ပုလောတွင် စက်သုံးဆီ သယ်ယူပို့ဆောင်ခွင့် စစ်ကောင်စီပိတ်ထား

ပုလောမြိုကနေ စက်သုံးဆီ ပုံမှန်တင်ပို့နေသော မြို့နယ်ခွဲများဖြစ်သည့် ပလနှင့်ပလောက်မြို့များသို့ ဆီသယ်ယူဖြန့်ဖြူးခြင်းများကို လုံးဝ ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

By Admin 28 Feb 2023

ပုလောက စက်သုံးဆီအရောင်းဆိုင် တစ်ခုကိုတွေ့ရစဉ်။ ဓာတ်ပုံ - CJ
ပုလောက စက်သုံးဆီအရောင်းဆိုင် တစ်ခုကိုတွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် စက်သုံးဆီသယ်ဆောင်ခွင့်ကို ဖေဖော်ဝါရီလ ၂၆ ရက်ကစပြီး စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံက သိရသည်။

ပုလောမြိုကနေ စက်သုံးဆီ ပုံမှန်တင်ပို့နေသော မြို့နယ်ခွဲများဖြစ်သည့် ပလနှင့်ပလောက်မြို့များသို့ ဆီသယ်ယူဖြန့်ဖြူးခြင်းများကို လုံးဝ ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ဆီသယ်ယူပို့ဆောင်ခွင့် ပိတ်ပင်ထားသည့်အတွက် ပလမြို့တွင် စစ်သုံးဆီပြတ်လပ်မှုနှင့် ကြုံနေရကြောင်း ဆီလုပ်ငန်းရှင်များက ဆိုသည်။

“ဆီသယ်ယာဉ်တွေ မြို့ထဲကို လုံးဝ ပေးမဝင်တော့ဘူး။ ဒီမှာက ဓာတ်ဆီကိုပဲ အများဆုံးသုံးတာ။ အခု လက်ကျန်ဓာတ်ဆီတွေကိုပဲ ရောင်းနေရတယ်။ လက်ကျန်ကုန်သွားရင်တော့ ဆိုင်ပိတ်ရတော့မယ့်သဘောဖြစ်နေပြီ” ဟု ပလမြို့မှ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ပလောက်မြို့တွင်း၌လည်း လက်ရှိတွင် ဓာတ်ဆီ ၉၂ အမျိုးအစား တစ်လီတာကို ၃,၅၀၀ ကျပ်ဝန်းကျင်၊ ၉၅ အမျိုးအစား တစ်လီတာကို ၄,၅၀၀ ကျပ်ဝန်းကျင်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာကို ၃,၈၀၀ ကျပ်ဝန်းကျင်နှင့် ဒီဇယ်(ပရီမီယံ)တစ်လီတာကို ၅,၀၀၀ ကျပ်ဝန်းကျင်ထိ စျေးမြင့်တက်နေကြောင်း မြို့ခံများထံမှ သိရသည်။

ထိုသို့ ဆီစျေးနှုန်းမြင့်တက်နေမှုနှင့်အတူ စက်သုံးဆီအရောင်းဆိုင်များမှာလည်း အကန့်အသတ်ဖြင့်သာ ရောင်းချနေရပြီး အရောင်းဆိုင်ဆိုင်တချို့ ပိတ်ထားရခြင်းများရှိလာနေသည့်အတွက် ဒေသခံများမှာ သွားလာရာတွင် အခက်အခဲများဖြစ်နေရကြောင်း ပလောက်မြို့ခံတစ်ဦးက ဆိုသည်။

“ဆီစျေးတွေ အရမ်းတက်တယ်။ ဆိုင်တွေမှာလည်း အကန့်အသတ်နဲ့ ရောင်းနိုင်တော့တယ်။ တချို့ဆိုင်တွေဆို ပိတ်လိုက်ရပြီ။ စက်သုံးဆီတွေ ထပ်မရတော့ရင် သွားလာဖို့အတွက် အခက်အခဲဖြစ်သွားမယ်” ဟု ၎င်းကပြောသည်။ 

ထို့အပြင် ပုလောမြို့မှာ ရပ်ကွက်အတွင်းသာ ဆီသယ်ခွင့် ပြုထားပြီး မြို့အဝင်အထွက် ဂိတ်တို့တွင် လောင်စာဆီသယ်ဆောင်လာခြင်း ရှိ/မရှိကို စစ်ကောင်စီတပ်က စစ်ဆေးမှုများရှိနေကြောင်း သိရသည်။

“ မြို့အတွင်းက ပုလောရဲစခန်းနဲ့ ခလရ (၂၈၅) တပ်ရင်းတွေရှိတဲ့ ရပ်ကွက် ၅ ခုကို ဓာတ်ဆီ စိတ်ကြိုက်သယ်ယူခွင့်ပေးထားတယ်။ ပုလောမြို့အဝင်နဲ့ အထွက်မှာရှိတဲ့ စစ်ကောင်စီဂိတ်တွေမှာတော့ ဆီတွေ ခိုးသယ်လာတာရှိမရှိ စစ်ဆေးတာ၊ တွေ့ရင် သိမ်းဆည်းတာရှိတယ် ” ဟုပုလောမြို့ခံတစ်ဦးကပြောသည်။

ထိုသို့ပုလောမြို့မှ ပလနှင့် ပလောက်မြို့များသို့ စစ်ကောင်စီက စက်သုံးဆီ သယ်ယူပို့ဆောင်ခွင့် ပိတ်ပင်မှုနှင့်ပက်သက်ပြီး ပုလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

ပုလောမြို့နယ်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကစပြီး စစ်ကောင်စီက ဆန်သယ်ယူပို့ဆောင်ခွင့် ပိတ်ပင်ခဲ့ပြီး ထပ်မံ၍ လောင်စာဆီသယ်ဆောင်ခွင့်ကိုပါ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်တွင် လောင်စာဆီသယ်ယူခွင့် ပိတ်ပင်ထားခြင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့်နေရာများကို လောင်စာဆီ မရောက်နိုင်ရေးအတွက် ပိတ်ပင်ထားခြင်းဟုလည်း သုံးသပ်မှုများရှိနေသည်။

ပုလောမြို့နယ် ပုလောဖျားအုပ်စု၊ နန်းတောင်အုပ်စု၊ မိကျောင်းသိုက်အုပ်စုနှင့် ကဒဲအုပ်စုတို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက နယ်မြေစိုးမိုးထားမှုရှိပြီး စစ်ကောင်စီတပ်နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည်။

#F004

ဗီဒီယိုများ