ရခိုင်တွင် စစ်ရေးပဋိပက္ခကြောင့် စာသင်ကျောင်းအများအပြား ပိတ်ထားရ

လက်ရှိတွင် စစ်မက်ဖြစ်ပွားရာ ရခိုင်မြောက်ပိုင်းက စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊  ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ် ၁၀ ခုတွင် စာသင်ကျောင်းပေါင်း ၁,၂၀၀ ခန့် ပိတ်ထားရကြောင်း သိရသည်။

By Admin 23 Nov 2023

မြောက်ဦးမြို့ရှိ အမှတ်(၁) အထက ကျောင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
မြောက်ဦးမြို့ရှိ အမှတ်(၁) အထက ကျောင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။

DMG ၊ နိုဝင်ဘာ ၂၃

ရခိုင်ပြည်တွင် နိုဝင်ဘာလ ၁၃ ရက်က စတင်ပြီး စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေသော်လည်း အခြေခံပညာ စာသင်ကျောင်းများကို တရားဝင်ဖွင့်လှစ်ထားဆဲ ဖြစ်သည်။ သို့သော်လည်း ကျောင်းသားများ မရောက်သဖြင့် ပိတ်ထားရသည့် စာသင်ကျောင်းပေါင်း ထောင်ချီရှိနေကြောင်း သိရသည်။

စာသင်ကျောင်းများကို ဖွင့်လှစ်ထားရန် ပညာရေးဌာနက ညွှန်ကြားထားသော်လည်း ကျောင်းသားရောက်ရှိမှု နည်းပါးနေခြင်းဟု  ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန် ကပြောသည်။

“မြို့နယ်တိုင်းမှာတော့ ကျောင်းတွေကို ဖွင့်လှစ်ထားဖို့ မှာကြားထားတာရှိပါတယ်။ တရားဝင် ပိတ်ထားတာတော့ မရှိဘူး။ ဒါပေမဲ့ ကလေးတွေကတော့ စိုးရိမ်ပြီးတော့ ကျောင်းမတက်ကြတာတော့ ရှိကြတယ်။ ကျောင်းတက်တဲ့ တချို့ကလေးတွေလည်းရှိကြတယ်။ အပြည့်အစုံတော့ မရောက်ကြဘူး။ ဆရာ၊ ဆရာမတွေကိုတော့ ကျောင်းတက်ရဖို့အတွက် ကျောင်းအုပ်ကြီးတွေကို ညွှန်ကြားထားတာပါတယ်”  ဟု ဦးဘထွီးစိန်က DMG ကို ပြောသည်။

လက်ရှိတွင် စစ်မက်ဖြစ်ပွားရာ ရခိုင်မြောက်ပိုင်းက စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊  ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ် ၁၀ ခုတွင် စာသင်ကျောင်းပေါင်း ၁,၂၀၀ ခန့် ပိတ်ထားရကြောင်း သိရသည်။

အဆိုပါမြို့နယ်များတွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၁,၈၀၀ ကျော်ရှိသည့်အထဲက ကျောင်းပေါင်း ၆၅၀ လောက်မှာသာ ကျောင်းသား‌/သူများ ကျောင်းတက်ကြကြောင်း သိရသည်။ 

ကျောင်းသားမိဘများက သားသမီးများလုံခြုံရေးကို စိုးရိမ်ကာ ကျောင်းသို့မလွှတ်ခြင်းကြောင့် ကျောင်းများကို ပိတ်ထားရခြင်းဟု ဒေသခံများက ပြောသည်။

လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် ပေါက်တောမြို့နယ်တွင် စာသင်ကျောင်းများအားလုံး ပိတ်ထားရပြီး မြို့ပေါ်နှင့် မြို့အနီးအနားက ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

ပေါက်တောမြို့ခံ ကျောင်းသားမိဘတစ်ဦးက “မြို့ပေါ်ကလူတွေနဲ့ မြို့အနီးကျေးရွာတွေက ဒေသခံအကုန်လုံး ထွက်ပြေးနေကြတော့ ကျောင်းတွေလည်း အားလုံးပိတ်ထားတယ်။ ကိုယ့်မြို့ကိုတောင် ဘယ်အချိန်ပြန်ရမယ် ဆိုတာ မသိသေးဘူး” ဟု ပြောသည်။

ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင် တိုက်ပွဲမရှိသော်လည်း မြို့ပေါ်ရဲတပ်ရင်းကနေ လက်နက်ကြီးများ နေ့ညမရွေး ပစ်ခတ်နေသဖြင့် ကျောင်းတက်သူနည်းပါးနေပြီး တစ်ချို့သော ကျောင်းသားများမှာ နေရပ်ပြန်သွားကြောင်း ကျောင်းဆရာတစ်ဦးက ပြောသည်။

“စစ်တွေမှာတော့ စာသင်ကျောင်းတွေ ဖွင့်ထားတယ်။ ဒါပေမဲ့ ကျောင်းတက်သူ သိပ်မရှိဘူး။ တချို့နယ်က ကျောင်းသားတွေဆိုရင်လည်း မိဘတွေက  စိုးရိမ်ပြီးတော့ ခေါ်သွားကြတာတွေရှိတယ်။ အခုလည်း စစ်တွေကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတော့ ကျောင်းသားတွေဟာ ကျောင်းသွားမှာကိုတောင် တော်တော်လေးကို စိုးရိမ်မှုရှိနေကြတယ်” ဟု သူကပြောသည်။

ရခိုင်ပြည်တောင်ပိုင်း မြို့နယ်များတွင်လည်း စစ်ကောင်စီက မြို့အဝင်အထွက်ကို ပိတ်ဆို့ထား၍ ဒေသခံအများစုမှာ သားသမီးများကို ကျောင်းတက်ရန် မလွှတ်တော့ကြောင်း သိရသည်။ 

“သံတွဲဖက်မှာ ကျောင်းတွေဖွင့်ထားတာတော့ တွေ့ရတယ်။ ကလေးတွေကတော့ ကျောင်းတက်တာ မရှိဘူး။ မိဘတွေကလည်း စိုးရိမ်မှုတွေရှိကြတော့ ကျောင်းကိုမပို့ကြတော့ဘူး။ စစ်ပွဲကာလလည်း ဘယ်လောက်ကြာမှာ မသိတော့ ကလေးတွေလုံခြုံစိတ်ချစွာ ကျောင်းမတက်နိုင်ဘူးဆိုရင် ကလေးတွေရဲ့ပညာရေးက ထိခိုက်မှုတွေ ရှိလာနိုင်တယ်” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ယခုပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ  ၅၃၄, ၇၀၀ ကျော်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။ 

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် တို့၏ တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာပြီးနောက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၇၀,၀၀၀ သောင်းနီးပါးထိ ရှိလာပြီဖြစ်သည်။

#D007 #DMG

ဗီဒီယိုများ