ရခိုင်တွင် စားဝတ်နေရေးကျပ်တည်းမှုကြောင့် သေကြောင်းကြံစည်မှုများ ရှိလာနေ

ရခိုင်ပြည်တွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ စားဝတ်နေရေးကျပ်တည်းမှု၊ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု စသည့်ဒဏ်များကို ရင်မဆိုင်နိုင်ခြင်းကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြစ်စဉ်များ ရှိလာနေသည်ကို တွေ့ရသည်။

By Admin 27 Apr 2023

ဧပြီလ ၂၃ ရက်နေ့က စစ်တွေမြို့တွင် ကြိုးဆွဲချသေဆုံးသွားသည့် ဆယ်ကျော်သက်လူငယ်။ ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
ဧပြီလ ၂၃ ရက်နေ့က စစ်တွေမြို့တွင် ကြိုးဆွဲချသေဆုံးသွားသည့် ဆယ်ကျော်သက်လူငယ်။ ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

DMG ၊ ဧပြီ ၂၇

ရခိုင်ပြည်တွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ စားဝတ်နေရေးကျပ်တည်းမှု၊ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု စသည့်ဒဏ်များကို ရင်မဆိုင်နိုင်ခြင်းကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြစ်စဉ်များ ရှိလာနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ကြိုးဆွဲချမှု၊ ရေထဲခုန်ချမှု၊ မိမိကိုယ်ကို ဓားထိုးအဆုံးစီရင်မှု စသည်ဖြင့် သေကြောင်းကြံစည်ပြီး သေဆုံးသွားသူစုစုပေါင်း ၉ ဦးအထိရှိခဲ့ကြောင်း ရခိုင်ပြည်တွင်း လူမှုကူညီရေးအဖွဲ့များက ကောက်ယူထားသော စာရင်းအရ သိရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက ကျောက်တော်မြို့ပေါ်ရှိ နေပူခံစစ်ဘေးရှောင်စခန်းမှ အသက် (၅၀)အရွယ် အမျိုးသားတစ်ဦးမှာ မိမိကိုယ်ကို ဓားဖြင့်ထိုးပြီး အဆုံးစီရင်ရန်ကြိုးပမ်းမှု ဖြစ်ပွားခဲ့သည်။

“အဖွဲ့အစည်းတွေက ထောက်ပံ့တာတွေနဲ့ လောက်ငှမှုမရှိဘူး။ အလုပ်လည်းမရှိတော့ စိတ်ဓာတ်ကျကြတယ်။ အဲဒီလိုနဲ့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ ကြိုးစားတယ်” ဟု စခန်းတာဝန်ခံ ဦးမောင်အေးစောက ပြောသည်။

ယခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင်လည်း စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက်မှ ဆယ်ကျော်သက် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည်။ ၎င်း၏မိဘနှစ်ပါးမှာ ငယ်စဉ်ကပင်ဆုံးပါးသွား၍ အဖွားဖြစ်သူ၏ စောင့်ရှောက်မှုအောက်တွင် ညီဖြစ်သူနှင့်အတူ နေထိုင်နေခြင်းဖြစ်သည်။

သို့သော် အဘွားဖြစ်သူမှာလည်း မကြာသေးမီက ဆုံးပါးသွားသဖြင့် အားကိုးရာမဲ့ဖြစ်ကာ ယခုကဲ့သို့ အဆုံးစီရင်လိုက်ခြင်း ဖြစ်နိုင်ကြောင်း စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

“ကောင်လေးက အုပ်ထိန်းသူတွေနဲ့ သိုက်သိုက်ဝန်းဝန်း မနေရတော့ အရက်သောက်တာတွေ ဖြစ်လာတယ်။ စိတ်တွေရှုပ်လာပြီး အဲဒီလို လုပ်လိုက်တာလို့ သိရတယ်” ဟု ၎င်းဒေသခံက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူများမှာ နိုင်ငံရေးမတည်ငြိမ်မှုများနှင့်အတူ အဘက်ဘက်မှ ပျက်စီးယိုယွင်းဒဏ်ကို အလူးအလဲရင်ဆိုင်ရင်း နေ့စဉ်လူမှုဘဝ ရပ်တည်ရေးအတွက် အခက်တွေ့နေကြရသည်။ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာသည်အထဲ ကုန်ဈေးကလည်း အဆမတန်မြင့်တက်နေခြင်းကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကျဆင်းကာ မိမိကိုယ်ကိုအဆုံးစီရင်မှုအထိ ရှိလာခြင်းဖြစ်ကြောင်း လူမှုအဖွဲ့အစည်းများက သုံးသပ်ပြောဆိုကြသည်။

အာဏာပြီးနောက် ၂၀၂၁၊ ၂၀၂၂ ခုနှစ်အတွင်း သေကြောင်းကြံစည်မှုဖြစ်စဉ်များ ပိုမိုတွေ့လာရပြီး ယင်းအထဲတွင် အိမ်ထောင်သည် အမျိုးသား၊အမျိုသမီးများနှင့် လူငယ်ပိုင်းများပါဝင်သည်ကို တွေ့ရကြောင်း ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဌ စောစံငြိမ်းသူက ပြောသည်။

“အိမ်ထောင်သည်မိသားစု ကြားထဲမှာဖြစ်တဲ့ကိစ္စကတော့ အများအားဖြင့် စီးပွားရေး၊ စားဝတ်နေရေး အခက်အခဲ အကျပ်အတည်းတွေကို အခြေခံပြီးတော့ ဒီလိုကိစ္စတွေ ဖြစ်လာတယ်လို့ ကြားသိသလောက် သုံးသပ်လို့ရတယ်” ဟု စောစံငြိမ်းသူက ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) နှင့် စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ၏ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ပြည်သူလေးဦးလျှင် တစ်ဦးမှာ ၂၀ ရာခိုင်နှုန်း စားနပ်ရိက္ခာမလုံလောက်မှုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေရကြောင်း ဆိုသည်။ ထိုအထဲတွင် ချင်း၊ ကချင်၊ ရှမ်း၊ စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ကယား နှင့် ရခိုင်ပြည် တို့ပါဝင်ကြောင်း အစီရင်ခံစာအရ သိရသည်။

အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး ကျပ်တည်းလာမှုနှင့်အတူ နောက်ဆက်တွဲဖြစ်ပေါ်လာသော အကျိုးဆက်များကို လျော့ချနိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာကုစားမှု ကိစ္စရပ်များကို နိုင်ငံတကာအဖွဲ့အစည်းနှင့် လူမှုအဖွဲ့အစည်းများက အရှိန်မြင့်လုပ်ဆောင်ရန် လိုအပ်လျက်ရှိနေသည်။

#R005

ဗီဒီယိုများ