အထူးကုဆရာဝန်အဖွဲ့၏ အခမဲ့ ဆေးကုသပေးမှုကို ပေါက်တောဒေသခံ ၂,၀၀၀ ခန့် လာရောက်ဆေးကုသ

ဆေးလာရောက်ကုသသူများထဲတွင် မျက်စိနှင့် အထွေထွေရောဂါကို လာရောက်ကုသသူ များပြားကြောင်း ပေါက်တောမြို့၊ နာရေးကူညီမှုအသင်းမှ သိရသည်။ 

By Admin 04 Feb 2023

အထူးကုဆရာဝန်အဖွဲ့၏ အခမဲ့ ဆေးကုသပေးမှုကို ပေါက်တောဒေသခံ ၂,၀၀၀ ခန့် လာရောက်ဆေးကုသ

ဆေးကုသမှုခံယူရန် ရောက်ရှိလာကြသော ပေါက်တောဒေသခံများအား တွေ့ရစဉ်။

DMG ၊ ဖေဖော်ဝါရီ ၄ 

ရခိုင်ပြည်၊ ပေါက်တောမြို့တွင် အထူးကုဆရာဝန်များအဖွဲ့မှ အခမဲ့ ဆေးကုသပေးမှုကို ပေါက်တောမြို့နယ်အနှံ့မှ ဒေသခံ ၂,၀၀၀ ခန့် လာရောက် ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။  

အထူးကုဆရာဝန် ၂၀ ကျော်အပါအဝင် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၇၀ ကျော်ပါဝင်သော အဖွဲ့သည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပေါက်တောမြို့အတွင်း နေရာ ၃ ခုခွဲကာ မျက်စိ၊ သွား၊ အရိုးအကြော၊ အရေပြား၊ စိတ်ကျန်းမာရေး၊ သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါများအား အခမဲ့ ဆေးကုသပေးခဲ့ခြင်းဖြစ်ပြီး ပေါက်တောမြို့ရှိ ပရဟိတလူမှုအဖွဲ့အစည်းအချို့နှင့် ကြက်ခြေနီတပ်ဖွဲ့တို့ကပါ ပူးပေါင်းကူညီပေးခဲ့ကြသည်။ 

အပြင်ဆေးခန်းများတွင် သွားပြလျှင် ငွေကြေးအမြောက်အများ ကုန်ကျမှုများရှိနေသည့်အတွက် ယခုကဲ့သို့ အခမဲ့ ဆေးကုသပေးနေမှုသို့ လာရောက်ကုသမှုခံယူခြင်းဖြစ်ကြောင်း ပေါက်တောမြို့၊ အမှတ် (၅) ရပ်ကွက်နေ ဦးမောင်စောတင်က ပြောသည်။ 

“ဒီမှာ ဆေးအခမဲ့ကုပေးမယ်ကြားလို့ လာခဲ့တာ။ မျက်စိနေမကောင်းဘူး။ မျက်စိမှာ တိမ်စွဲနေသလို ခံစားရတယ်။ သိပ်မမြင်ရဘူး။ အပြင်ဆေးခန်းမှာတော့ တစ်ခါမှ မပြဖူးသေးဘူး။ ပိုက်ဆံမရှိတော့ ဆေးခန်းမှာ ပြလို့မရဘူး။ အပြင်ဆေးခန်းတွေမှာ ပျောက်ကင်းအောင်ပြမယ်ဆိုရင် သုံးသိန်း၊ ငါးသိန်း အဲလို ကုန်ကျမယ်” ဟု ၎င်းက ပြောသည်။

ဆေးလာရောက်ကုသသူများထဲတွင် မျက်စိနှင့် အထွေထွေရောဂါကို လာရောက်ကုသသူ များပြားကြောင်း ပေါက်တောမြို့၊ နာရေးကူညီမှုအသင်းမှ သိရသည်။ 

ရခိုင်ပြည်တွင် ဆင်းရဲနွမ်းပါးသည့် ဒေသခံပြည်သူများပြားပြီး ကျန်းမာရေး မကောင်းသော်လည်း ဆေးဖိုး မတတ်နိုင်ကြသည့်အတွက် ယခုကဲ့သို့ အခမဲ့ဆေးခန်းများတွင် လာရောက်ကုသသူ များပြားလာခြင်းဖြစ်ကြောင်း ပေါက်တောမြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးက DMG ကို ပြောသည်။

“ကျနော်တို့ ရခိုင်ပြည်မှာ ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေ များလာတယ်ဆိုတော့ အခမဲ့ ဆေးကုသပေးတဲ့နေရာကို ဦးစားပေးလာကြတယ်။ ဆေးကုသစရိတ်တွေကလည်း ကြီးတယ်။ ကုန်ဈေးနှုန်းကလည်း တက်တယ်။ နောက်ပြီး ဆေးခန်းပြဖို့ဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေးကအစ အစစအရာရာ ကုန်ကျစရိတ်တွေများလာတော့ အခမဲ့လာကုကြတာပေါ့” ဟု ၎င်းက ပြောသည်။

အထူးကုဆရာဝန်များအနေဖြင့် လူနာများအား ရောဂါကိုစမ်းသပ်ကာ လိုအပ်သည့်ဆေးဝါးများကိုလည်း အခမဲ့ ပေးဆောင်ခဲ့ကြောင်း လူနာများ ပြောပြချက်အရ သိရသည်။

“အခုလို အခမဲ့ဆေးခန်းကို လာတာ ငွေကျပ်တည်းလို့ပါ။ အရင်က အပြင်ဆေးခန်းတွေမှာ ပြဖူးတယ်။ ငွေမလိုက်နိုင်ဘူး။ ဓါတ်မှန်ရိုက်တာတို့နဲ့ဆိုရင် ငွေတစ်သိန်း၊ နှစ်သိန်းလောက် ကုန်တယ်။ ဆေးခန်းပြလို့လည်း ဘာဖြစ်တယ်ဆိုတာကိုလည်း မသိရဘူး။ ဆေးပဲပေးလိုက်တယ်” ဟု ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာမှ ဒေါ်လှမြအေးက ပြောသည်။

ဆေးကုသပေးမှုကို ဖေဖော်ဝါရီ ၃ ရက်နေ့ တစ်ရက်တည်းသာ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး စာရင်းပေးကာ ကုသမှု မခံယူလိုက်ရသည့် အရေးကြီးလူနာများအား စစ်တွေမြို့သို့ ရက်ချိန်းပေးကာ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

#R005 

ဗီဒီယိုများ