ထိုင်းတွင် နေထိုင်ခွင့်အတွက် CI စာအုပ် ပြုလုပ်ပေးခြင်းကို မေလဒုတိယပတ်မှစ၍ ယာယီရပ်ဆိုင်းထားမည်

ထိုင်းရောက် မြန်မာများအနေဖြင့် ယခင်က ပန်းရောင်ကဒ်လျှောက်ကာ နေထိုင်ခွင့်ရခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစ၍ ပန်းရောင်ကဒ်ဖြင့် နေထိုင်ခွင့်မရတော့ဘဲ CI စာအုပ်ရှိမှသာ နေထိုင်ခွင့်ရတော့မည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။

By Admin 08 May 2023

ထိုင်းတွင် နေထိုင်ခွင့်အတွက် CI စာအုပ် ပြုလုပ်ပေးခြင်းကို မေလဒုတိယပတ်မှစ၍ ယာယီရပ်ဆိုင်းထားမည်

DMG ၊ မေ ၈

ထိုင်းနိုင်ငံရောက် မြန်မာများအနေဖြင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရရန်အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်ပြုလုပ်ပေးခြင်းကို ယခုမေလ ၁၃ ရက်ကစပြီး ယာယီရပ်ဆိုင်းထားမည်ဖြစ်သည်။

ထိုင်းရောက် မြန်မာများအနေဖြင့် ယခင်က အထောက်အထားမရှိလျှင် ထိုင်းအစိုးရထံ ပန်းရောင်ကဒ်လျှောက်ကာ နေထိုင်ခွင့်ရခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစ၍ ပန်းရောင်ကဒ်ဖြင့် နေထိုင်ခွင့်မရတော့ဘဲ CI စာအုပ်ရှိမှသာ နေထိုင်ခွင့်ရတော့မည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။

ပန်းရောင်ကဒ်နှင့် CI စာအုပ် ပြုလုပ်ခမှာ ဘတ် ၃၀,၀၀၀ အထိ ကုန်ကျမှုရှိသဖြင့် အခက်အခဲဖြစ်ရသည်ဟု ပန်းရောင်ကတ်မှ CI စာအုပ် ပြောင်းလဲကိုင်ဆောင်ထားသည့် မအေးစိုးက ပြောသည်။

“အခုက ပန်းရောင်ကဒ်ပါ, CI ပါလုပ်ရတော့ ငွေက အရမ်းကုန်တယ်။ ဆိုတော့ ကျမတို့ အလုပ်သမားတွေအနေနဲ့ ဘတ်ငွေသုံးသောင်းဆိုတာ မနည်းရှာရတာလေ။ တစ်ချို့ဆို ပန်းရောင်ကဒ်တင်ထားတယ်၊ ပန်းရောင်ကဒ်က ထွက်မလာသေးခင် CI ထပ်ပြောင်းရတယ်။ ငွေတွေက ဆက်တိုက်ကုန်တယ်”ဟု ၎င်းကပြောသည်။

တရားဝင်သတ်မှတ်ချက်များအရ ပန်းရောင်ကဒ်လျှောက်လျှင် ဘတ် ၉,၀၈၀ နှင့် CI စာအုပ်ပြုလုပ်လျှင် ဘတ် ၇,၈၈၀ ရှိသည်။ သို့သော် ကိုယ်တိုင်သွားလျှောက်ရန် အခက်အခဲရှိသူများမှာ ပွဲစားများဖြင့်လုပ်ဆောင်ရ၍ ပန်းရောင်ကဒ်လျှောက်လျှင် ဘတ် ၁,၅၀၀၀ နှင့် CI စာအုပ်ပြုလုပ်လျှင် ဘတ် ၁၅,၀၀၀ ပေးရကြောင်း ထိုင်းနိုင်ငံတွင် နေထိုင်သူများထံမှ သိရသည်။

