တည်ငြိမ်နေသယောင် ထင်ရတဲ့ ပေါက်တောမြို့နယ်

ရခိုင်ပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ ပေါက်တောမြို့နယ်ဟာ စစ်တွေမြို့ရဲ့ အရှေ့ဖက် ရေမိုင် (၁၂)မိုင်အကွာမှာ တည်ရှိတာပါ။ မြို့ပေါ်ရပ်ကွက် (၅)ခုမှာ လူဦးရေ (၁၉၁၅၇)ဦးနဲ့ ကျေးရွာအုပ်စု(၅၃)အုပ်စုနဲ့ ကျေးရွာပေါင်း (၁၇၉)ရွာမှာ လူဦးရေစုစုပေါင်း (၁၇၁၆၉၂)ဦး ရှိတယ်လို့ ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းက ဖော်ပြပါတယ်။

By Admin 28 Oct 2022

တည်ငြိမ်နေသယောင် ထင်ရတဲ့ ပေါက်တောမြို့နယ်

DMG ၊ အောက်တိုဘာ ၂၈

ရခိုင်ပြည် မြောက်ဘက်ပိုင်းမှာရှိတဲ့ ပေါက်တောမြို့နယ်ဟာ စစ်ရေးပဋိပက္ခကင်းစင်ပြီး တည်ငြိမ်နေတဲ့ မြို့နယ်တစ်ခုအဖြစ် ယေဘုယျအားဖြင့် မြင်တွေ့နိုင်ပါတယ်။

စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားခဲ့တဲ့ ယခင် ၂ နှစ်တာ တိုက်ပွဲကာလနဲ့ လက်ရှိဖြစ်ပွားနေတဲ့ တကျော့ပြန်တိုက်ပွဲတွေအတွင်း ပေါက်တောမြို့နယ်ဟာ သေနတ်သံတစ်ချက်မှ မထွက်သေးတာလည်း ဖြစ်ပါတယ်။

ပေါက်တောမြို့နယ်ရဲ့ ထူးခြားချက်ကတော့ စစ်တပ်ရဲ့ အခြေစိုက်စခန်းတွေ မြို့နယ်အတွင်း တစ်ခုမှမရှိတာပါ။ စစ်တပ်က ပေါက်တောမြို့နယ်ထဲကို ကင်းလှည့်တဲ့ပုံစံနဲ့ အနည်းအကျဉ်းရောက်ရှိတာကလွဲလို့ စစ်ရေးလှုပ်ရှားမှုတွေကိုလည်း မတွေ့ရပါဘူး။

ဒါပေမယ့်လို့ တကျော့ပြန် စစ်ရေးတင်းမာလာချိန်မှာ ရခိုင်ပြည်မြောက်ဘက်ပိုင်းက မြို့နယ်တွေကို စစ်တပ်က ကုန်းလမ်း၊ ရေလမ်း သွားလာခွင့်တွေကို တင်းကျပ်ပိတ်ဆို့တာတွေ ပြုလုပ်လာပါတယ်။ အဲဒီထဲမှာ စစ်ရေးပဋိပက္ခ ကင်းစင်တဲ့ ပေါက်တောမြို့နယ်ဟာလည်း ကန့်သတ်ခံထားရပါတယ်။

သွားလာခွင့် ကန့်သတ်ခံလာရတဲ့ ပေါက်တောမြို့နယ်

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီးတော့ ရခိုင်ပြည်မှာ အကျယ်ပြန့်ဆုံး ပုဂ္ဂလိကရေယာဉ်လိုင်း တစ်ခုဖြစ်တဲ့ ရွှေပြည်တန်အမြန်ရေယာဉ်ပြေးဆွဲမှုကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာရဲ့ ညွှန်ကြားချက်နဲ့ ရပ်နားလိုက်ပါတယ်။

အဲဒီထဲမှာ စစ်တွေ-မင်းပြား၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ခရီးစဉ်တွေပါဝင်ပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ စစ်တွေ-ပေါက်တောပြေးဆွဲနေတဲ့ ခရီးစဉ်ကိုလည်း ပိတ်ပင်လိုက်ပါတယ်။

