လယ်ကြွက်အန္တရာယ်ကြောင့် ပလက်ဝဒေသမှလယ်သမားများ စပါးအထွက်နှုန်းကျဆင်းမည့်အရေးနှင့် ကြုံနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှ လယ်သမားတချို့၏ ရိတ်သိမ်းချိန်တန်စပါးများကို လယ်ကြွက်များက စားသောက်ဖျက်ဆီးခဲ့သည့်အတွက် စပါးအထွက်နှုန်း ထပ်မံကျဆင်းရမည့်အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

By Admin 18 Dec 2022

ရခိုင်ပြည်အတွင်းမှ စပါးခင်းများအား တွေ့ရစဉ်။
ရခိုင်ပြည်အတွင်းမှ စပါးခင်းများအား တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၁၈

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှ လယ်သမားတချို့၏ ရိတ်သိမ်းချိန်တန်စပါးများကို လယ်ကြွက်များက စားသောက်ဖျက်ဆီးခဲ့သည့်အတွက် စပါးအထွက်နှုန်း ထပ်မံကျဆင်းရမည့်အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

ယခုနှစ်အတွင်း ရာသီဥတုပြောင်းလဲမှုဒဏ်၊ ဖောက်ပြန်မှုဒဏ်များကြောင့် လယ်သမားများ၏ လယ်ယာစိုက်ခင်းတချို့ ပျက်စီး ဆုံးရှုံးခဲ့ရများ ကြုံတွေ့ခဲ့ကြရသည်။ ပလက်ဝဒေသတွင်လည်း လယ်သမားတချို့သည် ယင်းနည်းတူ ကြုံတွေ့ခဲ့ကြရပြီး ယခုကဲ့သို့ လယ်ကြွက်များ၏ အန္တရာယ်ကြောင့် ဖြစ်ထွန်းပြီးကျန်ရှိခဲ့သည့်စပါးများမှာ ထပ်မံဆုံးရှုံးရသည့် အခြေအနေကို ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

“ ဒီနှစ်က အစကတည်းကနေ မိုးခေါင်တာကြောင့် စပါးတွေအကုန်လုံး ဖျင်းသွားကြတယ်။ အခု ကြွက်တွေကပါ စပါးတွေကိုစားတော့ ကျွန်တော်တို့လယ်သမားတွေမှာ ပိုပြီးအခက်ကြုံကြရပါတယ်။ ဒီနှစ် စပါး ၃ ဧက စိုက်တဲ့ လယ်သမားတွေဆိုရင် မှန်းခြေနဲ့ လုံးဝမကိုက်ညီတော့ပါဘူး။ အရင်နှစ်တွေကဆိုရင် စပါး ၂ဧကကို စပါးတောင်း ၄၀၀၊ ၅၀၀ လောက်ရကြတယ်။ ဒီနှစ်တော့ စပါးတင်း ၁၀၀ ကျော်လောက်ပဲ ရကြပါတယ်” ဟု ပလက်ဝမြို့နယ်က လယ်သမားတစ်ဦးက DMG ကို ပြောသည်။

ရာသီဥတုဖောက်ပြန်မှုဒဏ်အပြင် လယ်ကြွက်များ၏ စားသုံးမှုကြောင့် စပါးခင်းများ ပျက်စီးဆုံးရှုံးခဲ့ရသည့် လယ်သမားများ သည် အရင်းငွေ၊ အမြတ်ငွေ မှန်းခြေနှင့် တွက်ခြေမကိုက်ဘဲဖြစ်နေပြီး လာမည့် စပါးစိုက်ရာသီအတွက် စိုးရိမ်ပူပန်နေကြရကြောင်း သိရသည်။

ပလက်ဝဒေသတွင် လယ်ကြွက်များ၏ အန္တရာယ်ကို ကြုံတွေ့ရခြင်းမှာ ယခုနှစ်တွင် မဒေးဝါးပင်းများ ပန်းပွင့် ပွင့်သောကြောင့် လယ်ကြွက်ပေါများခြင်းဖြစ်ကြောင်း လယ်သမားတချို့က သုံးသပ်ပြောဆိုထားကြသည်။

