စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့ တွေ့ဆုံခြင်းမှာ တရုတ်ကြားဝင်မှုကြောင့်ဟု နိုင်ငံရေးအကဲခတ်များ ရှုမြင်

စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ (NSPNC)နှင့် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့တို့သည် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၄)၊ NDAA ထိန်းချုပ်ရာ မိုင်းလားမြို့၌ ဇွန်လ ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန် ရှိနေသည်။

By Admin 31 May 2023

စစ်ကောင်စီနှင့်တွေ့ဆုံရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်အချို့ တရုတ်-မြန်မာနယ်စပ်သို့ ရောက်ရှိ။ (ဓာတ်ပုံ - Mongla News)
စစ်ကောင်စီနှင့်တွေ့ဆုံရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်အချို့ တရုတ်-မြန်မာနယ်စပ်သို့ ရောက်ရှိ။ (ဓာတ်ပုံ - Mongla News)

DMG ၊ မေ ၃၁

စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ (NSPNC)နှင့် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့တို့သည် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၄)၊ NDAA ထိန်းချုပ်ရာ မိုင်းလားမြို့၌ ဇွန်လ ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန် ရှိနေသည်။

ထိုတွေ့ဆုံပွဲကို တက်ရောက်ရန် ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)မှ ထိပ်ပိုင်းခေါင်းများမှာ ယနေ့ (မေလ ၃၀ ရက်)တွင် မိုင်းလားမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

တအာင်း PSLF/TNLA အဖွဲ့ကို ဒု-ဥက္ကဋ္ဌ တာခူးလာန်းက ဦးဆောင်ပြီး၊ ULA/AA အဖွဲ့ကို ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ဦးဆောင်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာအထူးသံတမန် မစ္စတာကောပေါင်လည်း ပါဝင်မည်ဖြစ်သဖြင့် ယင်းတွေ့ဆုံပွဲမှာ တရုတ်၏ ကြားဝင်ညှိနှိုင်းမှုကြောင့်ဖြစ်နိုင်ဟု နိုင်ငံရေးအကဲသူများက ရှုမြင်ကြသည်။

“သူတို့ (ညီနောင်မဟာမိတ်သုံးဖွဲ့)က တရုတ် သြဇာလွမ်းမိုးမှုရှိတဲ့ မြောက်ပိုင်းအဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ ဒီတော့ အခုက မြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့ထဲမှာ ပါဝင်နေတဲ့ သူတို့ ၃ ဖွဲ့ကို တရုတ်က စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲပြီး တရားဝင်ငြိမ်းချမ်းရေး ရယူဖို့ ဝင်ရောက်ဖိအားပေး စွက်ဖက်လာတဲ့အတွက် ဒီတွေ့ဆုံမှုကိုလုပ်တာလို့ ကျနော်မြင်ပါတယ်”ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က DMG ကိုပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့သည် မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော နွေဦးတော်လှန်းရေး လက်နက်ကိုင်အဖွဲ့အစည်းများကို စစ်ရေး၊ လက်နက် စသဖြင့် ကူညီပေးနေမှုများရှိသဖြင့် ယင်းကိစ္စများကို ရပ်တန့်ရန် စစ်ကောင်စီဘက်က ဆွေးနွေးနိုင်ကြောင်းလည်း သုံးသပ်ကြသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့မှာ တရုတ်၏ ဖိအားပေးတိုက်တွန်းချက်ကို မလွန်ဆန်နိုင်သဖြင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြစ်နိုင်ကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်သည်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပေါ်လာတဲ့ နွေဦးတော်လှန်းရေးအဖွဲ့တွေကို စစ်ရေးပညာ၊ လက်နက် ထောက်ပံ့တာတွေရှိတယ်။ တကယ်လို့ ဒီဆွေးနွေးပွဲက အောင်မြင်တယ်ဆိုရင် ဒါတွေကို ရပ်ဆိုင်းထားရမယ့် အနေအထားမျိုး ဖြစ်လာနိုင်တယ်”ဟု ဦးရဲထွန်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး ညွှန်ကြားရေးချုပ်မှူးချုပ် Peng Xiubin ရောက်ရှိလာပြီး စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ အပါအဝင် လက်ရှိ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကစတင်ကာ လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ အပစ်အခတ်ရပ်စဲထားပြီး လက်ရှိတွင် ၆ လကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။

#R007

ဗီဒီယိုများ