ဘင်္ဂလား‌ဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်များ မြန်မာသင်ရိုးဖြင့် ပညာသင်ကြားခွင့်ရ 

ဘင်္ဂလား‌ဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည် ကလေးငယ်များကို မြန်မာသင်ရိုးညွှန်တမ်းဖြင့် Grade -10 အထိ ပထမဆုံးအကြိမ် ပညာသင်နှစ်အဖြစ် သင်ကြားပေးသွားမည်ဟု UNICEF က ထုတ်ပြန်ထားသည်။ 

By Admin 26 Jul 2023

ဓာတ်ပုံ - UNICEF
ဓာတ်ပုံ - UNICEF

DMG ၊ ဇူလိုင် ၂၆

ယခုနှစ်တွင် ဘင်္ဂလား‌ဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည် ကလေးငယ်များကို မြန်မာသင်ရိုးညွှန်တမ်းဖြင့် Grade -10 အထိ ပထမဆုံးအကြိမ် ပညာသင်နှစ်အဖြစ် သင်ကြားပေးသွားမည်ဟု ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ - UNICEF က ထုတ်ပြန်ထားသည်။ 

ကလေးများအား ၂၀၂၁ ခုနှစ်ကစပြီး မြန်မာသင်ရိုးညွှန်းတမ်းအတိုင်း Grade - 3 မှ Grade - 5 အထိ စမ်းသပ်သင်ကြားခဲ့သည်။ ယခုနှစ်တွင် Grade - 10 အထိ အသက်အရွယ်မရွေး ပညာသင်ကြားခွင့်ရရှိမည်ဖြစ်၍ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများမှ ကျောင်းသား၊ ကျောင်းသူ အရေအတွက် ၃ သိန်းအထိ စံချိန်တင် စာရင်းသွင်းထားကြောင်း UNICEF ထုတ်ပြန်ချက်မှာ ဖော်ပြသည်။  

“ဒီကလေးငယ်တွေ မြန်မာနိုင်ငံကို ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာပြန်သွားနိုင်ဖို့ အရေးကြီးဆုံးအချက်က ဘင်္ဂလားဒေ့ရှ်မှာ ရှိနေစဉ်အတွင်း သူတို့ရဲ့ ပညာရေးကို ဆက်လက်သင်ကြားနိုင်ဖို့ လိုပါတယ်” ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ UNICEF ကိုယ်စားလှယ် မစ္စတာ Sheldon Yett က ပြောသည်။ 

မောင်တောအရေးအခင်းကြောင့် ရခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းသို့ ရောက်ရှိသွားသည့် မွတ်ဆလင်များထဲမှ ထက်ဝက်ခန့်မှာ ကလေးငယ်များဖြစ်သည်။ ၄င်းတို့မှာ ၂၀၁၇ ခုနှစ်မှစပြီး ပညာသင်ကြားခွင့်ဆုံးရှုံးနေပြီး အလယ်တန်းနှင့် အထက်တန်းပညာကို သင်ယူဖူးသူများက စခန်းအတွင်းရှိ ကလေးများကို ဆင့်ပွားသင်ကြားနေကြရသည်။ 

“ကိုယ့်နာမည်ကိုတောင် မရေးတတ်သူတွေ၊ စာတစ်လုံးမှ မရေးတတ် မဖတ်တတ်သူတွေ အများကြီးရှိတယ်။ အခုလို ပညာသင်ကြားခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်” ဟု ကူတူပါလောင် ဒုက္ခသည်စခန်းမှ ဦးအောင်ဝင်းက ဆိုသည်။  

ကလေးငယ်များအတွက် ပညာသင်ကြားရေးစင်တာ ၃,၄၀၀ ခု ဖွင့်လှစ်ထားပြီး သင်ကြားပေးမည့် ဆရာ၊ ဆရာမများကို UNICEF က ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

ကူတူပါလောင် ဒုက္ခသည်စခန်းနေ အမျိုးသားတစ်ဦးက “ဒီကမျိုးဆက်သစ်တွေဟာ မြန်မာသင်ရိုးညွှန်တမ်း သင်ကြားခွင့်ကို ဆုံးရှုံးနေကြပြီ။ စာနည်းနည်းဖတ်တတ်တဲ့သူတွေက မဖတ်တတ်တဲ့ သူတွေကို သင်ကြားပေးနေတာလေ။ အခုက ဆယ်တန်းအောင်ထားတဲ့ ဆရာ၊ ဆရာမတွေက တစ်ဘာသာချင်း ပြသပေးမှာပါ ” ဟု ဆိုသည်။ 

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များကို ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းရှိ တောင်ပြုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းများတွင် နေရာချထားမည်ဟုဆိုကာ စစ်ကောင်စီက လက်ခံနေသော်လည်း လက်ရှိအချိန်ထိ တစ်ဦးတစ်ယောက်မျှ ပြန်မလာကြသေးပေ။

၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA အဖွဲ့က ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ခိုလှုံခဲ့ရကြောင်း နိုင်ငံတကာက ပြောဆိုထားသည်။ 

#R010

ဗီဒီယိုများ