ဈေးနှုန်းသက်သာစွာ ရောင်းချနေသည့် စားသုံးဆီများကို လောက်ငှစွာရောင်းချပေးရန် လိုလားနေကြ

စားသုံးဆီ ၁ လီတာကို ငွေကျပ် ၂၅၀၀ ခန့်ဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အပါအဝင် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ ရောင်းချလျက်ရှိသည်။

By Admin 30 Apr 2023

သံတွဲမြို့နယ်တွင် ဧပြီလ ၂၈ ရက်နေ့က ဈေးနှုန်းသက်သာစားသုံးဆီများ ရောင်းချပေးနေသည့် မြင်ကွင်း။ ဓာတ်ပုံ - ရခိုင်နေ့စဉ်
သံတွဲမြို့နယ်တွင် ဧပြီလ ၂၈ ရက်နေ့က ဈေးနှုန်းသက်သာစားသုံးဆီများ ရောင်းချပေးနေသည့် မြင်ကွင်း။ ဓာတ်ပုံ - ရခိုင်နေ့စဉ်

DMG ၊ ဧပြီ ၃၀

ရခိုင်ပြည်ရှိ မြို့နယ်အနှံ့အပြားတွင် ဆီလုပ်ငန်းရှင်များမှ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသော စားသုံးဆီများကို လောက်ငှစွာ ရောင်းချပေးရန် ဒေသခံများက လိုလားနေကြသည်။

စားသုံးဆီ ၁ လီတာကို ငွေကျပ် ၂၅၀၀ ခန့်ဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အပါအဝင် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ ရောင်းချလျက်ရှိသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်အလိုက် ရပ်ကွက်များတွင် ဒေသခံများအနေဖြင့် စားသုံးဆီ စားသုံးဆီလောက်ငှစွာ ဝယ်ယူရရှိရန် လိုလားနေကြခြင်း ဖြစ်သည်။

“စားသုံးဆီက မင်းဂံ၊ ကယ်ဆယ်ရေးရပ်ကွက်ဘက်တို့ကို မကြာမကြာ လာရောင်းတယ်။ ဒါပေမယ့် တစ်ခါမှ မလောက်ဘူး။ မရလိုက်တဲ့လူတွေက အများကြီးကျန်ခဲ့တယ်။ သူတို့က ကားတွေနဲ့တင်ပြီး လာရောင်းတာ။ ဝယ်မယ့်သူတွေက တန်းစီပေးရတယ်။ တန်းစီပြီး မရလိုက်တဲ့လူတွေ အများကြီးပဲ။ ရောင်းတဲ့လူတွေက ဆီကို ဒီထက်ပိုပြီး အများကြီး ရောင်းပေးစေချင်တယ်” ဟု စစ်တွေမြို့ မင်းဂံရပ်ကွက်မှ ဒေါ်မအေးက ပြောသည်။

ရသေ့တောင်မြို့တွင်လည်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တစ်လလျှင်တစ်ကြိမ်ခန့် ကားများဖြင့်လာရောက်ကာ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“ဆီအရည်အသွေးကတော့ ကောင်းပါတယ်။ ဒါပေမယ့် မရလိုက်တဲ့လူတွေလည်း ရှိတယ်။ စည်ဗူးကြီးတွေနဲ့ လာရောင်းကြတာ။ အဲလိုဗူးက ၂ ဗူးလောက်ပါမယ်။ ဆီက အပြင်ဆိုင်တွေကဝယ်ရင် ဈေးပိုပေးရတယ်” ဟု ရသေ့တောင်ဒေသခံတစ်ဦးက ပြောသည်။

ပြည်တွင်းဈေးကွက်တွင် စားသုံးဆီ ၁ လီတာကို ငွေကျပ် ၄,၅၀၀ မှ ၄,၈၀၀ အထိ ပေါက်ဈေးရှိနေသော်လည်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စစ်ကောင်စီထံမှ စားသုံးဆီများကို အစိုးရရည်ညွှန်းဈေးဖြင့် ဝယ်ယူကာ ၁ လီတာကို ၂,၅၀၀ ကျပ်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။

စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် လစဉ်ရောင်းချရာတွင် လောက်ငှမှုမရှိ၍ သက်ဆိုင်ရာအာဏာပိုင်များထံ စားသုံးဆီထပ်တိုးရောင်းချပေးဖို့အတွက် ယခု ဧပြီလ ၂၁ ရက်နေ့က တင်ပြတောင်းဆိုထားသည်ဟု ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်အေးမောင်က DMG သို့ ပြောသည်။

“အခြေခံလူတန်းစားတွေအတွက် လောက်ငှအောင် ဖြန့်ဖြူးပေးချင်တယ်။ အခြေခံလူတန်းစားတွေ သက်သာစေဖို့အတွက် စားသုံးဆီကို အစိုးရရည်ညွှန်းဈေးနဲ့ ကိုယ့်ဒေသမှာ လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်ဖို့ နိုင်ငံတော်အစိုးရက စားသုံးဆီအများကြီး ဝယ်ယူခွင့်ရဖို့ တင်ပြတောင်းဆိုထားတယ်။ အကြောင်းတော့ မပြန်လာသေးပါဘူး” ဟု ၎င်းက ပြောသည်။

ရခိုင်တွင် အခြေခံလူတန်းစားများအတွက် ပျမ်းမျှအားဖြင့် လစဉ်စားသုံးဆီ ၂ သန်းခန့် လိုအပ်သော်လည်း လက်ရှိတွင် လုံလောက်သည့် စားသုံးဆီ ပမာဏကို စစ်ကောင်စီထံမှ ဝယ်ယူ၍မရသေးကြောင်း ဦးကျော်အေးမောင်က ဆက်ပြောသည်။

စစ်ကောင်စီ၏ ဧပြီလ ၂၄ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်း ဈေးနှုန်းအနေဖြင့် စားသုံးဆီ ၁ ပိဿကို ၄,၆၈၀ ကျပ်ဖြင့်ရောင်းချရန် ထုတ်ပြန်ထားသည်။

#R005

ဗီဒီယိုများ