စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများကို လျော့ချနိုင်ရန် ကြိုးပမ်းနေကြောင်း အပစ်ရပ် ၅ ဖွဲ့ပြော

ဩဂုတ်လ ၂၉ ရက်မှ ၃၁ ရက်နေ့ထိ ယခုတွေ့ဆုံမှုသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများကို လျော့ချနိုင်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် (၅) ဖွဲ့က ပြောသည်။

By Admin 01 Sep 2023

ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝဏ္ဏအောင်နှင့် အပစ်ရပ်အဖွဲ့ ပြောခွင့်ရသူ စောမြရာဇာလင်းအား တွေ့ရစဉ်။
ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝဏ္ဏအောင်နှင့် အပစ်ရပ်အဖွဲ့ ပြောခွင့်ရသူ စောမြရာဇာလင်းအား တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၁

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့် ၅ ဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ သုံးရက်ကြာတွေ့ဆုံပြီးနောက် အချက် ၉ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၉ ရက်မှ ၃၁ ရက်နေ့ထိ ယခုတွေ့ဆုံမှုသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများကို လျော့ချနိုင်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် (၅) ဖွဲ့က ပြောသည်။

“အဓိကတော့ ဒီတိုင်းပြည်ဟာ ငြိမ်းချမ်းဖို့ လိုပါတယ်။ မငြိမ်းချမ်းဘူးဆိုလို့ရှိရင် လူသားအရင်းအမြစ်တွေ၊ စီးပွားရေးအခက်အခဲတွေ ကြုံတယ်။ အဲဒါကြောင့် ငြိမ်းချမ်းဖို့လိုတယ်ဆိုတဲ့ ဦးတည်ချက်ဟာ အားလုံးနဲ့ ဆိုင်တယ်။ အားလုံးအတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်” ဟု အပစ်ရပ် ၅ ဖွဲ့ ပြောခွင့်ရသူ စောမြရာဇာလင်းက ပြောသည်။

ဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်လိုသည့်ပုဒ်မများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး အခြေခံသဘောတူညီချက် (၄) ချက်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် ဘုံသဘောတူညီချက် မှတ်တမ်း (၅) ချက်ကို နှစ်ဖက်တာဝန်ရှိသူများ လက်မှတ်ရေးထိုးခဲ့ကြောင်း အပစ်ရပ် ၅ ဖွဲ့က ထုတ်ပြန်ထားသည်။

“ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ရလဒ်တွေကိုတော့ ပြောပိုင်ခွင့်မရှိပါဘူး” ဟု စောမြရာဇာလင်းက ပြောသည်။

နိုင်ငံတကာလူသားချင်းစာနာမှုအဖွဲ့များနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရာတွင် NCA လက်မှတ်ထိုးအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိရေးအတွက် အပစ်ရပ် ၅ ဖွဲ့က ဆွေးနွေးတင်ပြခဲ့ပြီး၊ အောက်တိုဘာလ(၁၅) ရက်နေ့တွင် NCA လက်မှတ်ရေးထိုးခြင်း (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က - စစ်ကောင်စီလက်ထက်တွင် NCA ရေးထိုးထားပြီးလက်နက်ကိုင် (၇)ဖွဲ့၊ NCA မထိုးထားသေးသော လက်နက်ကိုင် (၃)ဖွဲ့၊ နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မများထဲမှ ၂၁ ချက်ကို ပြင်ဆင်ရန် သဘောတူခဲ့ကြောင်း ပြောသည်။ 

စစ်ကောင်စီသည် အပစ်ရပ် လက်နက်ကိုင်အဖွဲ့များနှင့် မကြာခဏတွေ့ဆုံနေခြင်းမှာ ဟန်ပြသဘော လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်နက်ကိုင်တပ်များကို အသုံးချနေခြင်းဟု နိုင်ငံရေးသမားများက ဝေဖန်နေကြသည်။ 

“အခုတွေ့နေတဲ့အဖွဲ့တွေက မလွဲသာမရှောင်သာလို့ စစ်ကောင်စီနဲ့ဆွေးနွေးပြီး NCA အကြောင်းကို ဆွေးနွေးတဲ့သဘောပါ။ စစ်ကောင်စီအနေနဲ့လည်း NCA မူဝါဒအတိုင်းသွားမယ်။ တိုင်းရင်းသားတွေကို ဖက်ဒရယ်ပေးမယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ လုပ်နေပါတယ်ဆိုပြီး နိုင်ငံတကာကို ပြချင်တာလည်းပါတယ်။ နိုင်ငံတကာကို လှည့်စားဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေကို အသုံးချနေတာ” ဟု နိုင်ငံရေးသုံးသပ်သူ  ဦးဖေသန်းက ပြောသည်။ 

စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သည့် အပစ်ရပ် (၅) ဖွဲ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့ဖြစ်ပြီး ယင်းအဖွဲ့တို့သည် လူထုထောက်ခံမှုနှင့် တပ်ဖွဲ့ဝင်အင်အား အားနည်းသောအဖွဲ့များဟု လူထု၏ ဝေဖန်မှုကို ခံနေကြရသည်။ 

#I003

ဗီဒီယိုများ