ဘတ်ဂျက်ငွေမရ၍ စစ်တွေက ဆင်းရဲနွမ်းပါးသူများအတွက် နေအိမ်ဆောက်ပေးမည့်အစီအစဉ် မစတင်နိုင်သေး

ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှ ကျေးရွာတချို့တွင်နေထိုင်ကြသည့် ဆင်းရဲနွမ်းပါးသူများအတွက် နေအိမ်ဆောက်လုပ်ပေးမည့်အစီအစဉ်မှာ ဘတ်ဂျက်ငွေမရရှိ၍ အကောင်အထည် မဖော်နိုင်သေးကြောင်း ပြည်နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။

By Admin 21 Apr 2023

ဘတ်ဂျက်ငွေမရ၍ စစ်တွေက ဆင်းရဲနွမ်းပါးသူများအတွက် နေအိမ်ဆောက်ပေးမည့်အစီအစဉ် မစတင်နိုင်သေး

DMG ၊ ဧပြီ ၂၁

ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှ ကျေးရွာတချို့တွင်နေထိုင်ကြသည့် ဆင်းရဲနွမ်းပါးသူများအတွက် နေအိမ်ဆောက်လုပ်ပေးမည့်အစီအစဉ်မှာ ဘတ်ဂျက်ငွေမရရှိ၍ အကောင်အထည် မဖော်နိုင်သေးကြောင်း ပြည်နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။

စစ်တွေမြို့နယ်မှ ဇော်မဒတ်ကျေးရွာနှင့် မြစ်နားကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်ခံရမှုနှင့် ဆင်းရဲနွမ်းပါးသူများအတွက် ကျေးလက်နေအိမ်များ ဆောက်လုပ်ပေးရန် ပြီးခဲ့သည့် ဇန်နန်ဝါရီလအတွင်းက လျာထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်ထိ ဘတ်ဂျက်ငွေ မရရှိသေးသဖြင့် အကောင်အထည်ဖော်ရန် မသေချာသေးဟု ရခိုင်ပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဦးချစ်မောင်က ပြောသည်။

“လျာတော့ လျာထားတယ်။ ဒါပေမယ့် ဘတ်ဂျက်က မကျသေးတော့ မသိရသေးဘူး။ အစိုးရအဖွဲ့အစည်းကလည်း စာမရောက်သေးဘူး” ဟု ဦးဦးချစ်မောင်က ဆိုသည်။

နေအိမ်များကို ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၄၅၀ အကုန်ကျခံပြီး ဇော်မဒတ်ကျေးရွာတွင်  အလျား ၂၄ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၉ ပေ ရှိသည့် အိမ် ၁၀ လုံးအတွက် ငွေကျပ်သန်း ၁၅၀ ဖြင့်လည်းကောင်း၊ မြစ်နားကျေးရွာတွင် နေအိမ်အလုံး ၂၀ အတွက် ကျပ်သန်း ၃၀၀ ဖြင့်လည်းကောင်း ဆောက်လုပ်ပေးသွားရန် လျာထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နန်ဝါရီလအတွင်းက မြစ်နားကျေးရွာသို့ ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူများလာရောက်ကာ နေအိမ်ဆောက်လုပ်ပေးမည့်အစီအစဉ်ကို ပြောကြားခဲ့သဖြင့် နေအိမ်အလုံး ၂၀ အတွက် မြေနေရာများကို အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း မြစ်နားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ပြောသည်။

“ကျနော်တို့ သိပ်အများကြီး မျှော်လင့်ခဲ့တယ်။ ကျနော်တို့က စိုက်ပျိုးမြေထဲက မြေ ၁ ဧကခွဲလောက် ရွာသားစရိတ်နဲ့ ဝယ်မယ်လို့ စဉ်းစားထားတယ်။ အိမ်ကို ကျေးလက်ကပေးရင် မြေကို ကိုယ့်အစီအစဉ်နဲ့ဝယ်မယ်လို့ စဉ်းစားတာ” ဟု ဦးမောင်မောင်က ပြောသည်။

ဇော်မဒတ်ကျေးရွာမှ ဦးကျော်စိန်မောင်ကလည်း “ရွာထဲက ဆင်းရဲနွမ်းပါးသူတွေ အဆင်ပြေအောင်ဆိုပြီး နေအိမ်စာရင်းပေးတားတယ်။ ဒါပေမယ့် ဘာမှ အကြောင်းကြားလာတာလည်းမရှိဘူး” ဟု ပြောသည်။

ကျေးလက်နေ ဆင်းရဲနွမ်းပါးသည့် မိသားစုများအတွက် နေအိမ်ထောင်လုပ်ပေးမည့် အစီအစဉ်ကြောင့် မျှော်လင့်ချက်လင့်များရှိနေကြသော်လည်း လက်ရှိအချိန်ထိ အကောင်အထည်ပေါ်မလာသေးသဖြင့် ဒေသခံများက စိတ်မကောင်းဖြစ်နေကြသည်။

မြစ်နားကျေးရွာမှ ကိုမောင်ကျော်ဝင်းက “အိမ်ထောင်ကျပြီးကတည်းက နေအိမ်မဆောက်နိုင်တာကြောင့် မိဘအိမ်ဘေးမှာ အခန်းဆောက်ပြီးနေတာကြာပြီ။ ကျေးလက်ဦးစီးက နေအိမ်ဆောက်ပေးမယ်ပြောတော့ ကျနော်တို့ သိပ်မျှော်လင့်ချက်ထားထားတာ။ မျှော်လင့်ချက်ထားတဲ့ အရာကဖြစ်မလာတော့ အရမ်းစိတ်မကောင်းဖြစ်ရတယ်” ဟု ပြောသည်။

ရခိုင်ပြည်သည် သဘာဝသယံဇာတ ပေါကြွယ်ဝသော်လည်း အလုပ်အကိုင်ရှားပါးမှု၊ စက်ရုံအလုပ်ရုံ နည်းပါးမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေရခြင်းတို့ကြောင့် ဆင်းရဲဆင်းမွဲတေမှုပြဿနာကို ယနေ့တိုင် ရင်ဆိုင်နေရဆဲဖြစ်သည်။

#I001

ဗီဒီယိုများ