ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ၂,၃၀၀ ကျော်ရှိ

ရခိုင်ပြည်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉,၂၉၀ ဦး ရှိသည့်အထဲမှ စာမေးပွဲပထမနေ့တွင် ဖြေဆိုရန်ပျက်ကွက်သူ ၂,၃၆၂ ဦးရှိသည်။ 

By Admin 08 Mar 2023

စစ်တွေမြို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနတစ်ခုအား တွေ့ရစဉ်။
စစ်တွေမြို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနတစ်ခုအား တွေ့ရစဉ်။

DMG ၊ မတ် ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ မတ်လ ၈ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ စတင်စစ်ဆေးလျက်ရှိရာ ရခိုင်ပြည်တွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉,၂၉၀ ဦး ရှိသည့်အထဲမှ စာမေးပွဲပထမနေ့တွင် ဖြေဆိုရန်ပျက်ကွက်သူ ၂,၃၆၂ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

ကျောင်းသား ၁,၂၂၉ ဦးနှင့် ကျောင်းသူ ၁,၁၃၃ ဦးမှာ စာမေးပွဲဖြေဆိုရန် ပျက်ကွက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က DMG သို့ ပြောသည်။

“မြို့နယ်အသီးသီးက ပျက်ကွက်ကြတာပေါ့။ စစ်တွေခရိုင်က ပိုများတယ်။ ပျက်ကွက်တာကို သုံးသပ်ရမယ်ဆိုရင် တချို့က စာစစ်ဌာနတစ်ခု၊ နှစ်ခုလည်း တင်ချင်တင်ကြမှာပေါ့လေ။ ဒီဘက်စာစစ်ဌာနမှာ တင်ပြီး တခြားစာစစ်ဌာနတစ်ခုမှာ သွားဖြေရင်လည်း ဖြေမှာပေါ့။ ဒီလိုမျိုးတင်တာကို အရင်က မြန်မာနိုင်ငံစာစစ်ဌာနက ကန့်သတ်ခဲ့တာတွေတော့ရှိတယ်။ နှစ်ခုတင်ရင် ပယ်မယ်ဆိုတာတွေ။ ဒါပေမယ့် အခုကတော့ ကလေးတွေရဲ့ အခွင့်အရေးကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ပေါ့” ဟု ၎င်းက ပြောသည်။

ခရိုင်အလိုက် စာမေးပွဲဖြေဆိုရန် ပျက်ကွက်ခဲ့သူများမှာ မြောက်ဦးခရိုင်မှ ၄၄၉ ဦး၊ စစ်တွေခရိုင်မှ ၇၇၇ ဦး၊ ကျောက်ဖြူခရိုင်မှ ၂၉၄ ဦး၊ အမ်းခရိုင်မှ ၁၃၀ ဦး၊ သံတွဲခရိုင်မှ ၁၃၉ ဦး၊ တောင်ကုတ်ခရိုင်မှ ၂၃၂ ဦး၊ မောင်တော ခရိုင်မှ ၃၄၁ ဦးတို့ ဖြစ်သည်။

ရခိုင်တစ်ပြည်လုံးအနေဖြင့် စာမေးပွဲပထမနေ့တွင် စာမေးပွဲဖြေဆိုခဲ့သူ စုစုပေါင်း ကျောင်းသား/သူ ဦးရေ ၁၆,၉၂၈ ဦးရှိသည်။ ကျောင်းသူ ၉,၄၂၁ ဦးနှင့် ကျောင်းသား ၇,၅၀၇ ဦးဖြစ်ပြီး ဖြေဆိုသူ ၈၇ ဒဿမ ၇၆ ရာခိုင်နှုန်း၊ ပျက်ကွက်သူ ၁၂ ဒဿမ ၂၄ ရာခိုင်နှုန်းရှိသည်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။

“ကျနော်တို့မှာ အရင်ကရတဲ့ ဖြေဆိုမယ့်သူ စာရင်းက ၁၉,၁၆၅ ယောက်ရှိခဲ့တယ်။ ဒါပေမယ့် ဟိုကထပ်ပြီးလာတင်၊ ဒီကထပ်ပြီးလာတင်တာတွေရှိတော့ ဖြေဆိုသူဦးရေပိုများလာခဲ့တာ။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထပ်ပြီးချပေးတဲ့ စာရင်းတွေကြောင့် ထပ်ပိုသွားတာရှိတယ်။ အဲဒါကြောင့် ဖြေဆိုမယ့်စာရင်းက ၁၉,၂၉၀ ယောက် ဖြစ်သွားတာ” ဟု ပြောသည်။

စနစ်ဟောင်းသင်ရိုးညွှန်းတမ်းဖြင့် စားမေးပွဲဖြေဆိုခဲ့သူ ကျောင်းသား/သူ စုစုပေါင်း ၁၆၉၂၈ ကို မြို့ပေါ် စာစစ် ဌာနနေရာ ၆၀ ဖွင့်လှစ်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

စနစ်ဟောင်းသင်ရိုးညွှန်းတမ်းဖြင့် ပညာသင်ကြားရမည့်စနစ်သည် ယခုနှစ် တစ်နှစ်သာကျန်ရှိပြီး ကျောင်းသား/သူများအနေဖြင့် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်ခြင်း မရှိပါက စနစ်သစ်သင်ရိုးတမ်းညွှန်းတမ်းဖြင့် ဆက်လက် ပညာသင်ကြားကြရမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်အတွင်းမှ ဝင်ရောက်ဖြေဆိုခဲ့သူ ၄၁,၇၅၇ ဦးရှိပြီး ၁၉,၇၂၉ ဦးအောင်မြင်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။ 

#R005

ဗီဒီယိုများ