ရေကြီးမှုကြောင့် မင်းပြားနှင့် ကျောက်တော်တွင် သောက်သုံးရေကန် ၁၀၀ နီးပါး ပျက်စီး 

ပြီးခဲ့သည့်ရက်ပိုင်းကစပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဒီရေမြင့်တက်ကာ ရေကြီးရေလျှံဖြစ်နေသဖြင့် သောက်သုံးရေကန်များ ပျက်စီးသွားခြင်းဖြစ်သည်။ 

By Admin 09 Aug 2023

ရေနစ်မြုပ်သွားသည့် မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာက သောက်ရေကန်ကို ဩဂုတ်လ ၉ ရက်နေ့တွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့
ရေနစ်မြုပ်သွားသည့် မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာက သောက်ရေကန်ကို ဩဂုတ်လ ၉ ရက်နေ့တွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ ဩဂုတ် ၉ 

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုကြောင့် ရခိုင်ပြည်၊ မင်းပြားမြို့နယ်နှင့် ကျောက်တော်မြို့နယ်ရှိ ကျေးရွာပေါင်း ၄၀ ကျော်တွင် သောက်သုံးရေကန် ၁၀၀ နီးပါး ရေနစ်မြုပ်ပျက်စီးသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းကစပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဒီရေမြင့်တက်ကာ ရေကြီးရေလျှံဖြစ်နေသဖြင့် သောက်သုံးရေကန်များ ပျက်စီးသွားခြင်းဖြစ်သည်။ 

ရေလွှမ်းမိုးမှုကြောင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကြီးချောင်းတလျှောက်ရှိ ကျေးရွာ ၂၀ ကျော်နှင့် ဖုံသာချောင်းတလျှောက်ရှိ ကျေးရွာ ၁၀ ကျော်က ရေကန်များမှာ ရေလွှမ်းမိုးပျက်စီးသွားသဖြင့် အနီးအနားက တောင်ကျရေများကို ခပ်ယူသုံးစွဲနေကြရသည်ဟု သိရသည်။ 

“ရွာမှာရှိတဲ့ သောက်ရေကန်တွေအားလုံး ရေနစ်မြုပ်သွားတယ်။ လေးကန်ရှိတာမှာ အားလုံးမြုပ်သွားတော့ အခု တောင်ဂျိုင်က ရေတွေကို လှေနဲ့သွားပြီး ခပ်သောက်နေကြရတယ်။ ရေနစ်သွားတဲ့ ကန်တွေကိုတော့ ရေတွေခမ်းမှ စုပ်ထုတ်ရမယ်” ဟု မြင်းတင်မကျေးရွာမှ ဒေသခံ ဦးမောင်ရွှေက ပြောသည်။

ဖုံသာချောင်းကြောင်းတလျှောက်ရှိ မြင်းတင်မ၊ လက်ခုတ်၊ စိတ္တရ စသည့်ကျေးရွာပေါင်း ၁၀ ကျော်တွင် ရေနစ်မြုပ်မှုကြောင့် သောက်ရေကန် ၃၀ ခန့် ပျက်စီးသွားပြီး ပန်းမြောင်းကြီးချောင်းတလျှောက်ရှိ ကျေးရွာ ၂၀ ကျော်တွင် ရေကန် ၄၀ ခန့် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ 

“ကျနော်တို့ရွာမှာ ရေကန် ၇ ကန်ရှိတာမှာ ၃ ကန်က ရေနစ်သွားတယ်။ အခုက ရေလျော့ကျလာပေမဲ့ အကုန်လုံးကျသွားတာ မဟုတ်သေးဘဲ ရေ ၄ ပေလောက်ရှိသေးတယ်။ လှေတွေနဲ့သွားနေရတုန်း” ဟု မင်းဖူးကျေးရွာမှ ဦးမောင်ပုက ပြောသည်။

ကျောက်တော်မြို့နယ်တွင်လည်း ရေကြီးမှုကြောင့် ကျေးရွာပေါင်း ၁၀ ခန့်မှ သောက်ရေကန် ၂၀ ကျော်အထိ ပျက်စီးသွားခဲ့ရကြောင်း ဒေသခံများနှင့် ဒေသတွင်း လူမှုကူညီရေးဆောင်ရွက်နေသည့် အဖွဲ့များထံမှ သိရသည်။ 

သရက်အုပ်ရွာသစ်၊ သရက်အုပ်ရွာဟောင်း၊ င/တပေါင်း၊ သင်းဘောကွေ့၊ ပုဏ္ဏားရွာ၊ ချောင်းတူ၊ ဗုဒ္ဓေါ၊ ရွက်ညှိုးတောင်၊ စပါးဆိပ်နှင့် ညောင်ချောင်း ကျေးရွာများရှိရေကန်များ ရေမြုပ်နစ်သွားပြီး သောက်သုံးရေများ လိုအပ်နေကြောင်း သိရသည်။ 

ရေအမြင့် ၉ ပေခန့်အထိ နစ်မြုပ်ခဲ့သည့် စပါးဆိပ်ကျေးရွာတွင် ရေလျော့ကျလာပြီဖြစ်သော်လည်း ရေ ၃ ပေ ခန့်အထိ ကျန်ရှိနေသေးသည်ဟု ဒေသခံ ကိုအောင်ချမ်းသာက ပြောသည်။

“ရေကန် ၄ ကန်မှာ ၁ ကန်တော့ ရေဖုံးလွှမ်းသွားတယ်။ နစ်မြုပ်သွားတဲ့ကန်က ရွာလယ်မှာရှိတဲ့ကန်ဖြစ်ပြီး ရွာသားတွေ အဓိက အားထားနေရတဲ့ကန်ဖြစ်တော့ သောက်သုံးရေ အနည်းနဲ့အများ အခက်အခဲတွေဖြစ်နိုင်တယ်” ဟု သူက ပြောသည်။

ကျောက်တော်မြို့နယ်အတွင်း လူမှုကူညီရေးများဆောင်ရွက်နေသည့် ဖြူစင်မေတ္တာပရဟိတအသင်း ဥက္ကဋ္ဌ ကိုညီပုက “ကျောက်တော်မှာ ရေလျော့ကျလာပေမဲ့ ကန်တွေမှာ နွံတွေ နစ်သွားတာ၊ အိမ်တွေကို သန့်ရှင်းရေးလုပ်ရမယ့်အပိုင်းတွေ အများကြီး ကျန်နေသေးတယ်။ အခုအထိတော့ အိမ်တွေကမပေါ်သေးဘူး” ဟုပြောသည်။

ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်ခဲ့မှုများကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် လူဦးရေခုနစ်ထောင်ခန့်မှာ ယာယီ နေရာရွှေ့ပြောင်းခဲ့ရသည်။ 

မိုးလေဝါသနှင့် ဇလဗေညွှန့်ကြားမှုူ ဦးစီးဌာန၏ ဩဂုတ်လ ၉ ရက် နေ့လယ်ခင်း ထုတ်ပြန်ချက်အရ ကုလားတန်မြစ်ရေမှာ စိုးရိမ်ရေမှတ် ၅၅၀ စင်တီမီတာထက် ၄၁ စင်တီမီတာခန့် ကျဆင်းသွားပြီး၊ လေးမြို့မြစ်ရေမှာ စိုးရိမ်ရေမှတ် ၈၁၀ စင်တီမီတာထက် ၅၉ စင်တီမီတာခန့် တိုးနေသေးသော်လည်း နောက်နှစ်ရက်အကြာတွင် စိုးရိမ်ရေမှတ်အောက်ကို ကျရောက်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

#I006

ဗီဒီယိုများ