ရိုးရာယဉ်ကျေးမှု ပျောက်ကွယ်လာမည့်အရေးနှင့် ရင်ဆိုင်နေရဟု မြိုလူမျိုးများဆို

ရခိုင်ပြည်တွင်းနေ မြိုလူမျိုးများမှာ ဒေသတွင်းစစ်ရေးပဋိပက္ခများအပြင် လူမှုဖွံ့ဖြိုးရေးမှာလည်း အဖက်ဖက်မှ နောက်ကျကျန်နေသဖြင့် ရိုးရာယဉ်ကျေးမှုများ ပျောက်ကွယ်လာမည့်အရေးကို ရင်ဆိုင်နေရသည်။

By Admin 26 Apr 2023

ရိုးရာယဉ်ကျေးမှု ပျောက်ကွယ်လာမည့်အရေးနှင့် ရင်ဆိုင်နေရဟု မြိုလူမျိုးများဆို

DMG ၊ ဧပြီ ၂၆

ရခိုင်ပြည်တွင်းနေ မြိုလူမျိုးများမှာ ဒေသတွင်းစစ်ရေးပဋိပက္ခများအပြင် လူမှုဖွံ့ဖြိုးရေးမှာလည်း အဖက်ဖက်မှ နောက်ကျကျန်နေသဖြင့် ရိုးရာယဉ်ကျေးမှုများ ပျောက်ကွယ်လာမည့်အရေးကို ရင်ဆိုင်နေရကြောင်း မြိုတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းက ပြောသည်။

မြိုလူမျိုးများသည် ကျေးလက် တောတောင်ဒေသများတွင် အများစုနေထိုင်ကြပြီး တောင်ယာလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကြောင်းပြုကြသည်။ လက်ရှိအချိန်ထိ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍများတွင် စိန်ခေါ်မှုများစွာရှိနေပြီး ရိုးရာယဉ်ကျေးမှု ပျောက်ကွယ်မည့်အရေးနှင့်ပါ ရင်ဆိုင်နေရကြောင်း မြိုလူမျိုးများက ဆိုကြသည်။

“ကျနော်တို့ မြိုလူမျိုးတွေဟာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့တဲ့ လူမျိုးဖြစ်ပါတယ်။ တောတောင်ဒေသကို မှီခိုလို့ လုပ်စားနေကြတာမို့ ဖွံ့ဖြိုးမှုမရှိနိုင်ပါဘူး။ ထမင်းတနပ်စာ၊ တလုပ်စာကို မနည်းရုန်းကန် အားထုတ်နေရတဲ့ လူမျိုးစုဖြစ်တဲ့အတွက် နေရာဒေသတွေမှာ ကုမ္ပဏီထောင်တဲ့လူ၊ ကားဝယ်စီးနိုင်တဲ့လူ အဲလိုသူဌေးတွေလည်း မရှိပါဘူး” ဟု မြိုတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးဇနီဖြူက ပြောသည်။

ဧပြီလ ၂၅ ရက်နေ့က ပုဏ္ဏာကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာအုပ်စု ကံသစ်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ (၇) ကြိမ်မြောက် မြိုအမျိုးသားနေ့ အခမ်းအနားတွင် ဦးဇနီဖြူက DMG ကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြိုလူမျိုးများသည် ရခိုင်ပြည်အတွင်း ခေတ်အဆက်ဆက် တည်ငြိမ်းအေးချမ်းစွာဖြင့် တောင်ယာလုပ်ငန်း လုပ်ကိုင်စားသောက်ကာ နေထိုင်လာခဲ့ကြသော်လည်း လက်ရှိတွင် ဒေသတွင်းပဋိပက္ခမျိုးစုံကြောင့် မိမိနေရပ်ကို စွန့်ခွာထွက်ပြေးနေကြရသည်။

“ကျနော်တို့ လူမျိုးတွေဟာ ရခိုင်ပြည်မှာ ခေတ်အဆက်ဆက် တိုင်းရင်သားညီကို မောင်နှမတွေနဲ့အတူ လက်တွဲနေထိုင်လာခဲ့ကြတာဟာ နှစ်ပေါင်းတစ်ထောင်ကျော် ရှိပါပြီ။ မြိုလူမျိုးတွေဟာ တောင်တောင်ဒေသတွေကို မှီခိုပြီး တောပျော်လူမျိုးအဖြစ်နဲ့ ရေကြိုင်ရာ၊ မြက်နုရာအဖြစ် နေထိုင်ခဲ့ကြတယ်။ အခုမှ စစ်ဘေးနဲ့ ARSA အရေးအခင်းတွေကြောင့် မြေပြန့်ဒေသကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဦးဇနီဖြူက ပြောသည်။

မောင်တောဒေသတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ARSA အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်ရှိ မြိုလူမျိုးများမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့၏ စစ်ရေးပဋိပက္ခကြောင့်လည်း ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြရမှုများ ရှိသည်။

လက်ရှိ မြိုလူမျိုးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ရခိုင်လူမျိုးအပါအဝင် ရခိုင်မျိုးနွယ်စုဝင် အားလုံးကလည်း ဝန်းဝိုင်းအဖြေရှာ ကူညီပေးရန်လိုအပ်ကြောင်း အခမ်းအနားသို့ တက်ရောက်လာသည့် ကျောက်တော်မြို့ နယ် နဂါရာကျေးရွာမှ ဦးလှစောမောင်က ပြောသည်။

“ရခိုင်မျိုးနွယ်ထဲမှာရှိတဲ့ မြိုအမျိုးသားများအားလုံး၊ ရခိုင်မျိုးနွယ်စုဝင်အားလုံး တစ်ဦးကိုတစ်ဦး ချစ်ခင်ရင်းနှီးမှု၊ တစ်ဦးကိုတစ်ဦးယုံကြည်မှု၊ တစ်ဦးနဲ့တစ်ဦး သဟဇာတကျကျ နေထိုင်ဆောင်ရွက် လက်တွဲပြီး ရခိုင်ပြည်အတွင်းမှာ စိတ်ဓာတ်သန့်ရှင်းခြင်း၊ ကြည်ဖြူခြင်း၊ ဖွံ့ဖြိုးရေး အစစကို ပူးပေါင်းဆောင်းရွက်မှုတွေနဲ့ လုပ်ဆောင်နိုင်ဖို့လိုတယ်” လို့ သူက ပြောသည်။

မြိုတိုင်းရင်းသားများမှာ ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ်များတွင် အများဆုံး‌ နေထိုင်ကြပြီး လူဦးရေ ၄၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။

#I008

ဗီဒီယိုများ