ရခိုင်စစ်ပွဲ ပထမနေ့တွင် စစ်ကောင်စီတပ်သားများ လက်နက်ချ၊ စခန်းစွန့်ခွာမှုများရှိ

တကျော့ပြန်ရခိုင်စစ်ပွဲ ပထမနေ့တွင် ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ချအညံ့ခံမှုနှင့် စခန်းစွန့်ခွာ ထွက်ပြေးမှုများရှိကြောင်း AA နှင့် ဒေသခံများက အတည်ပြုကြသည်။ 

By Admin 13 Nov 2023

ကျောက်တော်မြို့နယ်၊ အပေါက်ဝနယ်မြေရဲစခန်း ဆိုင်းဘုတ်။ ဓာတ်ပုံ - ပေးပို့
ကျောက်တော်မြို့နယ်၊ အပေါက်ဝနယ်မြေရဲစခန်း ဆိုင်းဘုတ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ နိုဝင်ဘာ ၁၃

တကျော့ပြန်ရခိုင်စစ်ပွဲ ပထမနေ့တွင် ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ချအညံ့ခံမှုနှင့် စခန်းစွန့်ခွာ ထွက်ပြေးမှုများရှိကြောင်း AA နှင့် ဒေသခံများက အတည်ပြုကြသည်။ 

ယနေ့ (နိုဝင်ဘာ ၁၃ ရက်)နေ့ နံနက် ၁၁ နာရီခန့်က ကျောက်တော်မြို့နယ်၊ အပေါက်ဝနယ်မြေရဲစခန်းရှိ စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၂၆ ဦးမှာ AA ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။ 

စခန်းအနီးနေထိုင်သူတစ်ဦးက “ရဲစခန်းကို သိမ်းသွားတယ်။ ရဲစခန်းက ရဲတပ်ဖွဲ့အကုန်လုံးကို AA က ကားနဲ့ ခေါ်သွားတယ်။ ဘာမှပစ်ခတ်မှုမရှိဘဲ စခန်းတစ်ခုလုံး အညံ့ခံလက်နက်ချတဲ့သဘောပါ။ တိုက်ပွဲလည်း မဖြစ်ခဲ့ပါဘူး” ဟု ပြောသည်။ 

ယင်းအပြင် ကျောက်ဖြူမြို့နယ်၊ ကွမ်းချောင်းရဲစခန်းမှ ဒု-ရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်များမှာ ယနေ့ နံနက် ၁၀ နာရီခန့်က စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ကွမ်းချောင်းရွာခံ သတင်းရင်းမြစ်တစ်ဦးက DMG သို့ပြောသည်။

“ဒီနေ့ နံနက်ပိုင်းကတည်းက စခန်းကို စွန့်ခွာပြီးတော့ အကုန်လုံးသွားကြပြီ။ ဘယ်ကိုသွားလဲဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ စခန်းမှာ ဒုရဲအုပ်တစ်ယောက်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ယောက်ရှိပါတယ်” ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ စစ်တွေ - ရန်ကုန် ကားလမ်းမရှိ ကွန်းတောင်မီးရထားဘူတာတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများမှာလည်း ယနေ့မွန်းလွဲ ၂ နာရီခန့်က စစ်တွေမြို့ပေါ်တပ်ရင်းများသို့ ထွက်ခွာသွားကြကြောင်း ကွန်းတောင်ဒေသခံတစ်ဦးက ပြောသည်။

“ကားနှစ်စီးနဲ့ စစ်တွေဖက်ကို ထွက်သွားကြတယ်။ အင်အားကတော့ ၅၀ လောက်ရှိတယ်။ ဘယ်တပ်ရင်းသို့သွားလဲ ဆိုတာတော့ ကျနော်တို့လည်း မသိဘူး” ဟု ပြောသည်။ 

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့နယ် အငူမော် - မောင်တောကားလမ်းရှိ ချိန်ခါလိန်နှင့် ဒုံးပိုက် နယ်ခြားစောင့်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မင်းပြားမြို့နယ်တွင်လည်း စစ်ကောင်စီယာဉ်တန်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ 

ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “ဒီမနက်မှာ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်နေတာတွေ ရှိပါတယ်။ စခန်းတချို့သိမ်းပိုက်ရရှိတာလည်း ရှိပါတယ်။ အပေါက်ဝစခန်းတစ်ခုလုံး လက်နက်ချတာရှိပါတယ်” ဟု DMG သို့ ပြောသည်။ 

လက်ရှိတွင် ရသေ့တောင်နှင့် မင်းပြားမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်ဆေးရေးဂိတ်အားလုံးနီးပါးကို သွားလာခွင့်ပိတ်ထားသည်။

#D002 #D011

ဗီဒီယိုများ