်။

By Admin 07 Apr 2023

လုယက်ခံရသည့် ရွှေထည်များနှင့် လုယက်မှုကျူးလွန်သူအား မြင်တွေ့ရစဉ်။
လုယက်ခံရသည့် ရွှေထည်များနှင့် လုယက်မှုကျူးလွန်သူအား မြင်တွေ့ရစဉ်။

DMG ၊ ဧပြီ ၇

ရခိုင်ပြည် မြောက်ဦးမြို့တွင် ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းအချို့ကို အမျိုးသားတစ်ဦးက လုယက်ထွက်ပြေးမှု ယနေ့ နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရွှေဆိုင်မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

မြောက်ဦးမြို့၊ တောင်ရပ်(၅)လမ်းတွင် ဖွင့်လှစ်ထားသည့် “ဦးစိန်ရွှေဌေး နှင့် ဒေါ်မသိန်းတင်” ရွှေဆိုင်ကို အမျိုးသားတစ်ဦးရောက်ရှိလာပြီး ရွှေဝယ်ချင်ယောင်ဆောင်ကာ လုယက်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဉ်ကတော့ ဒီနေ့မနက် ၉ နာရီလောက်မှာ ဖြစ်သွားတာ။ ဆိုင်ကို ရွှေလာဝယ်ချင်ယောင်ဆောင်တယ်။ ရွှေထည်ပစ္စည်းတွေပြနေတဲ့အချိန်မှာ ရေဆာတယ်ဆိုပြီးပြောတယ်။ ဆိုင်ရှင်က သောက်ရေယူဖို့ အိမ်ထဲမှာရှိတဲ့ မိသားစုဝင်တစ်ယောက်ကို ပြောနေတဲ့အချိန်မှာ ပြထားတဲ့ရွှေထည်ပစ္စည်းတချို့ကို ယူဆောင်ထွက်ပြေးသွားတာပါ” ဟု ရွှေဆိုင်ပိုင်ရှင် မိသားစုဝင်တစ်ဦးက DMG ကိုပြောသည်။ 

လုယက်ခံရမှုကြောင့် ရွှေဆိုင်အတွင်းပြသထားသည့် ရွှေခြေချင်း ၂ ရံ (လေးကွင်း)၊ ဒင်္ဂါးပြားများပါ ရွှေဆွဲကြိုး ၁ကုံး (စုစုပေါင်း ရွှေကျပ်သား ၂၀ခန့်) ပါသွားကြောင်း သိရသည်။

“လုသွားတဲ့ကောင်က မြို့ပေါ်ရပ်ကွက်ကတော့ မဟုတ်ဘူး။ ဒါပေမယ့် မြင်တော့မြင်ဖူးချင်သယောင်ရှိတယ်။ သူက ဆိုင်ကို ဆိုင်ကယ်နဲ့တိုက်ရိုက်လာတာ မဟုတ်ဘူး။ ရွှေဆိုင်နဲ့မနီးမဝေးမှာရှိတဲ့ တစ်နေရာမှာ ဆိုင်ကယ်ကို ရပ်ထားတယ်။ ရွှေထည်တွေကို လုပြီး ထွက်ပြေးတယ်။ ဆိုင်ကယ်ထားတဲ့နေရာကို ရောက်အောင်ပြေးပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတာ ဖြစ်ပါတယ်” ဟု ရွှေဆိုင်မိသားစုဝင်က ဆက်လက်ပြောသည်။

လက်ရှိတွင် ယင်းလုယက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနေပြီဖြစ်ကြောင်း သိရသည်။ 

ဗီဒီယိုများ