“ဘာကြောင့် ပိတ်လိုက်တယ်ဆိုတာ မသိဘူး။ မန်နေဂျာက အကြောင်းကြာလာလို့ ပိတ်လိုက်တာဖြစ်ပါတယ်။ ဘယ်နှစ်ရက်အထိ ပိတ်တာလည်း မသိရသေးဘူး”ဟု ပေါက်တောမြို့နယ် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပေါက်တောမြို့နယ်အတွင်းက ကျေးရွာတွေကနေ စစ်တွေမြို့ကို ဈေးရောင်းဈေးဝယ်လာရောက်တဲ့ ခရီးသည်တင် လိုင်းစက်လှေတွေနဲ့ ကုန်စည်ပို့ဆောင်တဲ့ စက်လှေတွေကိုလည်း စစ်တပ်က သွားလာခွင့် တားမြစ်ထားတယ်လို့ ဒေသခံ စက်လှေပိုင်ရှင်တွေက ပြောပါတယ်။

“အမြန်ရေယာဉ်ကတော့ ပေါက်တောမြို့ မြို့ပေါ်ကလူတွေက အဓိက အားထားနေရတာ ဖြစ်ပါတယ်။ လိုင်းစက်လှေတွေကျတော့ ပေါက်တောမြို့နယ် ကျေးရွာတွေက ပြည်သူတွေက အဓိကအားထားနေရတာ ဖြစ်တဲ့အတွက် အဲဒီလိုင်းစက်လှေတွေကို သွားလာခွင့်ကို မပိတ်စေချင်ပါဘူး”လို့ ပေါက်တောမြို့နယ်၊ င/ပြီတက်ကျေးရွာက ရေလုပ်သား ဦးထွန်းတင်က သူ့ရဲ့ဆန္ဒကို ပြောပြပါတယ်။

ပေါက်တောမြို့နယ်ကနေ တခြားမြို့နယ်တွေကိုသွားလာလို့ရမယ့် တစ်ခုတည်းသောကုန်းလမ်းဟာ ပေါက်တော-မင်းပြား ကားလမ်းဖြစ်ပါတယ်။ အဲဒီကားလမ်းဟာလည်း မင်းပြားမြို့နယ်အတွင်းက နေရာအချို့မှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိတဲ့အတွက် သွားလာရေး အဆင်မပြေလှပါဘူး။

အခုလို သွားလာခွင့် ကန့်သတ်ပိတ်ပင်မှုတွေကြောင့် ပေါက်တောမြို့နယ်အပါအဝင် ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်တွေမှာ ကုန်စည်ပြတ်လပ်မှုပြဿနာနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကို ကြုံတွေ့နေကြရပါတယ်။

ပေါက်တာမြို့နယ်ရဲ့ ပထဝီအနေအထား

ရခိုင်ပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ ပေါက်တောမြို့နယ်ဟာ စစ်တွေမြို့ရဲ့ အရှေ့ဖက် ရေမိုင် (၁၂)မိုင်အကွာမှာ တည်ရှိတာပါ။ မြို့ပေါ်ရပ်ကွက် (၅)ခုမှာ လူဦးရေ (၁၉၁၅၇)ဦးနဲ့ ကျေးရွာအုပ်စု(၅၃)အုပ်စုနဲ့ ကျေးရွာပေါင်း (၁၇၉)ရွာမှာ လူဦးရေစုစုပေါင်း (၁၇၁၆၉၂)ဦး ရှိတယ်လို့ ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းက ဖော်ပြပါတယ်။

ဧရိယာအားဖြင့် စတုရန်းမိုင် (၄၁၃ ဒသမ ၇၄)ကျယ်ဝန်းပြီး ဒေသခံတွေဟာ လယ်ယာလုပ်ငန်း၊ ငါး၊ပုဇွန် မွေးမြူရေး၊ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေနဲ့ အဓိက အသက်မွေးကြတာပါ။ ပေါက်တောမြို့နယ်ရဲ့ တောင်ပိုင်းမှာ အရှေ့ဖရုံကာ၊ အနောက်ဖရုံကာ၊ အလယ်ဖရုံကာဆိုပြီး ကျွန်း(၃)ကျွန်းနဲ့ တခြားကျွန်း (၈)ကျွန်းလည်း ရှိပါတယ်။

