ရခိုင်တွင် တားမြစ်ကုန်ပစ္စည်းများရောင်းချနေခြင်း အရေးယူမှု အားနည်းနေသေး

ရခိုင်ပြည် ဈေးကွက်အတွင်း သုံးစွဲရန်မသင့်သည့် အစားအသောက်နှင့် အလှကုန်ပစ္စည်းများ ရောင်းချနေခြင်းနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုအပိုင်းမှာ အားနည်းနေသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

By Admin 17 Oct 2023

ရခိုင်ဈေးကွင်းအတွင်း ရောင်းချနေသော တားမြစ်အလှကုန်ပစ္စည်းတစ်မျိုးအား တွေ့ရစဉ်။
ရခိုင်ဈေးကွင်းအတွင်း ရောင်းချနေသော တားမြစ်အလှကုန်ပစ္စည်းတစ်မျိုးအား တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၁၇

ရခိုင်ပြည် ဈေးကွက်အတွင်း သုံးစွဲရန်မသင့်သည့် အစားအသောက်နှင့် အလှကုန်ပစ္စည်းများ ရောင်းချနေခြင်းနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုအပိုင်းမှာ အားနည်းနေသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၁၉ မျိုးတွင် ရခိုင်မှ နှစ်မျိုးပါဝင်ခဲ့သည်။

ယင်းစားသောက်ကုန်ပစ္စည်းများမှာ ရှမ်းမလေး(သစ်သီးယို)နှင့် လျှာရင်းမြတ်(ဇီးစပ်လုံး)ဖြစ်ပြီး ထိုစားကုန်များမှာ အစာအိမ်နှင့် ကင်ဆာရောဂါတို့ ဖြစ်စေသဖြင့် မစားသုံးရန် FDA က တားမြစ်ထားခြင်းဖြစ်သည်။

ဈေးကွက်အတွင်း ယခုကဲ့သို့ တားမြစ်စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုရှိနေခြင်းမှာ သက်ဆိုင်ရာမှ ထိထိရောက်ရောက် အရေးယူမှုအားနည်းခြင်းကြောင့်ဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

“အဓိက ကလေးတွေအတွက်ပေါ့ FDA ထောက်ခံချက်မရှိဘဲ ပုံစံအဆန်းအပြားလေးတွေနဲ့ စားသောက်ကုန်တွေကိုတော့ အထူးအရေးယူသင့်တယ်။ FDA အနေနဲ့လည်း အလေးထားလုပ်ဖို့ လိုအပ်တယ်။ ဒီလိုမျိုး တားမြစ်စားသောက်ကုန်တွေ့ရင် ထိထိရောက်ရောက်အရေးယူဖို့ လိုအပ်တယ်” ဟု စစ်တွေမြို့မှ ကိုကျော်မင်းထွန်းက ပြောသည်။

ယင်းအပြင် သုံးစွဲရန်မသင့်ကြောင်း တားမြစ်ထုတ်ပြန်ထားသည့် အလှကုန်ပစ္စည်းများမှာလည်း ယခုအထိ ရခိုင်ပြည် ဈေးကွက်အတွင်း တွင်ကျယ်စွာရောင်းချမှုများ ရှိနေသေးသည်။

ဈေးကွက်အတွင်းရောင်းချနေသော အလှကုန်ပစ္စည်းများမှာ Huncihbeauty၊ Comfor Beauty နုတ်ခမ်းနီ အမျိုးအစားများ၊ Via letvass eye shadow၊ NOVO Eye Shadow၊ Anylady Eye shadow မျက်လုံးအရောင်ခြယ်ပစ္စည်းများ၊ AIFUBAO Whitening Night Cream၊ Sky Pearl Cream၊ QIANLI Cream စသည့်ပစ္စည်းများဖြစ်သည်။

ယင်းပစ္စည်းများမှာ အသားအရည်ကို ထိခိုက်ပျက်စီးစေသော Steroid ပါရှိသဖြင့် သုံးစွဲလျှင် ခန္ဓာကိုယ်ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ မျက်နှာပေါ်တွင် အဖြူအနီကွက်များဖြစ်တတ်ပြီး ကြာရှည်သုံးစွဲပါက အရေပြားကင်ဆာဖြစ်နိုင်ကြောင်း FDA က သတိပေးထုတ်ပြန်ထားသည်။

“ရခိုင်ပြည်ထဲက အကြီးဆုံးကုန်စုံဆိုင်တွေမှာတောင် FDA ထောက်ခံချက်မပါတဲ့ အလှကုန်ပစ္စည်းတွေ တွေ့ရတယ်။ အများစုကတော့ အသုံးများတဲ့အလှကုန်ပစ္စည်းတွေပေါ့။ အဲဒီပစ္စည်တွေက ဈေးပေါ့တော့ အခြေခံလူတန်းစား တွေအများကြီးသုံးကြတာ။ ဒါတွေကို FDA က သေချာကိုင်တွယ်ဖို့လိုတယ်” ဟု မြောက်ဦးမြို့မှ အမည်ဖော်လိုသည့် အမျိုးသမီးက ပြောသည်။

ရခိုင်ဈေးကွက်အတွင်း တားမြစ်အစားအသောက်နှင့် အလှကုန်ပစ္စည်းများ လျော့ကျလာရေးအတွက် ဝယ်ယူရောင်းချသူများအပြင် ထုတ်လုပ်မှုနေရာများကို ထိန်းချုပ်ရန်လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

စစ်တွေမြို့မှ ကုန်စုံဆိုင်ပိုင်ရှင် ကိုနေမျိုးလင်းက “ကုန်ပစ္စည်းတွေက သယ်ယူပို့ဆောင်ရေးတွေမှာ သေချာစစ်ဆေးမှ ဈေးကွက်ထဲ ရောက်မလာနိုင်မှာ။ ပြည်ပက ဝင်လာတာဖြစ်ဖြစ်၊ ပြည်တွင်းမှာ ထုတ်နေကြတာပဲဖြစ်ဖြစ် အရင်းအမြစ်ကို သေချာကိုင်တွယ်ဖို့လိုတယ်။ ဈေးကွက်ထဲကို ရောက်လာမှတော့ လုပ်ဖို့မလွယ်တော့ဘူး” ဟု ပြောသည်။

တားမြစ်စားသောက်ကုန်ပစ္စည်း ရောင်းချမှုများတွေ့ရှိလျှင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး သတိပေးတားဆီးမှု၊ ဖျက်စီးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း ရခိုင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြောဆိုထားသည်။

“ပထမတစ်ကြိမ်တွေ့ရင်တော့ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းတယ်။ ဒုတိယတစ်ကြိမ်တွေ့ရင် ငွေဒဏ်တပ်တယ်။ တတိယတစ်ကြိမ်ဆိုရင်တော့ တရားစွဲလို့ရတယ်။ အဲလိုမျိုး လုပ်ထားတယ်။ စစ်ဆေးရမိတဲ့ကုန်ပစ္စည်းတွေကို ဖျက်စီးပစ်တယ်” ဟု ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာ တင်ကိုဝင်းက ပြောသည်။

ရခိုင်ပြည်ဈေးကွက်အတွင်း သုံးစွဲရန်မသင့်ကြောင့် တားမြစ်ထားသည့် အစားအသောက်နှင့် အလှကုန် ပစ္စည်းများ ထပ်မံတွေ့ရှိလျှင် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုက်တွန်းထားသည်။

ဗီဒီယိုများ