စစ်တွေ ပွိုင့်ကမ်းခြေအနီးတွင် စားသောက်ဆိုင်ဝန်ထမ်းတစ်ဦး အသတ်ခံရပြီး သေဆုံး

ရခိုင်ပြည်၊ စစ်တွေမြို့ ပွိုင့်ကမ်းခြေအနီးတွင် လူငယ်တစ်ဦးအသတ်ခံရပြီး သေဆုံးနေသည်ကို ယနေ့ မေလ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်က တွေ့ရှိခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းမှ သိရသည်။

By Admin 03 May 2023

အသတ်ခံရပြီး သေဆုံးသွားသည့် ကိုစည်သူထွန်း၏ ရုပ်အလောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
အသတ်ခံရပြီး သေဆုံးသွားသည့် ကိုစည်သူထွန်း၏ ရုပ်အလောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

DMG ၊ မေ ၃

ရခိုင်ပြည်၊ စစ်တွေမြို့ ပွိုင့်ကမ်းခြေအနီးတွင် လူငယ်တစ်ဦးအသတ်ခံရပြီး သေဆုံးနေသည်ကို ယနေ့ မေလ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်က တွေ့ရှိခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းမှ သိရသည်။

သေဆုံးသွားသူမှာ ပေါက်တောမြို့နယ်၊ ငပြီကျွန်းကျေးရွာမှ အသက် (၂၀) အရွယ် ကိုစည်သူထွန်းဖြစ်ပြီး စစ်တွေမြို့၊ ပွိုင့်ကမ်းခြေရှိ “နိုင်ဂြီး” စားသောက်ဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်သည်။

ကိုစည်သူထွန်းကို “ကြည်နူးရိပ်” နှင့် “Hone Li” စားသောက်ဆိုင်ကြား ချုံပုတ်တစ်နေရာတွင် လည်ပင်းညှစ်ခံရသည့် ဒဏ်ရာနှင့် ညာဘက်ပါးတွင် ရောင်ရမ်းနေသည့်ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဖြစ်စဉ်အတိကျကိုတော့ မသိပါဘူး။ ကျနော်တို့ကိုတော့ မနက်ပိုင်း ၁၁ နာရီ ခွဲလောက်မှာ အဲနေရာကလူတွေ အကြောင်းကြားလို့ သွားကြည့်တော့ သေဆုံးနေတာကို တွေ့ရတယ်။ အဲဒီရုပ်အလောင်းကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်” ဟု ၎င်းက ပြောသည်။

ကိုစည်သူထွန်းသည် ယမန်နေ့ ည ၁၁ နာရီခန့် ဆိုင်သိမ်းချိန်တွင် ကမ်းနားလမ်းသို့ သွားမည်ဟုဆိုကာ ဖုန်းပြော၍ထွက်သွားပြီးနောက် ဆိုင်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိကြောင်း “နိုင်ဂြီး”ဆိုင်ပိုင်ရှင်နှင့် ဆွေးမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူက ထမင်းစားပြီးလို့ ဆိုင်သိမ်းချိန်မှာ ထွက်သွားတာ။ ဟိုဘက် ခဏသွားမယ်ဆိုပြီး ထွက်သွားတယ်။ မသွားနဲ့လို့ တားတာ မရလိုက်ဘူး။ သူက အေးဆေးနေတဲ့သူပါ။ LGBT ပါ။ လူနဲ့ ရန်ငြိုးရန်စလည်း မရှိဘူး။ အားလုံးက သူသေသွားလို့ စိတ်မကောင်းဖြစ်နေကြတယ်” ဟု သူက ပြောသည်။

ကိုစည်သူထွန်း သေဆုံးမှုနှင့်ပတ်သက်၍ စစ်တွေမြို့နယ်ရဲတပ်ဖွဲ့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။ စစ်တွေမြို့တွင် လူယက်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများမှာ စိုးရိမ်မှုများဖြစ်ပေါ်နေကြသည်။

စစ်တွေမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက “ ဒီလိုဖြစ်သွားတော့ စိုးရိမ်မှုရှိသွားတာပေါ့။ ညအချိန်ဆိုရင် အပြင်ထွက်ဖို့တောင် ကြောက်နေကြရတယ်” ပြောသည်။

ယခုနှစ် မတ်လ ၁၅ ရက်နေ့ကလည်း မင်းဂံရပ်ကွက် (၁၅) မှ အသက် ၁၁ နှစ်အရွယ်မိန်းကလေးတစ်ဦးမှာ ညအချိန် နေအိမ်မှပျောက်သွားကာ မတ်လ ၁၆ ရက်နေ့တွင် ရိုက်နှက်ဒဏ်ရာများဖြင့် အဝတ်အစားမပါဘဲ သတိမေ့လျော့နေသည်ကို တွေ့ရှိခဲ့သည်။ ယင်းနောက် ဆေးကုသမှုခံယူနေစဉ် မတ်လ ၁၈ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ကလည်း စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးအနီး ဆိုင်တစ်ဆိုင်၌ အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၈ နှစ်အရွယ် မိန်းကလေးမှာ အဓ္ဓမပြုကျင့်ခံရပြီး ဓားထိုးဒဏ်ရာနှစ်ချက်၊ မျက်နှာနှင့် မေးစေ့တို့တွင် ညိုမဲစွဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့မြင်ခဲ့ရသည်။

#I003

ဗီဒီယိုများ