ရွှေဂတ်စ်စက်ရုံ၏ စွန့်ပစ်ရေ အနံ့ဆိုးထွက်နေသဖြင့် စစ်ဆေးပေးရန် ဒေသခံများလိုလား

POSCO International ကုမ္ပဏီက ဆောက်လုပ်ထားသော OGT စက်ရုံသည် ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှ ထုတ်ယူရရှိသော ရေနံနှင့်ဓာတ်ငွေ့များကို သိုလှောင်ကာ တရုတ်နိုင်ငံသို့ ဂတ်စ်ပိုက်လိုင်းသွယ်တန်းပြီး ဖြန့်ဖြူးနေသည့် စက်ရုံဖြစ်သည်။

By Admin 08 Jul 2023

OGT စက်ရုံမှ စွန့်ပစ်ရေထုတ်သည့် ရေမြောင်း။
OGT စက်ရုံမှ စွန့်ပစ်ရေထုတ်သည့် ရေမြောင်း။

DMG ၊ ဇူလိုင် ၈

ကျောက်ဖြူမြို့နယ်၊ မလကျွန်းကျေးရွာအနီးရှိ ရွှေသဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေး (OGT) စက်ရုံ၏ စွန့်ပစ်ရေထုတ်သည့် ရေမြောင်းမှ အနံ့ဆိုးထွက်နေမှုကြောင့် လူနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်ကို စစ်ဆေးပေးရန် ဒေသခံများက လိုလားနေကြသည်။

POSCO International ကုမ္ပဏီက ဆောက်လုပ်ထားသော OGT စက်ရုံသည် ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှ ထုတ်ယူရရှိသော ရေနံနှင့်ဓာတ်ငွေ့များကို သိုလှောင်ကာ တရုတ်နိုင်ငံသို့ ဂတ်စ်ပိုက်လိုင်းသွယ်တန်းပြီး ဖြန့်ဖြူးနေသည့် စက်ရုံဖြစ်သည်။

ရေမြောင်းတလျှောက်တွင် ဒေသခံများ၏ လယ်ဧက ၁၀၀ ခန့်ရှိပြီး ယင်းရေမြောင်းမှာ မိုးရာသီတွင် ရေပြည့်ရေလျှံသဖြင့် စပါးခင်းများ ပျက်စီးနေရကြောင်း ဒေသခံများက ပြောသည်။

“အဲဒီရေမြောင်းက လူမခံနိုင်တဲ့အထိ အနံ့ဆိုးထွက်တာတွေလည်း ရှိဖူးတယ်။ အဲဒီထဲမှာ လူကိုအဆိပ်အတောက်ဖြစ်စေတဲ့ ဘာဓာတ်ပစ္စည်းတွေ ပါဝင်တယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။ ပြီးတော့ မိုးများတဲ့အချိန်တွေဆို မြောင်းကနေ ရေလျှံတာတွေရှိတယ်။ ကျနော့်မှာဆို ရေလျှံလို့ ဧကထက်ဝက်စာလောက် ပျက်စီးသွားတဲ့ လယ်တွေကို အဲဒီနားမှာ အခုလက်ရှိ တွေ့နိုင်ပါတယ်” ဟု မလကျွန်းကျေးရွာမှ ဦးမောင်ဝေခင်က ပြောသည်။

စွန့်ပစ်ရေမြောင်းအနီးရှိ လယ်ယာမြေများ။

စက်ရုံစွန့်ပစ်ရေထုတ်သည့် ရေမြောင်းမှာ အကျယ် ၁၀ ပေ၊ အနက် ၇ ပေခန့်နှင့် စက်ရုံမှ အလျား ၂ ဖာလုံခန့် အရှည်ရှိကာ ကျောက်စီ၊ ကွန်ကရစ်ဖြင့် မလကျွန်းကျေးရွာအနီး မြစ်ထဲသို့ သွယ်တန်းထားခြင်းဖြစ်သည်။

စွန့်ပစ်ရေတွင် အဆိပ်အတောက်ပါဝင်မှု ရှိ/မရှိကို သက်ဆိုင်ရာအာဏာပိုင်များက လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ ဒေသခံများအား ပွင့်လင်းမြင်သာစွာချပြသင့်ကြောင်း ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း စောင့်ကြည့်လေ့လာသူများက ထောက်ပြကြသည်။

