- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ကြောင်ပန်းသီး (ခေါ်) စွန်ပန်းသီးကို တရုတ်က ဈေးကောင်းပေးဝယ်နေ
ကြောင်ပန်းသီး အသီးများကို တရုတ်က ဝယ်ယူနေသည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်ပြီး ယခင်နှစ်များက တစ်ပိဿာကို ငွေကျပ် ၃,၀၀၀ ခန့်သာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ပိဿာကို ငွေကျပ် ၆,၀၀၀ အထိရရှိနေသည်။
21 Jul 2023

DMG ၊ ဇူလိုင် ၂၁
ရခိုင်ဒေသတွင် စပါးသိုလှောင်ချိန် ပိုးမကျန်စေအတွက် အသုံးပြုသော ကြောင်ပန်းသီး (ဒေသအခေါ် စွန်ပန်းသီး)ကို တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်ယူနေ၍ ခူးဆွတ်ရောင်းချသူများမှာ ဝင်ငွေတစ်ခုရရှိနေကြသည်။
ကြောင်ပန်းသီး အစိမ်းများကို နို့ဆီဗူးတစ်လုံးလျှင် ငွေကျပ် ၅၀၀၊ တစ်ပိဿာကို ငွေကျပ် ၆ ထောင်အထိ ဈေးရရှိနေပြီး ဒေသခံအများအပြား ခူးဆွတ်ရောင်းချနေကြောင်း ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာမှ ကြောင်ပန်းသီးရောင်းဝယ်ရေး လုပ်ကိုင်နေသူ ဦးထွန်းထွန်းက ပြောသည်။
“ကျနော့်ဆီမှာ ခူးပြီးလာရောင်းတဲ့လူတွေကတော့ အယောက် နှစ်ရာနီးပါးလောက် ရှိပါတယ်။ ဒီအသီးတွေကို တရုတ်မှာ ဘယ်လိုအသုံးပြုတယ်ဆိုတာကို မသိရပေမယ့် အသည်းရောဂါအတွက် ဆေးဖော်တာလို့ ပြောတာတွေတော့ရှိပါတယ်” ဟု ဦးထွန်းထွန်းက ပြောသည်။
ရခိုင်ပြည်အတွင်း ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ အမ်း၊ သံတွဲ၊ ဂွနှင့် ဘူးသီတောင်၊ မောင်တော မြို့နယ်တို့တွင် ကြောင်ပန်းသီးအဝယ်ဒိုင်များ ဖွင့်လှစ်ဝယ်ယူနေပြီး မန္တလေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာမှ ဒေါ်နုနုခင်က “ဒီနှစ် ဈေးပိုရတဲ့အခါကျတော့ ဒီနားက ရွာတော်တော်များများက ကလေးလူကြီးအကုန် ဒီအသီးကိုခူးပြီး ရောင်းနေကြပါတယ်” ဟု ပြောသည်။
ကြောင်ပန်းသီး အသီးများကို တရုတ်က ဝယ်ယူနေသည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်ပြီး ယခင်နှစ်များက တစ်ပိဿာကို ငွေကျပ် ၃,၀၀၀ ခန့်သာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ပိဿာကို ငွေကျပ် ၆,၀၀၀ အထိရရှိနေ၍ ရောင်းချသူများမှာ တစ်နေ့လျှင် ငွေကျပ်တစ်သောင်းမှ နှစ်သောင်းအထိ ရရှိနေကြောင်း သိရသည်။
ကြောင်ပန်းသီးများကို တရုတ်နိုင်ငံက ဝယ်လိုအားကောင်းနေခြင်းကြောင့် ဈေးကွက်တွင်ကျယ်လာပြီး စီးပွားဖြစ်စိုက်ပျိုးသူများလည်း ရှိလာကြောင်း သိရသည်။
“ဒီအတိုင်း ခူးရောင်းနေကြမယ်ဆိုရင်တော့ နောက်နှစ်တွေမှာ ကြောင်ပန်းပင်တွေ ရှားပါးမှုနဲ့ ကြုံလာနိုင်တဲ့အတွက် အစားထိုး စိုက်ပျိုးမှုတွေလုပ်ပြီး ရောင်းနိုင်ဖို့ကို ကျနော်တို့က တိုက်တွန်းတာတွေတော့ ရှိပါတယ်” ဟု အမ်းမြို့မှ ကြောင်ပန်းသီးရောင်ဝယ်ရေး လုပ်ကိုင်နေသူ ဦးသိန်းအောင်က ပြောသည်။
ကြောင်ပန်းသီးပင်များမှာ ဆယ့်နှစ်ရာသီ ဖူးပွင့်လေ့ရှိပြီး ကိုင်းထိုး၍ စိုက်ပျိုးမည်ဆိုပါက တစ်နှစ်အတွင်း အသီးခူးဆွတ်နိုင်၍ စီးပွားဖြစ်စိုက်ပျိုးရန် လွယ်ကူကြောင်း သိရသည်။
သဘာဝပေါက်ပင်ဖြစ်သော ကြောင်ပန်းသီးပင်များမှာ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွ၊ မြေပုံနှင့် ဘူးသီးတောင်၊ မောင်တော စသည့် ရခိုင်ပြည်အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိကြောင်း သိရသည်။
#I008