“ပန်းရောင်ကဒ်လုပ်ထားပြီး CI မလုပ်လိုက်ရသူတွေ ရှိတယ်။ ဆိုတော့ ပန်းရောင်ကဒ်သက်တမ်း မကုန်ခင် CI ပြန်လုပ်နိုင်အောင် အစိုးရက ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ ပြီးတော့ ကျနော်တို့ကိုယ်တိုင်သွားလုပ်ရင် သူဌေးကိစ္စတွေ ဘာညာအခက်အခဲရှိတော့ အကုန်အခက်အခဲရှိလာနေတယ်။ ခက်ခဲတယ်၊ ငွေကုန်တယ်ဆိုတာထက် အခုက CI ကိစ္စကို အမြန်ပြန်ဖွင့်ဖို့လိုတယ်” ဟု ထိုင်းနိုင်ငံတွင်နေထိုင်သည့် ကိုအောင်ကျော်မိုးက ပြောသည်။

CI စာအုပ်ပြုလုပ်ရန် မေလ ၁၃ ရက်နေ့အထိ ခွင့်ပြုထားသော်လည်း ၎င်းစာအုပ်ပြုလုပ်ရန်အတွက် တိုကင်ယူခြင်းကို မေလ ၅ ရက်နေ့ထိသာ ခွင့်ပြုထားကြောင်း CI စာအုပ် ပြုလုပ်ပေးသည့် ပွဲစားများထံမှ သိရသည်။

“ကျမအထင်ပြောရရင် ပန်းရောင်ကဒ်ကိုင်ပြီး အခု CI ပြောင်းလိုက်ရသူတွေ တစ်ဝက်လောက်ပဲရှိမယ်ထင်တယ်။ ကျန်တစ်ဝက်လောက်ကတော့ CI မပြောင်းလိုက်ရဘူးဆိုတော့ အစိုးရအနေနဲ့ ပန်းရောက်ကဒ်ကိုင်ပြီး CI မပြောင်းလိုက်ရတဲ့သူတွေအတွက် အမြန်ဖွင့်ပေးဖို့လိုတယ်” ဟု မအေးစိုးက ပြောသည်။

လက်ရှိတွင် CI စာအုပ် ပြုလုပ်ပေးခြင်းကို မေလ ၁၃ ရက်နေ့ကစပြီး ယာယီရပ်ဆိုင်းထားမည် ဖြစ်သော်လည်း မည့်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်မည်ကို မသိရသေးပေ။

CI စာအုပ်ပြုလုပ်ခြင်းကို ရပ်နားလိုက်ရခြင်းမှာ သတ်မှတ်လူဦးရေပြည့်သွား၍ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်နိုင်ရန် နှစ်ဖက်အစိုးရတို့ ဆွေးနွေးနေပြီး ပြန်လည်ထုတ်ပြန်ပေးသွားမည်ဟု မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာသံရုံးအနေဖြင့် CI စာအုပ် ထုတ်ပေးရေးစင်တာများကို စမွတ်စခွန်ခရိုင်၊ ချွန်ဘူရီခရိုင်၊ စမွတ်ပရကန်ခရိုင်၊ ရနောင်းခရိုင်တို့တွင် ဖွင့်လှစ်ထားပြီး Mobile Team ဖြင့် လုပ်ဆောင်နိုင်ရန်အတွက် ချင်းမိုင်ခရိုင်၊ စွန်ခရာခရိုင်နှင့် ပထုန်ဌာနီုတို့တွင် ဖွင့်လှစ်ပေးထားသည်။

၂၀၂၂ ခုနှစ်ကထုတ်သည့် ပန်းရောင်ကဒ်မှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ၅ နှစ်သက်တမ်းရှိသည်။ လက်ရှိ ပြောင်းလဲလုပ်ကိုင်ရမည့် CI စာအုပ်မှာ ရက် ၉၀ လျှင်တစ်ကြိမ်စီ သက်တမ်းတိုးရမည်ဖြစ်ကာ ၄ နှစ်ပြည့်လျှင် စာအုပ်အသစ် ပြန်လည်ပြုလုပ်ရမည်ဖြစ်သည်။

#F001

ဗီဒီယိုများ