ဆန်သယ်ခွင့် ကန့်သတ်ခံရမှုကြောင့် တနင်္သာရီမြို့နယ်အတွင်း ဆန်ပြတ်လပ်လာနေ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၌ ဆန်သယ်ယူခွင့်ကို အောက်တိုဘာ လဆန်းမှစ၍ စစ်ကောင်စီတပ်က ကန့်သတ်ထားခြင်းကြောင့် ကျေးရွာများတွင် ဆန်စျေးမြင့်တက်ကာ ဆန်ပြတ်လပ်မှုနှင့်ကြုံနေရကြောင်‌ေ ဒေသခံများကပြောသည်။

By Admin 18 Oct 2023

တနင်္သာရီမြို့ဝင် တစ်နေရာကို တွေ့ရစဥ်။ ဓာတ်ပုံ - Social
တနင်္သာရီမြို့ဝင် တစ်နေရာကို တွေ့ရစဥ်။ ဓာတ်ပုံ - Social

DMG ၊ အောက်တိုဘာ ၁၈

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၌ ဆန်သယ်ယူခွင့်ကို အောက်တိုဘာ လဆန်းမှစ၍ စစ်ကောင်စီတပ်က ကန့်သတ်ထားခြင်းကြောင့် ကျေးရွာများတွင် ဆန်စျေးမြင့်တက်ကာ ဆန်ပြတ်လပ်မှုနှင့်ကြုံနေရကြောင်‌ေ ဒေသခံများကပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့ကစ၍ တနင်္သာရီမြို့အဝင် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၆၁)ရှေ့ရှိ စစ်ဆေးရေးဂိတ်မှ ဆန်သယ်ယူလာသည့် ကားများကို တားဆီးခြင်းနှင့် ပုံမှန်ထက် စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

“ဆန်သယ်လာတဲ့ကားတွေကို မြို့ဝင်နေရာတွေနဲ့ ခမရ- ၅၆၁ ဂိတ်တွေမှာ စစ်ဆေးရေးကျပ်တယ်။ အခုလဆန်းကတည်းက ဆန်သယ်တဲ့ကားဆိုတာနဲ့ ဖမ်းတာ အစီး ၃၀ ကျော်နေပြီ။ ကားသမားတွေက ဆန်မသယ်ရဲကြတော့တာမျိုး ဖြစ်လာတယ်” ဟု တနင်္သာရီမြို့ခံ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

ဆန်တင်ဆောင်လာသည့် ကားများကို ဂိတ်ကြေးကောက်ခံမှု၊ အမျိုးမျိုး စစ်ဆေးခံရတို့ကြောင့် ဆန်သယ်ဆောင်မှုကို ရပ်နားထားရကြောင်း ဒေသခံဆန်ကုန်သည်များထံမှ သိရသည်။

လတ်တလောတွင် တနင်္သာရီမြို့ပေါ်နှင့် ကျေးရွာများ၌ ဆန်ကြမ်း ၂၄ ပြည် တစ်အိတ်ကို ယခင် ငွေကျပ် ၅၀,၀၀၀ မှ ယခု ကျပ် ၈၀,၀၀၀၊ ဆန်အချောတစ်အိတ်ကို ယခင် ကျပ် ၁၀၀,၀၀၀ မှ ယခုကျပ် ၂၅၀,၀၀၀ အထိ စျေးနှုန်းမြင့်တက်နေကြောင်း ဆန်ဆိုင်ရှင်များကဆိုသည်။

“ဆန်စျေးက တဖြေးဖြေးတက်နေတာ။ အခု ဂိတ်က ဆန်သယ်ခွင့်မပေးတော့ အကုန်ဒုက္ခရောက်ကုန်တယ်။ ဆန်ကြမ်းကော ဆန်ချောကော ဝယ်လို့မရတော့ဘူး။ ကြာရင် ငတ်ဘေးဆိုက်ဖို့ပဲရှိတော့တယ်” ဟု မြို့တွင်းရှိ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း၊ တကူ၊ သာရဘွင်၊ သိန္ဓောနှင့် ကော့မပြင်း စသည့် ကျေးရွာအုပ်စုတို့တွင် ဆန်ပြတ်လပ်ဖြစ်နေသဖြင့် ဆန်အစား ခေါက်ဆွဲထုတ်နှင့် မုန့်တီခြောက်များကို စားသုံးနေရကြောင်း ဒေသခံများကပြောသည်။

“ဆန်လိုက်ဝယ်တာ တစ်ပြည်ပဲရလာတယ်။ ဒါကြောင့် မြို့ထဲကမိတ်ဆွေတွေဆီ အကူအညီတောင်းမှပဲ ဆန် ၁၀ ပြည် တစ်အိတ်ရသွားတော့ ကံကောင်းတယ်။ တချို့ဆို ဆန်ဝယ်မရလို့ ခေါက်ဆွဲခြောက်ပဲ သောက်နေရတာတွေ ရှိတယ်။ တချို့ဆို မုန့်တီခြောက်တွေပါ စားနေကြရတယ်” ဟု ညောင်ပင်ကွင်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်သို့ စစ်ကောင်စီတပ်မှ ဆန်သယ်ဆောင်ခွင့် ပိတ်ပင်ခံရမှုနှင့်ပက်သက်၍ စစ်ကောင်စီ၏ တနင်္သာရီတိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး နောက်ဆက်တွဲအနေဖြင့် ဆန်နှင့် ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်းရှိ သရက်ချောင်းမြို့နယ်၊ ထားဝယ်မြို့နယ်နှင့် ပုလောမြို့နယ်တို့တွင်လည်း ဆန်နှင့် ဆေးဝါးသယ်ဆောင်ခွင့်များ ကန့်သတ်ထားကြောင်းလည်း သိရသည်။

ဗီဒီယိုများ