တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည် 

တောင်သူများမှာ ဆန်စပါးများကို ရိတ်သိမ်းပြီးသည့်နှင့်တစ်ပြိုင်နက် ထုတ်ရောင်းနေရသည့်အတွက် ဈေးကောင်းမရသည့်ပြဿနာနှင့် ကြုံတွေ့နေရသည်။

By Admin 25 Sep 2023

တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည် 

DMG ၊ စက်တင်ဘာ၂၅ 

မြန်မာနိုင်ငံအတွင်းက တောင်သူလယ်သမားများမှာ ရာသီဥတုဖောက်ပြန်မှု၊ ကုန်ကျစရိတ်ကြီးမြင့်မှု တို့ကြောင့် စပါးပေါ်ရာသီတွင် အရှုံးပေါ်နေရသဖြင့် သီးနှံအာမခံစနစ် ဖော်ဆောင်ပေးသွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောဆိုလိုက်သည်။  

သီးနှံအာမခံစနစ်ကို ကနဦးအနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင် ယခုနှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။  

“အခုက တောင်သူတွေမှာ အခြားစရိတ်တွေရှိသေးတော့ စပါးဈေးကောင်းအောင်စောင့်ပြီး ထုတ်မရောင်းနိုင်တဲ့ အခြေအနေမှာဖြစ်နေတယ်။ စပါးပေါ်ချိန်ရောင်းနေရတဲ့ အနေအထားဖြစ်တဲ့အတွက် ဈေးကောင်းတဲ့အချိန်မှာ တောင်သူတွေက ဈေးမရတဲ့ပြဿနာဖြစ်နေရတယ်။ ဒါကြောင့်မို့ ဒီစနစ်ကို အကောင်အထည်ဖော်တာဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။  

တောင်သူများမှာ ဆန်စပါးများကို ရိတ်သိမ်းပြီးသည့်နှင့်တစ်ပြိုင်နက် ထုတ်ရောင်းနေရသည့်အတွက် ဈေးကောင်းမရသည့်ပြဿနာနှင့် ကြုံတွေ့နေရသည်။ သီးနှံအာမခံစနစ်အရ တောင်သူများသည် ၎င်းတို့၏စပါးများကို သတ်မှတ်ထားသည့်သိုလှောင်ရုံများတွင် အပ်နှံထားကာ ကုန်အပ်လက်မှတ်နှင့် လိုအပ်သောငွေကြေးများကို ချေးယူနိုင်မည် ဖြစ်သည်။ 

သို့သော်လည်း သိုလှောင်မည့်အချိန်ကို ကန့်သတ်ထားခြင်းမရှိလျှင် ဈေးကစားနိုင်သဖြင့် ဆန်စပါးဈေးတည်ငြိမ်ရေးကို ထိခိုက်နိုင်ကြောင်း ဆန်စပါးအရေးစောင့်ကြည့်သူများက ပြောကြသည်။ 

“အာမခံစနစ်ရှိတော့ တောင်သူတွေ ထုတ်သုံးလို့ရတာပေါ့။ အခုက ဈေးကောင်းပေးမဲ့ တောင်သူတွေက ဈေးမရဖြစ်နေတယ်။ စနစ်တကျနဲ့ မျှမျှတတ မဆောင်ရွက်နိုင်ရင်တော့ ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေး ကို ထိခိုက်နိုင်ပါတယ်။ စားသုံးသူဖက်မှာလည်း အားနည်းချက်တွေ ရှိလာနိုင်တယ်” ဟု ဆန်စပါးအရေး စောင့်ကြည့်လေ့လာသူ ဦးနေလက ပြောသည်။

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အာမခံထားသည့်စနစ်မှာ ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်းဖြစ်ပြီး ငွေထုတ်ချေးမည့် ဘဏ်များနှင့်ပတ်သက်၍ ဥပဒေရေးဆွဲနေကြောင်းနှင့် သီးနှံသိုလှောင်မည့် ကာလအပိုင်းအခြားကိုလည်း သင့်တော်သောအချိန်ကို သတ်မှတ်ရန် ရေးဆွဲလျက်ရှိကြောင်း ဆန်စပါးအသင်းချုပ်က ပြောဆိုထားသည်။ 

