ရခိုင်တွင် တိုက်ပွဲကာလ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားသူ ၁၆ ဦးထက်မနည်းရှိ  

တကျော့ပြန် ရခိုင်တိုက်ပွဲကာလတွင် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)၊ (ခ) အပါအဝင် အခြားပုဒ်မများဖြင့် စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားသည့် ရခိုင်ဒေသခံ ၁၆ ဦးရှိလာသည်။

By Admin 07 Dec 2023

ရခိုင်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားသူအချို့။ 
ရခိုင်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားသူအချို့။ 

DMG စာရင်းအရ စစ်တွေမြို့မှ ၇ ဦးနှင့် ကျောက်ဖြူမြို့မှ ၉ ဦးဖြစ်ပြီး  မြေပြင်အခြေအနေတွင် ယခုထက်ပို၍ များနိုင်သည်။ 

စစ်တွေမြို့တွင် အမှုဖွင့်ခံရသူများမှာ တေဇာရာမ(သရက်အုပ်)ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးဥူးကောဝိဒ (ခ)ငြိမ်းချမ်းဝင်း၊ မဟာနွယ်ရခိုင်မင်္ဂလာစည်အဖွဲ့မှ ကိုကျော်ငြိမ်းဦး၊ ကိုဖြိုးမင်းဇော်၊ မင်းဂံရပ်ကွက်မှ ဦးစံရွှေမောင်၊ မစောခင်အေး(ခ)အဘု၊ ကန်တော်ကြီးရပ်ကွက်မှ မောင်မြတ်ထူးနိုင်နှင့် လမ်းမတော်မြောက်ရပ်ကွက်မှ ကိုကျော်နိုင်လင်း တို့ဖြစ်သည်။

“ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာလည်း မသိရဘူး။ လွတ်လာမလားလို့ထင်နေတာ။ အခုက အမှုဖွင့်ထားတယ်လို့ သိရတယ်။ အမှတ် ၁ ရဲစခန်းမှာ ရှိတယ်လို့ သိရတယ်။ တွေ့ခွင့်လည်းမရဘူး” ဟု ဖမ်းဆီးခံထားရသည့် ကိုဖြိုးမင်းဇော်၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။ 

မဟာနွယ်စည်အဖွဲ့မှ ကိုကျော်ငြိမ်းဦးနှင့် ကိုဖြိုးမင်းဇော်တို့နှစ်ဦးမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က စစ်တွေမြို့၊ မင်းဂံအကွက် (၁၂) ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင်ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  

ကျောက်ဖြူမြို့တွင် ဖမ်းဆီးအမှုဖွင့်ခံရသူများမှာ ဦးတင်အောင်စိုး၊ ဦးပါးပါး၊ ဦးနဂါး၊ ဦးဝီလီယံ၊ ဦးမောင်ကြီး၊ ဦးမောင်မဲ၊ ဦးကိုညွှန့်ဝင်း၊ ဦးသန်းလှိုင်နှင့် မခင်ငြိမ်းငြိမ်းချမ်း တို့ဖြစ်သည်။ 

ရခိုင်ပြည်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ချထားပြီး ဒေသခံများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုင်းလုပ်ဆောင်လျက်ရှိသည်။

“ကျောက်ဖြူမြို့မှာတော့ တွေ့သမျှအကုန် လိုက်ဖမ်းနေပါတယ်။ လူမသိသူမသိဘဲ ဖမ်းဆီးထားတာလည်း အများကြီးရှိနိုင်တယ်။ ဖမ်းသွားရင်လည်း မိသားစုတွေနဲ့ အဆက်အသွယ်မရဘူး” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။   

ရခိုင်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးနေမှုကြောင့် ဒေသခံ ၇၀ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ယင်းအထဲမှ ၁၆ ဦးကို အမှုဖွင့် အရေးယူထားခြင်း ဖြစ်သည်။ 

ရခိုင်ပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသော စစ်ကောင်စီ သည် နည်းမျိုးစုံဖြင့်ဖမ်းဆီးနေကာ ပြည်သူများ၏ သတင်းအချက်အလက် သိရှိပိုင်ခွင့်ကိုပါ ခြိမ်းခြောက်မှုများ လုပ်ဆောင်လာနေသည်။ ရခိုင်သတင်းမီဒီယာများမှ ရေးသားဖော်ပြနေသောသတင်းများကို ထပ်ဆင့်မျှဝေခြင်း၊ ကူးယူဖော်ပြခြင်း၊ မှတ်ချက်ရေးသားခြင်း ပြုလုပ်နေသူများအားအရေးယူရန် စာရင်းပြုစုနေကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။ 

“စစ်ကောင်စီကတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ လိုက်ဖမ်းပြီး အရေးယူနေမှာပဲ။ NUG တို့ CRPH တို့ ဆိုတာလည်း ရခိုင်ကလူတွေတောင်မသိတာကို အဲဒီခေါင်းစဉ်တပ်ပြီး အမှုဖွင့်နေတာက တော်တော်လေးဆိုးပါတယ်။ သတင်းတွေကို Share တာ၊ Like ပေးတာတွေကအစ လိုက်လံဖမ်းဆီးဖို့ လုပ်ဆောင်လာတာလည်း ရှိနေတော့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အောက်တန်းကျတဲ့လုပ်ရပ်လို့ ပြောချင်ပါတယ်” ဟု ရခိုင်ပြည်သူတစ်ဦးက ပြောသည်။  

စစ်ကောင်စီက အရပ်သားများကိုဖမ်းဆီးမှုများ လုပ်ဆောင်နေသည့်အပြင် NGO/INGO နှင့် အရပ်ဖက်အဖွဲ့ များကိုလည်း ပစ်မှတ်ထားရှာဖွေနေခြင်းကြောင့် ရခိုင်ဒေသအတွင်း လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ ရပ်တန့်နေပြီး စစ်ဘေးရှောင်ပြည်သူများမှာ အခက်အခဲများစွာနှင့် ကြုံတွေ့နေကြရသည်။ 

#D003 #DMG

ဗီဒီယိုများ