ပေါက်တောမြို့နယ်ဟာ အရှေ့ဘက်မှာ မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်နဲ့ အနောက်ဘက်မှာ ပုဏ္ဏားကျွန်း၊ စစ်တွေမြို့နယ် မြောက်ဘက်မှာ မြောက်ဦးမြို့နယ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။

မြို့နယ်ချင်း ကုန်းလမ်းဆက်သွယ်ရေးအဖြစ် မင်းပြား-ပေါက်တော လမ်းတစ်ခုတည်းသာရှိပြီးတော့ ကျန်ဒေသတွေကို ရေကြောင်းနဲ့ချိတ်ဆက်ပြီး ကူးလူးဆက်ဆံနေရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပေါက်တောမြို့နယ်မှာ မြို့နဲ့ ကျေးရွာချင်းဆက်လမ်းတွေဖြစ်တဲ့ ပေါက်တော-တောင်ညို-သဝင်ချောင်း-အဝကန်လမ်း၊ ပေါက်တော-နတ်တောင်ပြင်-လက်ပံပြားလမ်းနဲ့ ပေါက်တောတောင်ပိုင်း အလယ်ဖရုံကာကျွန်းမှာ ဆိုရင်တော့ မြင့်ဂါ-နတ်တောင်-ဖဒူ ကျေးရွာချင်းဆက်လမ်းတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလမ်းတွေကတော့ ဒေသတွင်း ချိတ်ဆက်မှုသာဖြစ်ပြီး တခြားမြို့နယ်တွေနဲ့ ဆက်သွယ်မှု မပေးနိုင်တာပါ။

ပေါက်တောကို ဘာကြောင့် အဆက်အသွယ်ဖြတ်တာလဲ

၂၀၁၈ ခု နှစ်ကုန်ပိုင်းကနေ ၂၀၂၀ နှစ်ကုန်ပိုင်းအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကို ပြန်ကြည့်ရရင် AA ဘက်က အခြေစိုက်စခန်းတွေ မရှိသေးတော့ ထိတွေ့တိုက်ပွဲတွေ များခဲ့ပါတယ်။ ဒါကြောင့် AA ဘက်ကတော့ ခံစစ်အနေနဲ့ လှုပ်ရှားခဲ့ပါတယ်။

အခုတကျော့ပြန်တိုက်ပွဲမှာတော့ AA က ခံစစ်မဟုတ်တော့ဘဲ ထိုးစစ်ဆင်ပြီးတော့ စစ်တပ်စခန်းတွေကို အလုံးအရင်းနဲ့ ဝင်တိုက်ပြီး မြောက်ပိုင်းဒေသအတွင်း စိုးမိုးနိုင်ရေး လှုပ်ရှားနေတာတွေ့ရပါတယ်။ ဒီအချက်တွေကို အဓိကလုပ်ဆောင်နိုင်ဖို့အတွက် စစ်တပ်နဲ့ AA ဟာ အပြန်အလှန် ဖြတ်တောက်ပိတ်ဆို့မှုတွေ လုပ်ဆောင်လာနေတာပါ။

ရက္ခိုင့်တပ်တော်(AA)က ဖြတ်တောက်တာကတော့ စစ်တပ်ရဲ့ စခန်းတွေကို ရိက္ခာမရောက်နိုင်အောင် နည်းမျိုးစုံနဲ့ပိတ်ဆို့ထားပြီး ထိုးစစ်ဆင် တိုက်ခိုက်တာမျိုးတွေကို တွေ့ရပါတယ်။

စစ်တပ်က ဒီကိစ္စအပေါ် ULA/AA ကို ထောက်ခံနေတဲ့ ရခိုင်လူထုကို ကလဲ့စားချေတဲ့ပုံစံမျိုးနဲ့ ပေါက်တောမြို့နယ် အပါအဝင် ရခိုင်ပြည်အနှံ့ လမ်းခရီးတွေကို စစ်တပ်က ပိတ်လိုက်တဲ့ သဘောရှိတယ်လို့ ရခိုင့်နိုင်ငံရေး သမားတစ်ဦးဖြစ်တဲ့ ဦးဖေသန်းက သုံးသပ်ပါတယ်။

