ဆယ်လအတွင်း စားသုံးရန်မသင့်သည့် တားမြစ်စားသောက်ကုန် အမျိုးအစား ၃၀၀ ကျော် တွေ့ရှိ

မြန်မာနိုင်ငံတွင် ဆယ်လတာကာလအတွင်း ပြည်သူများ စားသုံးရန်မသင့်သည့် တားမြစ်စားသောက်ကုန် အမျိုးအစား ၃၁၈ မျိုးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွက်ကဲရေးဦးစီးဌာနမှ သိရသည်။

By Admin 26 Oct 2023

 FDA မှ တွေ့ရှိခဲ့သော တားမြစ်စားသောက်ကုန်ပစ္စည်းတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - FDA
FDA မှ တွေ့ရှိခဲ့သော တားမြစ်စားသောက်ကုန်ပစ္စည်းတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - FDA

DMG ၊ အောက်တိုဘာ ၂၆

မြန်မာနိုင်ငံတွင် ဆယ်လတာကာလအတွင်း ပြည်သူများ စားသုံးရန်မသင့်သည့် တားမြစ်စားသောက်ကုန် အမျိုးအစား ၃၁၈ မျိုးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွက်ကဲရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းရောင်းချနေသည့် အစားအသောက် ၄၀၅၁ မျိုးကို စစ်ဆေးခဲ့ပြီး ယင်းအထဲမှ စားသုံးရန်မသင့်ကြောင်း တားမြစ်ထားသော ကုန်ပစ္စည်း ၃၁၈ မျိုးကို တွေ့ခဲ့ခြင်းဖြစ်သည်။

“အဲစားသောက်တွေက FDA ကို မှတ်ပုံမတင်ထားတဲ့ စားသောက်ကုန်တွေပါ။ လိပ်စာပါတဲ့ စားသောက်ကုန်တွေတော့ ပြည်တွင်းမှာ မရောင်းပါနဲ့ဆိုပြီး သိမ်းခိုင်းပါတယ်။ ပြီးရင် မရောင်းဖို့ ခံဝန်ထိုးခိုင်းပါတယ်။ စားသောက်ကုန်ရောင်းရင် FDA မှတ်ပုံတင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။” ဟု အစားအသောက်နှင့်ဆေးဝါး ကွက်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ပါမောက္ခ ဒေါက်တာ ခင်ဇော်က ပြောသည်။

Online မှတစ်ဆင့် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများမှာ မြန်မာနိုင်ငံ သွင်းကုန်ထောက်ခံချက် မရှိဘဲ ထောက်ခံချက်အတုများ ပြုလုပ်ရောင်းချခြင်း၊ လိပ်စာအပြည့်အစုံ မရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိရ၍ ပြည်သူများအနေဖြင့် သေချာစိစစ်ပြီးမှ ဝယ်ယူကြရန် FDA က တိုက်တွန်းထားသည်။

“ကျွန်မတို့က ဘယ်သိမလဲနော်။ အဲလောက်ထိလည်း မစိစစ်နိုင်ဘူးလေ။ ဒီတော့ ဝယ်စားမိတာပေါ့။ FDA ကသာ ကြပ်ကြပ်မတ်မတ် တကယ်လုပ်ပြီး သိမ်းသင့်တဲ့ပစ္စည်းသိမ်း၊ အရေးယူသင့်တာ အရေးယူပြီး စိစစ်မှုတွေ ဆက်တိုက်လုပ်သွားရင် ကျွန်မတို့ပြည်သူတွေအတွက် ကောင်းတာပေါ့။” ရန်ကုန်မြို့တွင် နေထိုင်သူ ဒေါ်ဝင်းမာက ပြောသည်။

ယခုတွေ့ရှိခဲ့သော တားမြစ်စားသောက်ကုန်ပစ္စည်းများအနက် ကုန်စည် ၁၉ မျိုးမှာ ထုတ်လုပ်ရောင်းချသူ မရှာဖွေနိုင်သည့် စားသောက်ကုန်မျိုးဖြစ်ပြီး အများသိရှိရန်အတွက် အမှတ်တံဆိပ်များသာ ပါဝင်သော ဓာတုဗေဒပစ္စည်း အမျိုးအစားများဖြစ်ကြောင်း FDA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပစ္စည်းများတွင် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေသည့် ဓာတုဓာတ်ပစ္စည်းများ ပါဝင်သဖြင့် ရေရှည်စားသုံးလျှင် အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်သဖြင့် ပစ္စည်းရောင်းချသူများကို အမျိုးသားစားသောက်ကုန်ဥပဒေပုဒ်မ - ၂၈(က) အရ အရေးယူသွားမည်ဟု FDA က ပြောဆိုထားသည်။

“ကျနော်တို့ ဆီလုပ်ငန်းရှင်တွေကိုတော့ ၂၀၂၄ ခုနှစ် ဧပြီလအမှီ FDA ထောက်ခံချက်လုပ်ကြဖို့ တိုက်တွန်းထားတော့ ဆီစက်လုပ်ငန်းရှင်တွေတိုင်း FDA ထောက်ခံချက် လုပ်နေကြပါတယ်။” ဟု မကွေးမြို့မှ ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တားမြစ်ထားသော တရားမဝင်ကုန်ပစ္စည်း ရောင်းချနေခြင်းများနှင့်ပတ်သက်၍ စိစစ်ကာ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါး ကွက်ကဲရေးဦးစီးဌာန (FDA)မှ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အစားအသောက်နှင့်ဆေးဝါး ကွက်ကဲရေးဦးစီးဌာနမှ အရေးယူမှုများ ပြုလုပ်လျက်ရှိသော်လည်း Online လူမှုကွန်ရက်စာနှာမှတစ်ဆင့် တရားမဝင်စားသောက်ကုန်များကို အလွန်အကျွံ ကြော်ငြာရောင်းချခြင်းများ ရှိနေဆဲဖြစ်သည်။

 

 

ဗီဒီယိုများ