တောင်သူများမှာ ရာသီဥတုဖောက်ပြန်မှု၊ အလုပ်သမားစရိတ်၊ မြေဩဇာဈေးနှုန်းမြင့်တက်မှု၊ သွင်းအားစု စရိတ်ကြီးမြင့်မှု စသည့်အခက်အခဲကြားမှ လုပ်ကိုင်နေကြပြီး စပါးပေါ်ချိန်တွင် ဈေးကောင်းမရသဖြင့် အရှုံးပေါ်နေကြရသည်။ 

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှ တောင်သူ ကိုမြင့်ဇော်က  “သီးနှံပေါ်ရင် အကြွေးပေးရမယ့် တာဝန်တွေကရှိနေတော့ တောင်သူက မစောင့်နိုင်ဘူး။ လာဝယ်ရင် ရတဲ့ဈေးနဲ့ရောင်းရတာပဲ။ အခုလုပ်ပေးမယ့်စနစ်က တောင်သူအခွင့်ရေးရမယ်ဆိုရင်  သိုလှောင်ကုန်လက်မှတ်လုပ်ရမယ်။ ဒါပေမယ့် ဒီစနစ်ရဲ့အလေ့အထကို မသိသေးတော့ ပြောလို့မရသေးပါဘူး။ လုပ်မယ်ဆိုတော့ တောင်သူတွေနဲ့ ဆွေးနွေးဖို့လိုအပ်ပါတယ်” ဟု ပြောသည်။ 

အာမခံစနစ်ဖြင့် ချေးငွေထုတ်ချေးရာတွင် စပါးများကို မူလသတ်မှတ်ဈေးနှုန်းထက် တင်းတစ်ရာလျှင် ၆၀ ရာခိုင်နှုန်း၊ မျိုးစေ့အဖြစ်သိုလှောင်မည့်စပါးကို တင်းတစ်ရာလျှင် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအကြား ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်မှ သိရသည်။ 

မြန်မာနိုင်ငံစိုက်ပျိုးရေးဘဏ်မှ လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်း နှစ်စဉ်ထုတ်ချေးပေးနေသော်လည်း လယ်တစ်ဧကထွန်ယက်စိုက်ပျိုးရာတွင် ကုန်ကျစရိတ်မှာ ငွေကျပ်သုံးသိန်းကျော်ရှိနေ၍ တောင်သူများမှာ ပြင်ပချေးငွေများကို အားကိုးနေကြရသည်။ 

 “သီးနှံပေါ်ရင် တက်ဈေးမစောင့်နိုင်ဘူး။ အကြွေးဆပ်ဖို့ ထုတ်ရောင်းရတယ်။ အခုစနစ်က တောင်သူတွေအတွက်  အခွင့်အရေးရှိရင်တော့ ကြိုဆိုပါတယ်” ဟု ပဲခူးတိုင်း၊  သနပ်ပင်မြို့နယ်မှ တောင်သူ ဦးဆန်းညွှန့်က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းရှိပြီး ယင်းအထဲတွင် နွေစပါးစိုက်ပျိုးဧက ၂ သန်းခန့်ရှိသည်။ တစ်နိုင်ငံလုံးတွင် တစ်နှစ်လျှင် စပါးတန်ချိန် စုစုပေါင်း ၁၃ သိန်းထွက်ရှိပြီး ၈ သန်းမှာ ပြည်တွင်းစားသုံးမှုဖူလုံ၍ ပြည်ပသို့တစ်နှစ်လျှင် စပါး ၂ ဒသမ ၅ သန်း တင်ပို့ရောင်းချလျက်ရှိကြောင်း ဆန်စပါးအသင်းချူပ်မှ သိရသည်။ 

#I004

ဗီဒီယိုများ