“အစိမ်း အကျက်မရွေး ရခိုင်ကို ဖြတ်တောက်ပိတ်ဆို့ရမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ်လို့ ပြော

နိုင်တယ်”လို့ ဦးဖေသန်းက သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် ပေါက်တောမြို့နယ်ကို ကြားခံထောက်ပို့ရေး လမ်းကြောင်းတစ်ခုအဖြစ် စစ်တပ်ဘက်က သံသယရှိတာကြောင့်လည်း အဆက်အသွယ်ဖြတ်တာ ဖြစ်နိုင်တယ်လို့ ၎င်းက ဆက်ပြီးသုံးသပ်ပါတယ်။

“စစ်တွေကနေ ပေါက်တော၊ မြေပုံ၊ မင်းပြား စတဲ့ဒေသတွေကို ရိက္ခာဆေးဝါးတွေ ပြန့်သွားတယ်လို့ ထင်မြင်ချက်ရှိတယ်။ နောက်ပြီး ပေါက်တောမှာ စစ်တပ်က တပ်မချထားပေမယ့်လည်း စစ်တွေနဲ့ အဆက်အသွယ် ဖြတ်လိုက်မယ်ပေါ့။ ပေါက်တောက တခြားမြို့နယ်တွေအတွက် အထောက်အပံ့ ဖြစ်စေတယ်ဆိုတဲ့ အချက်လည်းပါတယ်”လို့ ရခိုင့်နိုင်ငံရေးသမား ဦးဖေသန်းက ဆိုပါတယ်။

ပေါက်တောမြို့နယ်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အခုလိုပိတ်ဆို့လိုက်တာဟာ ပြည်သူတွေကို ဓားစာခံလုပ်လိုက်တဲ့ အနေအထားဖြစ်တယ်လို့ ပေါက်တောမြို့နယ်ရဲ့ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်ထွီးက ပြောပါတယ်။

“ကျနော်တို့ ပေါက်တောက စစ်နယ်မြေဧရိယာထဲမှာရှိနေတဲ့ အနေအထားလည်း မဟုတ်ဘူး။ ဒါကို လမ်းပိတ်ဆို့မှု လုပ်လိုက်တော့ ဒီဒေသခံတွေအတွက် တော်တော်လေး အခက်အခဲဖြစ်စေတယ်။ ကျနော်တို့ ပြည်သူလူထုကို ဓားစာခံအနေအထား သဘောသက်ရောက်သွားအောင်ထိ ပြင်းထန်စွာ ပိတ်ဆို့တာကတော့ မဖြစ်သင့်ဘူး”လို့ သူက ဆိုပါတယ်။

ပေါက်တောဒေသခံတွေရဲ့ အကျပ်အတည်းနဲ့ စိန်ခေါ်မှု

ပေါက်တောမြို့နယ်ရဲ့ အရှေ့ဖရုံကာကျွန်းမှာရှိတဲ့ ကျေးရွာပေါင်း(၂၀)ကျော်က ဒေသခံတွေဟာ ဘင်္ဂလားပင်လယ်ပြင်နှင့် ဟန်တားပင်လယ်ပြင်တို့မှာ ငါးဖမ်းဆီးပြီးတော့ အသက်မွေးဝမ်းကျောင်း ပြုနေကြတာပါ။

လက်ရှိမှာတော့ ဖမ်းမိလာတဲ့ ငါး၊ပုဇွန်တွေကို တင်ပို့ရောင်းချတာတွေ ခက်ခဲလာတာကြောင့် စားဝတ်နေရေးတွေ ကျပ်တည်းလာနေရတယ်လို့ ပြောကြပါတယ်။

“ငါးဖမ်းလို့ရတာတွေကို စစ်တွေကို သွားမရောင်းရတော့ ဒီက ရွာသားတွေက ငါးဝယ်မစားကြဘူးလေ။ ပေါက်တောမြို့ကိုတော့ သွားလို့တော့ရတယ်။ ဒါပေမယ့်လည်း ပေါက်တောက စစ်တွေကိုပဲ တင်ပို့နေရတာ။ ဒီအတိုင်းဆိုရင် မလွယ်တော့ဘူး”လို့ င/ရဗက်ချိုင်ကျေးရွာက ရေလုပ်သား ဦးထွန်းမြကျော်ကပြောပါတယ်။