“ကမ္ဘာ့စက်မှုစီမံကိန်းတွေထဲမှာ စွန့်ပစ်ရေတွေကို ဒီလိုအလွယ်တကူ မြစ်ထဲကိုချတဲ့ လုပ်ရပ်တွေဟာ မရှိသလောက်ပါပဲ။ တကယ်လို့ သန့်စင်ထားတဲ့ရေကို စွန့်ပစ်တယ်ဆိုရင်တောင် ဘယ်ပညာရှင်တွေက ထောက်ခံထားတာလဲ သိရဖို့လိုတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အနေနဲ့လည်း ဒါဟာ အန္တယ်ရှိ/မရှိဆိုတာနဲ့ပတ်သက်ပြီး ဒေသခံတွေကို အသိပညာပေးတွေ လုပ်သင့်တယ်” ဟု စီမံကိန်းစောင့်ကြည့်လေ့လာသူ ဦးထွန်းလွင်က DMG ကို ပြောသည်။

လက်ရှိမှာ မိုးတွင်းကာလဖြစ်၍ စက်ရုံအတွင်းက အဆိပ်အတောက် ဓာတ်ပစ္စည်းများမှာ ရေမြောင်းမှတစ်ဆင့် မိုးရေနှင့်အတူစီးဝင်၍ စပါးခင်းအတွင်းသို့ ထပ်မံဝင်ရောက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်အား DMG က ဆက်သွယ်ခဲ့ရာ “အဲဒီထဲမှာ မိုးရေစုတဲ့ကန် ဆိုတာရှိတယ်။ သူတို့က အဲဒီမိုးရေစုကန်ကို ပြန်ဖော်တာပေါ့။ ပြန်ဖော်လို့ ရေကိုဖောက်တဲ့အခါမှာ ရွံ့နှစ်တွေလည်း ပါတာပေါ့။ အဲဒီသဘောမို့ ဒါတွေကို ဒေသခံတွေကို သေချာရှင်းပြလိုက်ပါ ဆိုပြီးတော့ ကုမ္ပဏီကို ကျနော်တို့ ပြောထားတာတော့ ရှိတယ်” ဟု ပြောသည်။

ရွှေသဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေး OGT စက်ရုံ။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို ကျောက်ဖြူမြို့နယ် ကမ်းလွန်ဒေသလုပ်ကွက်အမှတ် A1 နှင့် A3 အပြင်A7 တို့တွင် တူးဖော်ထုတ်ယူနေခြင်းဖြစ်သည်။ အဆိုပါစက်ရုံကို ၂၀၁၀ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အချိန် ၁၀ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိ/မရှိကို ပွင့်လင်းမြင်သာစွာ ချပြမှုများမရှိသေးကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးဖိုးစံက “လုပ်ထုံးလုပ်နည်းအရဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှာ ညွှန်ကြားချက်တွေတော့ ရှိတယ်။ ဘာတွေဘာတွေ လုပ်ဆောင်ရမယ်ဆိုတာ ဥပဒေအရတော့ သူတို့ချပြထားတာတွေရှိတယ်။ ဒါတွေကို လိုက်နာဆောင်ရွက်ဖို့လိုတယ်။ ကုမ္ပဏီတွေအနေနဲ့လည်း ဒေသခံတွေ နစ်နာမှုမရှိအောင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လိုက်နာဖို့လိုတယ်” ဟု ပြောသည်။

ကျောက်ဖြူဒေသအတွင်း ရွှေသဘာဝဓာတ်ငွေစီမံကိန်း စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၀ ခုနှစ် နောက်ပိုင်းအတွင်း စီမံကိန်းနှင့်ဆက်စပ်သည့် သယ်ယူပို့ဆောင်ရေး၊ လမ်းဖောက်လုပ်ရေး၊ ဓာတ်ငွေ့ဖြန့်ဖြူးရေး စသည်တို့ကိုပြုလုပ်ရန် ကုမ္ပဏီအများအပြား ဝင်ရောက်ခဲ့ကြသည်။

ယင်းကုမ္ပဏီများမှာ ကျောက်ဖြူမြို့နယ်ရှိ နေရာအနှံ့အပြားတွင် စက်ရုံအလုပ်ရုံများကို ဆောက်လုပ်ထားကြပြီး ယင်းစက်ရုံများမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

#I008

ဗီဒီယိုများ