မြန်မာ - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုတွင် ရခိုင်ဒေသထွက်ကုန် ၃၀ ရာခိုင်နှုန်းခန့်သာ ပါဝင်

မြန်မာပြည်ထွက် ကုန်ပစ္စည်းများကို ရခိုင်ပြည်ရှိ စစ်တွေ နှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း တို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။

By Admin 24 Apr 2023

စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်တင်ကုန်ချ လုပ်ကိုင်နေသူများအား တွေ့ရစဉ်။
စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်တင်ကုန်ချ လုပ်ကိုင်နေသူများအား တွေ့ရစဉ်။

DMG ၊ ဧပြီ ၂၄

ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာပြည်အတွင်းမှ ကုန်ပစ္စည်းများတင်ပို့ရာတွင် ရခိုင်ဒေသမှထွက်ရှိသော ကုန်ပစ္စည်း ၃၀ ရာခိုင်နှုန်းခန့်သာ ပါဝင်ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ရှိသူနှင့် ကုန်သည်များထံမှ သိရသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုတွင် ရခိုင်ဒေသထွက် ဆန်အပါအဝင် ရာသီပေါ်ကုန်ပစ္စည်းများ ပါဝင်သည်။ ရခိုင်မှတင်ပို့သည့် ကုန်ပစ္စည်းများမှာ အရည်အသွေးပြည့်မီသော်လည်း မွေးမြူရေး၊ စိုက်ပျိုးရေး လုပ်ငန်းများကို တွင်ကျယ်စွာ မလုပ်ကိုင်နိုင်ခြင်းကြောင့် အခြားဒေသများမှကုန်ပစ္စည်းများကို အားကိုးပြီးတင်ပို့နေရသည်ဟု ရခိုင်ကုန်သည်များက ပြောဆိုကြသည်။ 

“ရခိုင်က ကုန်ပစ္စည်းတွေက ငရုတ်သီး၊ မရမ်း၊ ငါးခြောက် တို့ ရာသီစာအနည်းလောက်ပဲ တင်ပို့နိုင်တယ်။ ဆန်တင်ပို့နိုင်ခဲ့တဲ့ လတွေဆိုရင် အများကြီး တင်ပို့နိုင်ခဲ့တယ်။ ဒါပေမဲ့ အရမ်းနည်းနေသေးတယ်။ ခန့်မှန်းပြီး ပြောရမယ်ဆိုရင်၂၀ ရာခိုင်နှုန်း ၃၀ ရာခိုင် နှုန်းလောက်ပဲ တင်ပို့နိုင်တယ်။ အများဆုံးကတော့ ပြည်မဘက်ကပဲ” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးအောင်အောင်က ဆိုသည်။

မြန်မာပြည်ထွက် ကုန်ပစ္စည်းများကို ရခိုင်ပြည်ရှိ စစ်တွေ နှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း တို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။ သို့သော်လည်း ရခိုင်ဒေသမှ ကုန်ပစ္စည်းထွက်ရှိမှု အားနည်းသည့်အတွက် ဒေသနေကုန်သည်များမှာ ပြည်မဘက်မှကုန်ပစ္စည်းများကို ကုန်ကျစရိတ် များပြားစွာဖြင့် မှာယူ၍ တင်ပို့နေရခြင်း ဖြစ်သည်။  

ရခိုင်ဒေသထွက် ကုန်ပစ္စည်းများကို ယခုထက်ပို၍ တင်ပို့နိုင်မည်ဆိုပါက သယ်ယူစရိတ် နည်းပါးခြင်း၊ အချိန်တိုအတွင်း လျင်မြန်စွာ ကုန်သွယ်မှုများကို လုပ်ဆောင်နိုင်မည်ဟု မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက ပြောသည်။