ဒါ့အပြင် ရေလုပ်ငန်းကို အဓိကအားထားနေကြရတဲ့ အနောက်ဖရုံကာ၊ အလယ်ဖရုံကာကျွန်းပေါ်က ဒေသခံတွေဟာလည်း ထိုနည်းတူ အခက်အခဲတွေရှိတာပါ။

အခုလို တည်ငြိမ်နေတဲ့ ပေါက်တောမြို့နယ်ကို စစ်တပ်က သွားလာခွင့် ပိတ်ပင်ထားတာကြောင့် ပေါက်တောဒေသခံတွေဟာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍအသီးသီးမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။

“စစ်တွေကို အားကိုးလို့ နေရတာဖြစ်တယ်။ တကယ်တော့ ကျနော်တို့ ပေါက်တောမှာ စစ်ပွဲမရှိလို့ လမ်းကြောင်းမပိတ်သင့်ဘူး။ ဒါကြောင့် ရေလမ်းကြောင်းတွေကို အမြန်ဆုံး ဖွင့်ပေးစေချင်ပါတယ်”လို့ ဦးထွန်းမြကျော်က တောင်းဆိုပါတယ်။

စစ်တပ်ဘက်ကတော့ ပေါက်တောမြို့နယ်အပါအဝင် ရခိုင်ပြည်အတွင်းက မြို့နယ်အချို့ကို ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့တားဆီးမှုတွေနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတွေမှာလည်း ပြောကြားတာမျိုး မတွေ့ရသလို မီဒီယာတွေကိုလည်း ရှင်းလင်းပြောကြားတာမျိုး မရှိသေးပါဘူး။

ပေါက်တောမြို့နယ်မြောက်ပိုင်း ကျော်ရှင်ကျေးရွာသားတစ်ဦးက “အခု အကျပ်အတည်းကတော့ ဆေးဝါးအခက်အခဲ များစွာရှိပါတယ်။ ဆေးဝါးတွေက ဆိုင်တွေမှာ အရင်တုန်းကလို များများစားစား ဝယ်မရတော့ဘူး။ ပါရာစီတာမော တစ်ခုလောက်ပဲ အားကိုးနေရတယ်။ ကျန်တဲ့ အရေးကြီးတဲ့ဆေးတွေက ပြတ်လပ်တဲ့အနေအထားမှာ ရောက်နေပြီ”လို့ ဆိုပါတယ်။

အခုအချိန်မှာတော့ လမ်းခရီး ပိတ်ပင်ခံထားရတဲ့အတွက် နာတာရှည်ရောဂါသည်တွေ၊ ဆေးကို အမြဲတမ်း မှီဝဲနေရသူတွေဟာ ဆေးရရှိဖို့ ခက်ခဲလာနေသလို နို့စို့အရွယ် ကလေးတွေအတွက်လည်း အာဟာရနို့မုန့်တွေ ဝယ်မရတဲ့ အခြေအနေဖြစ်လာတယ်လို့ ပေါက်တောဒေသခံတွေက ပြောကြပါတယ်။

“အခု အဓိကခံစားနေရတာကတော့ နာတာရှည်ရောဂါနဲ့ ကလေးတွေအတွက် အဓိကလိုအပ်တဲ့ ပစ္စည်းတွေက တော်တော်လေး ခက်ခဲနေပြီ။ အဓိကဆေးဝါးက အရေးပါတယ်”လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ထွီး ပြောပါတယ်။

ပေါက်တာဒေသဟာ စစ်ရေးပဋိပက္ခမရှိတဲ့အတွက် တည်ငြိမ်နေသယောင် ထင်ရပေမယ့် ပကတိ အခြေအနေမှာတော့ ပေါက်တောဒေသခံတွေဟာ စစ်ပွဲဧရိယာထဲက ဒေသခံတွေနည်းတူ အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။

နေမျိုးလင်း - ရေးသည်။

ဗီဒီယိုများ