ရခိုင်တွင် စစ်ကောင်စီ ရောင်းပေးနေသော စားနပ်ရိက္ခာများကို အရပ်သား ဝယ်ယူမှု နည်းပါး

ရခိုင်ပြည် စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ဂွစသည့်မြို့နယ်အချို့တွင် စစ်ကောင်စီက ရောင်းပေးနေသော စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများကို အရပ်သားများ ဝယ်ယူမှုမရှိဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 22 Dec 2022

ရခိုင်တွင် စစ်ကောင်စီ ရောင်းပေးနေသော စားနပ်ရိက္ခာများကို အရပ်သား ဝယ်ယူမှု နည်းပါး

ဟင်းသီးဟင်းရွက်နှင့် ကုန်ပစ္စည်းများကို စစ်ကောင်စီက ရောင်းချပေးနေသည့် မြင်ကွင်း (ဓာတ်ပုံ- ရခိုင်နေ့စဉ် လှုမှုကွန်ယက်)

DMG |ဒီဇင်ဘာ ၂၂

ရခိုင်ပြည် စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ဂွစသည့်မြို့နယ်အချို့တွင် စစ်ကောင်စီက ရောင်းပေးနေသော စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများကို အရပ်သားများ ဝယ်ယူမှုမရှိဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို ပြည်သူများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရန်” ဟု ဆိုကာ ရခိုင်ရှိ မြို့နယ်အချို့တွင် ပြည်နယ်စစ်ကောင်စီ၏ ဉီးဆောင်မှုဖြင့် ရောင်းချပေးနေကြောင်း စစ်ကောင်စီ၏ သတင်းများကို အသားပေးဖော်ပြနေသည့် လူမှုကွန်ယက်စာမျက်နှာ “ရခိုင်နေ့စဉ်” တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ လာရောက်ရောင်း ချရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် အမျိုးသမီးအချို့ပါဝင်ပြီး ဟင်းသီးဟင်းရွက်၊ ငှက်ပျောသီး၊ အသားငါး၊ ကြက်ဥ၊ ပဲ၊ ဆီ၊ ဆန်၊ ဆပ်ပြာမှုန့် စသည့် မီးဖိုချောင်သုံး ပစ္စည်းများကို ရပ်ကွက်ဈေး၊ လမ်းဘေးစသည့် နေရာတို့တွင် ခင်းကျင်းပြသ ရောင်းချနေခြင်းဖြစ်ကြောင်းသိရသည်။

အမ်းမြို့ခံ အမျိုးသမီးတစ်ဦးက “ သူတို့က ဈေးသက်သာစွာနဲ့ ရောင်းတယ်ပဲ ပြောတာ။ ဘာမှ ဈေးမသက်သာဘူး။ အပြင်ကဝယ်လည်း အဲဒီဈေး အတိုင်းပဲ ရတာလေ။ အခုလည်း သူတို့ရောင်းတာကို ဝယ်တဲ့သူမရှိဘူး။ စစ်သားတွေနဲ့ သူတို့ ဇနီးတွေ ပါတာပေါ့။ ကားပေါ်က ပစ္စည်းကိုချရင် လူတွေက ဘာတွေပါလဲဆိုတာကို ဝိုင်းပြီး လာကြည့်ကြတာကိုကို သူတို့က ပုံတွေရိုက်ထားတာ ” ဟု DMG ကို ပြောသည်။

စစ်ကောင်စီက လာရောက်ရောင်းချသည့် အဆိုပါ ပစ္စည်းများတွင် ကြက်ဥ အလတ်စား ၆ လုံးကို ၁၀၀၀ ကျပ်၊ စားအုန်းဆီ တစ်လီတာကို ၃၅၀၀ ကျပ်၊ ဆပ်ပြာမှုန့် (အသေး) တစ်ထုပ် ကို ၅၀၀ ကျပ် စသဖြင့် ရောင်းချလျက်ရှိကြောင်း ၎င်းက ပြောသည်။

ယခုကဲ့သို့ အမ်းမြို့ရှိ ဈေးအချို့တွင် ဩဂုတ်လ အတွင်းမှစ၍ တစ်လတစ်ကြိမ်၊ နှစ်ကြိမ်လာရောက် ရောင်းချပြီး စစ်ကောင်စီတပ်သားနှင့် အမျိုးသမီး စုစုပေါင်း လူဦးရေ ၂၀ ခန့် ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ပစ္စည်းများမှာ စစ်ကောင်စီမှ ရောင်းချခြင်းဖြစ်သည့်အတွက် အရပ်သားများ မနှစ်သက်ခြင်းတို့ကြောင့် ဝယ်ယူသူနည်းပါးရခြင်းဟု ဂွမြို့ခံတို့က ပြောသည်။

“ ဂွမှာကျတော့ သူတို့က ဈေးထဲလာရောင်းတာ မဟုတ်ဘူး။ လမ်းဘေး ချရောင်းတာ။ အဲဒီပစ္စည်းတွေကို နာရီခွဲ၊ တစ်နာရီလောက် ချရောင်းတာပေါ့။ သူတို့ တပ်ကပဲ လာရောင်းတာ။ စစ်သားဝတ်စုံတွေနဲ့။ သူတို့ စိတ်ကူးပေါက်တဲ့အချိန် အဲဒီလို ဓာတ်ပုံရိုက်ဖို့လိုတဲ့အချိန် လာတာ။ လူတွေက မဝယ်ကြဘူး။ သွားဝယ်တဲ့သူ တချို့ကိုလည်း သူတို့က ဓါတ်ပုံတွေ လှမ်းရိုက်နေတာ။ သူတို့ အချင်းချင်းပဲ ပြန်ဝယ်ကြတယ်” ဟု ဂွမြို့ခံတစ်ဉီးက ဆိုသည်။

ထိုသို့ စစ်ကောင်စီ ရောင်းကုန်များကို စစ်တပ်မိသားစုဝင်များသာ အများဆုံး ဝယ်ယူနေကြပြီး အရပ်သားများ ဝယ်ယူသူမရှိသလောက်ဖြစ်နေကြောင်း သိရသည်။

အလားတူ တောင်ကုတ်ဒေသခံ တစ်ဦးကလည်း “ အဲဒါ စစ်တပ်က လာရောင်းတာ။ ကျွန်တော်တို့က သွားမဝယ်တော့ သူတို့မှာ ဘယ်လိုရောင်းလဲမသိဘူး။ ရပ်ကွက်ထဲ တစ်လမှာ နှစ်ကြိမ်လောက် လာတယ် ” ဟု ပြောသည်။

အဆိုပါ ဟင်းသီးဟင်းရွက်များမှာ ပြည်နယ် စိုက်ပျိုးရေး ဦီးစီးဌာနမှ စိုက်ပျိုးထားသည့် ထွက်ကုန်များဖြစ်ပြီး ရွှေ့လျား ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

ဗီဒီယိုများ