“ ဝါးပန်းပွင့်ရင် ကြွက်ပေါတယ်လို့ ပြောကြတယ်။ ဒါကြောင့် ဒီနှစ် လယ်ကြွက်တွေပေါတာ။ အဲဒီ မဒေးဝါးတွေက ၁၉နှစ်နေမှ တစ်ခါပွင့်တယ်။ အဲဒီဝါးပင်တွေက အစုလိုက်အပြုံလိုက်ရှိတာ။ ပန်းတွေကအရမ်းပွင့်တယ်။ အဲဒီပန်းတွေရဲ့ အနံ့ကြောင့် ကြွက်တွေ လာကြတာ။ အောက်မှာက အပင်လေးတွေတောင် ပေါက်နေကြပြီ ” ဟု ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ရပ်ကွက် ၃ က လယ်သမားတစ်ဦးက ပြောဆိုထားသည်။

လယ်ကြွက်များ၏ အန္တရာယ်ကြောင့် စပါး ၁တောင်းကြဲပြီး စိုက်ပျိုးသည့် လယ်သမားများမှာ စပါးများ လုံးဝဆုံးရှုံးရသည့် အခြေအနေနှင့် ကြုံတွေ့နေရကာ စပါးတောင်း ၂၀ ကြဲ၍ စိုက်ပျိုးသည့် လယ်သမားများသည်လည်း စပါးအနည်းငယ်ခန့်သာ ရရှိတော့ကြောင်း သိရသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံအား မေးမြန်းရာ “ ဝါးသီးတဲ့နှစ်မှာ စပါးပျက်တာကတော့ အမှန်ပါပဲ။ ဝါးပင်တွေကလဲ ပြုန်းတီးတယ်။ ကျွန်တော်တို့ ဒီလိုဖြစ်တာကို အိန္ဒိယ ဘက်မှာ ကြုံဖူးပါတယ်။ တောင်တွေမှာ စပါးတွေလုံးဝမရလိုက်ဘူး။ ကြွက်တွေက အကောင်ရေကို သောင်းနဲ့ချီလာကြတာ” ဟု ပြောဆိုထားသည်။

ယင်းကဲ့သို့ လယ်ကြွက်များ၏ ဒဏ်ကို ကာကွယ်ရန် နည်းလမ်းမရှိသေးဘဲ ကာကွယ်ရန်အတွက်ဆိုလျင် များစွာခက်ခဲကြောင်း ဦးကျော်ဇံက ဆက်လက်ပြောဆိုထားသည်။

ရာသီဥတုဖောက်ပြန်မှုဒဏ်သာမကဘဲ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ၏ တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုကြောင့် လယ်ယာမစိုက်ပျိုးနိုင်လိုက်သည့် လယ်သမားများရှိနေသည့်အပြင် စိုက်ပျိုးစပါးပြီး ရိတ်သိမ်းချိန်တန်စပါးပင်များကိုအချိန်မှီမရိတ်သိမ်းနိုင်မှုများလည်း ရှိခဲ့သည်။

ရခိုင်ပြည်တွင်လည်း စပါးစိုက်လယ်ဧကပေါင်း ၁၂ သိန်းခွဲကျော်ရှိရာမှ ယခုနှစ်အတွင်းတွင် အခြေအနေအမျိုးမျိုး ကြောင့် လယ်ဧကရှစ်သိန်းခွဲကျော်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူ လယ်သမားသမဂ္ဂ၏ စာရင်းများမှ သိရသည်။

ယင်းအပြင် တကျော့ပြန်တိုက်ပွဲများကြောင့် ဘူးသီးတောင်၊မောင်တော၊ရသေ့တောင်စသည့်မြို့နယ်တို့မှ စိုက်ပျိုးပြီး စွန့်ပစ်ထားရသည့် လယ်ဧက ငါးသောင်းခန့်ရှိပြီး စပါးအထွက်နှုန်းမှာလည်း ယခင်နှစ်များထက် ၃၀ ရာခိုင်နှုန်းကျဆင်း သွားနိုင်သည်ဟု အဆိုပါတောင်သူလယ်သမားသမဂ္ဂမှ ခန့်မှန်းထားသည်။

ဗီဒီယိုများ