ရခိုင်က ကုန်ထုတ်လုပ်ငန်းရှင်များ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်လျှောက်ထားရာတွင် အချိန်ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရ

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသထွက်ကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းများအား မူပိုင်ခွင့် လျှောက်ထားရာတွင် အချိန်နှောင့်နှေးကြန့်ကြာမှုများနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

By Admin 24 Dec 2022

ရခိုင်က ကုန်ထုတ်လုပ်ငန်းရှင်များ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်လျှောက်ထားရာတွင် အချိန်ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရ

DMG | ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသထွက်ကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းများအား မူပိုင်ခွင့် လျှောက်ထားရာတွင် အချိန်နှောင့်နှေးကြန့်ကြာမှုများနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်ကလုပ်ငန်းရှင်များမှာ ၎င်းတို့ကိုယ်တိုင်ထုတ်လုပ်ထားသည့် ရခိုင်ဒေသထွက်ကုန် ပစ္စည်းများအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်လျှောက်ထားသော်လည်း မူပိုင်ခွင့်လက်မှတ်ရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသည့်အတွက် အခက်အခဲများရှိနေကြောင်းသိရသည်။

“ကျနော်တို့အနေနဲ့ ကုန်ပစ္စည်းတွေကို မူပိုင်ခွင့်လျှောက်ထားတဲ့အခါမှာ အချိန်အကြာကြီးစောင့်ဆိုင်းရတာတွေနဲ့ ကြုံတွေ့ရ တယ်။ ကုန်ပစ္စည်းမူပိုင်ခွင့်လျှောက်ရင် နေပြည်တော်အထိ သွားလျှောက်ရတာဖြစ်တဲ့အတွက် သွားစရိတ်၊ နေထိုင်စရိတ်တွေလည်းကုန်ပါတယ်”ဟု ကုန်ထုတ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုညီညီက ပြောသည်။

ထို့အပြင် မူပိုင်ခွင့်လျှောက်ထားပြီးဖြစ်သော်လည်း ယင်းပစ္စည်းများအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မရရှိသေး သည့်အတွက် ကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဖြန့်ချိရန် နှောင့်နှေးမှုများနှင့်ကြုံတွေ့နေရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

အမည်မဖော်လိုသည့် ရက္ကန်းလုပ်ငန်းရှင်တစ်ဦးက “ကျမတို့က ဒီဇိုင်းတစ်ခုကို မူပိုင်ခွင့်လျှောက်လိုက်တယ်။ ဒါပေမယ့် မူပိုင်ခွင့်ကျမလာသေးရင် ကျမတို့ရဲ့ ကိုယ်ပိုင် ဒီဇိုင်းလို့ပြောလို့မရသေးဘူး။ အဲဒီအခါအကြောင်း အမျိုးမျိုးကြောင့် အဲမူပိုင်ခွင့်တင်ထားတဲ့ ဒီဇိုင်းက ပေါက်ကြားသွားပြီး သူများရဲ့ဒီဇိုင်းဖြစ်သွားခဲ့ရတဲ့အချိန်တွေ ရှိဖူးတယ်”ဟု ပြောသည်။

ကျန်းမာရေးထောက်ခံစာများနှင့် ကုန်ပစ္စည်းမူပိုင်ခွင့်များရရှိရန် သက်ဆိုင်ရာဌာနဆိုင်ရာများမှ လာရောက် စစ်ဆေးမှုပြုလုပ်မည့်အချိန်များကို စောင့်ဆိုင်းရသည့်အပြင် လက်မှတ်များရရှိရန် အချိန် ၂လကျော်ကြာမြင့်အောင် စောင့်ဆိုင်းနေရမှုများရှိနေကြောင်း သိရသည်။

“အချိန်ကတော့ စောင့်ရတယ်။ သူတို့ကလာပြီးတော့ ကိုယ်တို့ရဲ့ထုတ်ကုန်တွေကို ဘယ်လိုထုတ်လုပ်လဲ၊ သန့်ရှင်း ရဲ့လား၊ ကျန်းမာရေးနဲ့ညီညွတ်မှုရှိရဲ့လားလို့ လာစစ်ဆေးဦးမှာနဲ့၊ သူတို့ဓာတ်ခွဲစမ်းသပ်အုန်းမှာနဲ့ဆိုတော့ လက်မှတ်ရဖို့ကို အချိန်တော့ အတော်စောင့်ရတယ်။ နှစ်လကျော်လောက်ကြာတယ်။ လက်မှတ်မရသေးဘဲ တရားမဝင်တဲ့ပစ္စည်း ပုံစံမျိုးလည်းမရောင်းချင်တော့၊ လက်မှတ်ရလာမယ့်အချိန်ထိကို စောင့်နေရတာပေါ့”ဟု သီးစုံယိုလုပ်ငန်းရှင် မဆွေဆွေမြင့်ကပြောသည်။

ယခုကဲ့သို လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းမူပိုင်ခွင့်များနှင့် FDA လက်မှတ်များရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရမှုနှင့် ပတ်သတ်၍ ရခိုင်ပြည်နယ် အစားအသောက်နှင့်ကျန်းမာရေးကွပ်ကဲမှုဦးစီးဌာနမှ တာဝန်ရှိသူအား DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ လတ်တလောတွင် ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ရခိုင်ဒေသထွက်ကုန်ပစ္စည်းများကို ဒေသဈေးကွက်အတွင်း တွင်ကျယ်စွာရောင်းချနိုင်ရန်နှင့် နိုင်ငံတကာသို့တင်ပို့နိုင်သည့် အဆင့်မှီထုတ်ကုန်ပစ္စည်းများဖြစ်နေရန် ကုန်ပစ္စည်းမူပိုင်ခွင့်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) လက်မှတ်များရှိနေစေရန် လိုအပ်ကြောင်း ဓနိဖူးမှ စားသောက်ကုန်အဖြစ် စွန့်ဦးတီထွင်သူ မဟေမာစံက ထောက်ပြပြောဆိုထားသည်။

“ အသေးစား၊ အလတ်စားအရည်သွေးဓာတ်ခွဲစမ်းသပ်ထားတဲ့ မှတ်ပုံတင်လက်မှတ်တွေလိုတယ်။ မှတ်ပုံတင် လက်မှတ်တွေရှိပြီဆိုရင် အစ်မတို့ရခိုင်ပြည်နယ်ထွက် ထုတ်ကုန်ပစ္စည်းတွေက ပြည်မကိုလည်းအခြေစိုက်နိုင်တယ်။ Export ၊ Import လည်း တွင်ကျယ်လာနိုင်တယ် ” မဟေမာစံကပြောသည်။

ကုန်ပစ္စည်းမူပိုင်ခွင့်သည် ကုန်ပစ္စည်းတစ်ခုကို ကိုယ်ပိုင်အသိဉာဏ်ဖြင့် ပြုလုပ်ထားသည့် ဖန်တီးမှုများအား အကာအကွယ်ပေးရန် ပြဋ္ဌာန်းထားသည့် ဥပဒေတစ်ရပ်ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