စစ်ကောင်စီက လမ်းပိတ်ထားသဖြင့် ကျောက်ဖြူမြို့တွင် ဆန်ပြတ်လပ်

ကျောက်ဖြူမြို့သည် ပယ်လယ်ကျွန်းမြို့ဖြစ်သဖြင့် စားနပ်ရိက္ခာများကို အခြားမြို့နယ်များနှင့် ကျေးလက်ဒေသကို မှီခိုနေရပြီး ဆန်များကိုလည်း စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်များမှ ရေလမ်းကြောင်းဖြင့် အဓိက သယ်ယူနေရခြင်းဖြစ်သည်။ 

By Admin 24 Nov 2023

စစ်ကောင်စီကန့်သတ်ချက်ကြောင့် ကျောက်ဖြူမြို့၊ ဂျပန်မဆိပ်ကမ်းတွင် ကမ်းကပ်ထားသော စက်လှေများအား တွေ့ရစဉ်။ (ဓာတ်ပုံ - Kyaw Lwin Oo/ Facebook) 
စစ်ကောင်စီကန့်သတ်ချက်ကြောင့် ကျောက်ဖြူမြို့၊ ဂျပန်မဆိပ်ကမ်းတွင် ကမ်းကပ်ထားသော စက်လှေများအား တွေ့ရစဉ်။ (ဓာတ်ပုံ - Kyaw Lwin Oo/ Facebook) 

DMG ၊ နိုဝင်ဘာ ၂၄ 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့သို့ ဝင်ရောက်မည့် ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက တရားဝင်ပိတ်ထားသဖြင့် မြို့ပေါ်ရပ်ကွက်များတွင် ဆန်ရိက္ခာပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

ကျောက်ဖြူမြို့အဝင် ကားလမ်း(ကျောက်တစ်လုံးဂိတ်)ကို နိုဝင်ဘာ ၁၃ ရက်တွင် ပိတ်ဆို့လိုက်ပြီး မြို့နှင့်ထိစပ်လျက်ရှိသည့် ရေကြောင်းလမ်းများကိုလည်း နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၉ ရက်ထိ ဖြတ်သန်းသွားလာခြင်း၊ ကမ်းကပ်ခြင်းမပြုရန် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ကျောက်ဖြူမြို့သည် ပယ်လယ်ကျွန်းမြို့ဖြစ်သဖြင့် စားနပ်ရိက္ခာများကို အခြားမြို့နယ်များနှင့် ကျေးလက်ဒေသကို မှီခိုနေရပြီး ဆန်များကိုလည်း စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်များမှ ရေလမ်းကြောင်းဖြင့် အဓိက သယ်ယူနေရခြင်းဖြစ်သည်။ 

“ဆန်တစ်အိတ်လောက် ရချင်လို့ ရှိသမျှ ဆန်ဆိုင်တွေ၊ ဆန်စက်တွေကို လိုက်ပြီးမေးကြည့်တာ အခုထိ မရသေးဘူး။ ဆန်ဆိုင်တွေက ပြောတာက ဆန်ခွဲတောင်မှ ရောင်းစရာမရှိတော့ဘူးလို့ ပြောနေကြတယ်” ဟု ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့ရှိ ဆန်အရောင်းဆိုင်များတွင် သိုလှောင်ထားသည့် ဆန်အိတ်များမှာ နိုဝင်ဘာ ၂၁ ရက်မှစပြီး ပြတ်လပ်သွားကြောင်း ဆန်ဆိုင်ပိုင်ရှင်များက ပြောသည်။ 

“အဓိကတော့ ရခိုင်ပြည်မြောက်ပိုင်း မြို့နယ်တွေကပဲ ဘုတ်တွေ၊ စက်လှတွေနဲ့ ဆန်သယ်ယူရတာ။ အခုလို ရေလမ်းကြောင်းတွေ ပိတ်မယ်မှန်းသိရင်တော့ အများကြီးဝယ်ထားဖြစ်မှာပေါ့။ အခုက ချက်ချင်းအမိန့်ထုတ်ပြီး လမ်းတွေကိုပိတ်လိုက်တာဆိုတော့ ရောင်းစရာကို မရှိတော့တာ” ဟု ကျောက်ဖြူမြို့မှ ဆန်အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ 

ကျောက်ဖြူမြို့နယ်တွင် ယခင်စစ်ရေးကာလက စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားမှုများ မရှိခဲ့ပေ။ လက်ရှိမှာလည်း စစ်မက်ဖြစ်ပွားခြင်းမရှိဘဲ တည်ငြိမ်နေသောကြောင့် စစ်ကောင်စီအနေဖြင့် လုံခြုံရေးတင်းကျပ်မှုများကို ဖြေလျော့ပေးရန် ဒေသခံများက လိုလားနေကြသည်။

“အခုလိုစစ်ရေးကာလမှာ ငတ်ပြတ်လာရင်တော့ ခိုးတာ၊လုတာတွေ ရှိလာမှာဖြစ်သလို လူထုပုန်ကန်မှုတွေ၊ တော်လှန်မှုတွေလည်း ဖြစ်လာမှာကကျိန်းသေပဲ။ ဒါကြောင့်  မြို့အခြေအနေကို တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်တယ်ဆိုရင် ပြည်သူဘက်ကို ကြည့်ဖို့လိုတယ်” ဟု ကျောက်ဖြူဒေသခံ ကိုနေစိုးခိုင်က ပြောသည်။ 

လက်ရှိတွင် ကျောက်ဖြူမြို့အတွင်း ကားဂိတ်၊ သင်္ဘောဆိပ်၊ စက်လှေဆိပ်၊ လေဆိပ်အပါအဝင် အချက်အချာကျသည့်နေရာများတွင် စစ်ကောင်စီတပ်သားများက ကင်းစောင့်ခြင်း၊ လက်နက်အပြည့်အစုံဖြင့် လှည့်လည့်သွားလာခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း စသည်တို့ကို ပြုလုပ်နေပြီး ဒေသခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း သိရသည်။

#D005 #DMG 

ဗီဒီယိုများ