- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
မှတ်ပုံတင်ခွင့်ရ ရခိုင်ပါတီများကို လက်နက်ကိုင်အဖွဲ့များနှင့် မပတ်သက်ရန် စစ်ကောင်စီပြော
ရခိုင်ပြည်က မှတ်ပုံတင်ခွင့် ရရှိထားသည့် နိုင်ငံရေးပါတီများအနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မပတ်သက်ရန် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ပြောကြားလိုက်သည်။
12 Jul 2023

DMG ၊ ဇူလိုင် ၁၂
ရခိုင်ပြည်က မှတ်ပုံတင်ခွင့် ရရှိထားသည့် နိုင်ငံရေးပါတီများအနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မပတ်သက်ရန် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ပြောကြားလိုက်သည်။
စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်နှင့် ရခိုင်နိုင်ငံရေးပါတီများဖြစ်သော ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခမီအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသား ဖွံဖြိုးတိုးတက်ရေးပါတီ တို့သည် ဇူလိုင် ၁၁ ရက်နေ့က စစ်တွေမြို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)တွင် တွေ့ဆုံခဲ့ကြသည်။
ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးလေကျော်သာက “နိုင်ငံရေးပါတီတွေအနေနဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့ ကိုက်ညီအောင်ဆောင်ရွက်ဖို့ မှာကြားတယ်။ နောက်ပြီးတော့ ဥပဒေမှာပါတဲ့ စည်းမျည်းစည်းကမ်းတွေနဲ့အညီ လက်နက်ကိုင်အဖွဲ့တွေနဲ့ မပတ်သက်ဖို့ရယ်၊ ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင်အင်အား ပြည့်မီအောင် စည်းလုံးဖို့ ပြောကြားခဲ့ပါတယ်” ဟု DMG ကို ပြောသည်။
ထိုတွေ့ဆုံပွဲတွင် ဦးအောင်မိုးမြင့်က နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်သည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အားများ ပြည့်မီအောင်စည်းရုံးရန်နှင့် ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းများဖွင့်လှစ်ရန် ကိစ္စများကိုလည်း ပြောကြားခဲ့ကြောင်း ယနေ့ထုတ် မြန်မာအလင်းသတင်းစာတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အဆင့် ဝင်ပြိုင်မည် နိုင်ငံရေးပါတီများအနေဖြင့် ပါတီဝင်အင်အား လူဦးရေ ၁,၀၀၀ စည်းရုံးရမည်ဖြစ်ပြီး အနည်းဆုံး မြို့နယ် ၅ ခုတွင် ပါတီရုံးခန်းများ ဖွင့်လှစ်ရမည်ဖြစ်သည်။
မြိုတိုင်းရင်းသားပါတီ ဥက္ကဌ ဦးအေးထွန်းက “ကျနော်တို့ပါတီကတော့ လက်ရှိအချိန်ထိ ပါတီရုံးခန်းဖွင့်ဖို့ အဆင်သင့်မဖြစ်သေးဘူး။ ပြည်နယ်အဆင့်ဝင်ပြိုင်မှာဆိုတော့ ပါတီဝင်အင်အား ၁,၀၀၀ စည်းရုံးရမှာပေါ့။ ကျနော်တို့ပါတီက ပါတီငယ်ဆိုတော့ ငွေရေး၊ ကြေးရေးတွေက နည်းနည်းအခက်အခဲရှိတယ်” ဟု ပြောသည်။
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် အချိန်အတိအကျကို တရားဝင်ပြောကြားခြင်း မရှိသေးပေ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၁၁ ရက်နေ့က စစ်တွေမြို့ရှိ စစ်တပ်အရာရှိများနှင့် တွေ့ဆုံစဉ် နိုင်ငံတည်ငြိမ်အေးချမ်းအချိန်မှသာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောဆိုခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ပြည်သူစိတ်ဝင်စားမှုနည်းပါးပြီး နိုင်ငံအတွင်း လက်ရှိဖြစ်ပျက်နေသော လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံရေးရှုပ်ထွေးမှုများကြောင့် ရွေးကောက်ပွဲဖြစ်လာနိုင်ခြေ နည်းပါးကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် ရခိုင်တွင် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆ ခုရှိပြီး ယင်းအထဲမှ ရခိုင်အမျိုးသားပါတီ (ANP) ကို လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့် မပြုသေးပေ။
#R007