ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်လိုကြောင်း စစ်ခေါင်းဆောင် ထုတ်ပြောလာ

နိုင်ငံတဝန်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၄ ရက်နေ့ စစ်ကောင်စီအစည်းအဝေးတွင် ပြောဆိုလိုက်သည်။

By Admin 05 Dec 2023

ဓာတ်ပုံ - Tatmadaw Information Team
ဓာတ်ပုံ - Tatmadaw Information Team

DMG ၊ ဒီဇင်ဘာ ၅ 

နိုင်ငံတဝန်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၄ ရက်နေ့ စစ်ကောင်စီအစည်းအဝေးတွင် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံအတွင်း မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ကချင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကရင်နီ(ကယား)၊ ချင်း၊  ရခိုင်၊ တနင်္သာရီ၊ မွန် စသည့် ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ခံရမှု၊ လက်နက်ချအညံ့ခံသူ များပြားလာချိန်တွင် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာကြရန် စစ်ခေါင်းဆောင်က လေသံပစ်လာခြင်းဖြစ်သည်။

“လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့် ဒဏ်ကို ဒေသနေ ပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြေစာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် ဆက်လက်၍ မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန်လိုမည်”ဟု  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မည်သို့နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ကို ရှင်းရှင်းလင်းလင်း မပြောသော်လည်း စစ်ကောင်စီအနေဖြင့် ဒို့တာဝန်အရေး (၃) ပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မလွှတ်ဘဲ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို သွားမည်ဟု စစ်ခေါင်းဆောင်က ဆက်ပြောသည်။

စစ်ခေါင်းဆောင်မိန့်ခွန်းထဲတွင် လတ်တလော စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေသည့် ရက္ခိုင့်တပ်တော်(AA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့ကို အဓိက ဦးတည်ပြီး အပြစ်တင်ခဲ့သည်။

စစ်ကောင်စီက နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန်ပြောနေသော်လည်း စစ်တပ်အတွက် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံကို လက်ကိုင်ပြုထားသဖြင့် အလုပ်မဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်တို့က ရှုမြင်သည်။ 

“နိုင်ငံရေးအရ ဆွေးနွေးဖို့ပြောလာတဲ့အဖွဲ့အစည်းက နိုင်ငံရေးအရမဆွေးနွေးဘဲ ၂၀၀၈ ဖွဲ့စည်းပုံကို အားကိုးပြီး အာဏာသိမ်းခဲ့တာဖြစ်တယ်။ အခုလည်း နိုင်ငံရေးအရဆွေးနွေးမယ်လို့ ပြောလာပေမယ့် စစ်တပ်အာဏာ မစွန့်လွှတ်ရေးအတွက် ရေးဆွဲထားတဲ့ ၂၀၀၈ အောက်ကသာသွားမယ်ဆိုရင် စစ်တပ်ရဲ့သတ်ကွင်းထဲကို ဝင်ရောက်သွားမှာ ဖြစ်ပြီးတော့ ဘယ်တိုင်းရင်းသားကမှ လက်ခံမှာမဟုတ်ဘူး” ဟု နိုင်ငံရေးအကဲခတ် ဦးဖေသန်းက ပြောသည်။

လတ်တလောအခြေအနေအရ စစ်ကောင်စီအနေဖြင့် နိုင်ငံရေးဆွေးနွေးမှုပြုလုပ်လိုလျှင် တိုင်းရင်းသားများအားလုံး လက်ခံသည့် ဖွဲ့စည်းပုံကို အသစ်ရေးဆွဲပြီးမှ အဆင်ပြေမည်ဟုလည်း ဦးဖေသန်းက ဆက်ပြောသည်။

၂၀၂၁  ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းတွင် အာဏာရှင်တော်လှန်မှုအရှိန် မြင့်တက်နေဆဲဖြစ်ပြီး ညီနောက်မဟာမိတ်(၃)ဖွဲ့က စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့်လည်း စစ်ကောင်စီသည် အဖက်ဖက်တွင် အထိနာနေရသည်။ ထို့ကြောင့် စစ်ကောင်စီသည် အရပ်သားပြည်သူများအား ပစ်မှတ်ထားကာ လက်နက်ကြီး/ ငယ်အပြင် လေယာဉ်၊ ဒရုန်းများဖြင့်ပါ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုမှာ နေ့စဉ်မြင့်တက်နေသည်။ 

“အခုက ဘယ်မှာပဲနေနေ အသက်အန္တရာယ်လုံခြုံဖို့ဆိုတာက သူတို့(စစ်ကောင်စီတပ်)လက်ထဲမှာပဲ ရှိတယ်လို့ ပြောလို့ရတယ်။ ဘယ်နေ့မှာ ကိုယ့်အလှည့်ရောက်လာမလဲ ဆိုပြီး စောင့်နေရတဲ့ အခြေအနေမျိုးဖြစ်နေပြီ” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။ 

#D007 #DMG 

ဗီဒီယိုများ