“ရခိုင်က ထွက်ကုန်တွေကို တင်ပို့နိုင်မယ်ဆိုရင် ပြည်မဘက်က ပစ္စည်းတွေ ယူစရာ မလိုတော့ဘူး။ အဝေးကြီးကနေ ယူနေရတော့ လမ်းခရီးကြန့်ကြာရင် ပျက်စီးသွားတာတွေ ဖြစ်ရတယ်။ ဆိုတော့ ဒါတွေဟာလည်း လျော့နည်းလာမယ်။ ကုန်ပစ္စည်းသယ်ယူစရိတ်၊ အလုပ်သမားစရိတ်တွေ အကုန်လုံးလျော့နည်းသွားမယ်။ ကျနော်တို့အတွက်လည်း အများကြီး အဆင်ပြေသွားမယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့သည့် ကုန်ပစ္စည်းများမှာ မရမ်း၊ ဓညှင်းသီး၊ ချင်း(ဂျင်း)၊ အုန်းသီး၊ ကွမ်းသီး၊ ငါးနီတူခြောက်၊ ဆန်၊ ဆား၊ မန်းကျည်းစေ့၊ ငရုတ်၊ ဆနွင်း၊ ငါးခြောက်နှင့် ရေချိုငါးများဖြစ်သည့် ယူဇနငါး၊ ငါးမြစ်ချင်း အစရှိသည်တို့ဖြစ်ကြသည်။ ယင်းထဲမှ ချင်းနှင့် ရေချိုငါးများကို အများဆုံး တင်ပို့ရသည်ဟုလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် လိုအပ်သည့် ကုန်ပစ္စည်းများကို ရခိုင်ပြည်အတွင်း စီးပွားဖြစ် တွင်ကျယ်စွာ လုပ်ကိုင်လာပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သည်ဟု စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သည်တစ်ဦးက ပြောသည်။

“ပြည်တွင်း အလုပ်အကိုင်မရှိတာကြောင့် ပြည်မဘက်ကို ထွက်ကြတယ်။ ဒီလိုသာ စိုက်ပျိုးရေး၊ မွေးမြူရေးတွေ လုပ်ကိုင်လာမယ်ဆိုရင်တော့ ဒါတွေ လျော့နည်းလာပြီး ကျေးလက်နေ ပြည်သူတွေမှာ ဝင်ငွေတိုးလာမယ်။  တစ်ယောက်ကနေ တစ်ယောက် ဆက်စပ်ပြီး အလုပ်လုပ်ကိုင်လာတော့ အချိန်အတိုင်းအတာတစ်ခုမှာ အဆင်ပြေသွားနိုင်မယ်။ ပိုက်ဆံဆိုရင်လည်း ကိုယ့်ပြည်တွင်းမှာပဲ လည်ပတ်နေတော့မယ်” ဟု ၎င်းက ဆိုသည်။ 

ရခိုင်ပြည်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်နိုင်ရန် လုံလောက်သည့် ရေခံ/မြေခံ ရှိသော်လည်း ငွေအရင်းအနှီး၊ နည်းပညာလိုအပ်ချက်များကြောင့် ဖွံ့ဖြိုးမှုအားနည်းနေခြင်းဖြစ်သည်ဟု ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(REIC) မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောသည်။

“အခုကတော့ နိုင်ငံရေး၊ စစ်ရေး အနေအထားအရ ကိုယ့်အားကို ကိုယ်ကိုးပြီး လုပ်ချင်စိတ်ရှိဖို့နဲ့ လုပ်နိုင်စွမ်းရှိဖို့ လိုတယ်။ ကိုယ်တို့ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကိုယ်တို့ကပဲ စည်းလုံးညီညွှတ်အောင် လုပ်ရမယ်။ ဒီလို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ တိုးတက်လာဖို့အတွက် အစိုးရကို အများကြီး အားကိုးနေလို့မရဘူး။ ကိုယ့်ဘက်ကလည်း လုပ်ချင်တဲ့ စိတ်ဆန္ဒ ထက်သန်နေဖို့လိုပါတယ် ” ဟု သူက ပြောသည်။

#R010

ဗီဒီယိုများ