စစ်တွေမြို့ လောကာနန္ဒာဘုရားခြံစည်းရိုးရှေ့ ဈေးမရောင်းရဟုတားမြစ်

စစ်တွေမြို့၊ လောကာနန္ဒာဘုရားခြံစည်းရိုးရှေ့နှင့် ပလက်ဖောင်းကြားတွင် လုံးဝဈေးမရောင်းရဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့(ဇန်နဝါရီလ ၆ ရက်)တွင် စာကပ်ပြီးတားမြစ်ထားသည်ဟု ဈေးရောင်းချသူများထံမှသိရသည်။

By DMG 07 Jan 2022

စစ်တွေမြို့၊ လောကာနန္ဒာစေတီရှေ့တွင် ရောင်းချနေသည့် ဈေးဆိုင်တစ်ဆိုင်ကို ဇန်နဝါရီလ ၆ ရက်နေ့ကတွေ့ရစဉ်။

DMG ၊ ဇန်နဝါရီ ၇

စစ်တွေမြို့၊ လောကာနန္ဒာဘုရားခြံစည်းရိုးရှေ့နှင့် ပလက်ဖောင်းကြားတွင် လုံးဝဈေးမရောင်းရဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့(ဇန်နဝါရီလ ၆ ရက်)တွင် စာကပ်ပြီးတားမြစ်ထားသည်ဟု ဈေးရောင်းချသူများထံမှသိရသည်။

အဆိုပါခြံစည်းရိုးရှေ့တွင် ကွမ်းယာဆိုင်၊ အကြော်ဆိုင်အပါအဝင် ဈေးဆိုင်ပေါင်းတစ်ဆယ်ခန့်ရှိပြီး ထိုသို့ဈေးမရောင်းရဟု တားမြစ်ခြင်းမှာ ဈေးသည်မိသားစုများ၏ စားဝတ်နေရေးအပေါ်ရိုက်ခတ်မှုရှိမည်ဟု ဈေးရောင်းချသူများကပြောကြသည်။

“ကျွန်တော်က ဒီမှာထီဆိုင်ရောင်းတာ။ တွန်းလှဲနဲ့ရောင်းနေတာ။ အခက်အခဲကတော့ ဒီနေရာမှာရောင်းနေကြဆိုတော့ ဒီမှာပဲရောင်းကောင်းတာလေ။ ဘယ်နေရာမှာသွားရောင်းရမှာလဲ။ ကျွန်တော်တို့ကိုသက်ညှာမှုနဲ့ ဒီမှာထပ်ပြီး ရောင်းစားခွင့်ပေးစေချင်တယ်”ဟု ထီလက်မှတ်များရောင်းချနေသူ ဦးမောင်ချိုက တောင်းဆိုသည်။

ယင်းခြံစည်းရိုးရှေ့တွင်ရောင်းချနေသည့် ဈေးသည်များသည် ယခင်က မြို့နယ်စည်ပင်သာယာရေးဌာနကို တစ်နေ့လျှင် ငွေ(၃၀၀)ကျပ်ပေးသွင်းခဲ့ရသည်။ လက်ရှိတွင်လည်း စည်ပင်သာယာရေးဌာနမှတစ်ဆင့် လေလံဆွဲထားသည့် ပုဂ္ဂိုလ်များကို အခွန်ပေးသွင်းနေရသည်ဟု ဈေးသည်များကဆိုကြသည်။

ကွမ်းယာဆိုင်ရောင်းနေသူ ဒေါ်သီတာက “ကိုယ်ရောင်းနေတဲ့ နေရာမှာပဲ ရောင်းချင်တာပေါ့။ ဘာလို့လဲဆိုတော့ ဒီမှာကဖောက်သည်တွေရနေပြီလေ။ တခြားနေရာပြောင်းရင် ဘယ်လိုလုပ် ကိုယ့်ဖောက်သည်တွေလာစားမှာလဲ။ ဒါကြောင့် ဒီနေရာပဲရောင်းချင်ပါတယ်”ဟု ပြောသည်။

အဆိုပါနေရာတွင် ဈေးမရောင်းရဟု လွန်ခဲ့သည့်ဒီဇင်ဘာလနောက်ဆုံးပတ်ကလည်း သတိပေးစာကပ်ခဲ့ပြီး ဈေးဆိုင်နေရာများ မဖယ်ရှားသေးသဖြင့် ယခုတစ်ကြိမ် ထပ်မံစာလာကပ်ခြင်းဖြစ်နိုင်သည်ဟု ဈေးသည်များကယူဆနေသည်။

“စည်ပင်ကတော့ ကိုယ်ဟာကိုယ်ရောင်းချင်တဲ့နေရာမှာရောင်းတဲ့။ ဒီနားမှာ လုံးဝမ‌ရောင်းရဘူးတဲ့။ စည်ပင်ကဝိုင်းပြီးလာပြောတာ ၅ ယောက်လောက်ပါတယ်”ဟု ကွမ်းယာဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒေါ်ခင်ခင်စိုးကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ အလားတူ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဆက်သွယ်ရာတွင်လည်း စည်ပင်သာယာရေးဌာနကိုသာ ဆက်သွယ်ရန်ပြောဆိုသည်။

ဗီဒီယိုများ