စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်

မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြတ်ပြတ်ရေးအတွက် ပူးပေါင်းဆင်နွှဲသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA) ၊ တအာင်း (PSLF/TNLA) နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့က ယနေ့ထုတ်ပြန်သည်။

By Admin 27 Oct 2023

ညီနောင်မဟာမိတ် ၃ ဖွဲ့တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- AA Info Desk
ညီနောင်မဟာမိတ် ၃ ဖွဲ့တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- AA Info Desk

DMG ၊ အောက်တိုဘာ ၂၇

မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြတ်ပြတ်ရေးအတွက် ပူးပေါင်းဆင်နွှဲ သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA) ၊ တအာင်း (PSLF/TNLA) နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့မှ ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး၊ Online Game(ကျဖျင်) ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ၁၀၂၇ စစ်ဆင်ရေးကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်၍ စစ်ဆင်ရေးအမည်ကို ၁၀၂၇ ဟု အမည်ပေးထားခြင်းဖြစ်‌ကြောင်း သိရသည်။ 

ယင်းအပြင် တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများနှင့် မတူညီသော နိုင်ငံရေး၊ စစ်ရေး၊ စိန်ခေါ်မှုများကို ဆယ်စုနှစ်တစ်ခုနီးပါး အတူတကွ ခါးစည်းခံခဲ့ကြရသော်လည်း မယိမ်းမယိုင်သော ခံယူချက်၊ ဇွဲသတ္တိအပြည့်၊ သစ္စာရှိရှိ၊ ရဲရဲရင့်ရင့် ညီနောင်မဟာမိတ်ပီသစွာ ဖြတ်သန်းလျှောက်လှမ်းလာခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။  

“အတူတကွ တိုက်ပွဲဝင်နေဆဲဖြစ်တဲ့အပြင် အနာဂတ်မှာလည်း ဆက်လက်ပြီး လက်တွဲခိုင်မာစွာ ရပ်တည်သွားမှာဖြစ်တယ်” ဟု ရေးသားထားခြင်းဖြစ်သည်။ 

ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိတို့ဒေသကို ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့အဖွဲ့အစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှု ရရှိနိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ 

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တုန့်ပြန်ချက်ရရှိနိုင်ရန် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ကိုးကန့် (MNTJP/MNDAA) ၊ တအာင်း (PSLF /TNLA) နှင့် ရခိုင် (ULA/AA) တို့မှာ ကောင်းမွန်သော မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ထားသည်။

#R007

ဗီဒီယိုများ