မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး

“အိုက်ဇော-ဇိုရင်ပွီး ရထားလမ်းဟာ လက်ရှိ ကုလားတန် ဘက်စုံစီမံကိန်းနဲ့ အပြိုင် အသုံးဝင်မှာဖြစ်ပါတယ်။ ကုလားတန်စီမံကိန်းဟာ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းကနေ မီဇိုရမ်ပြည်နယ်အထိ အဝေးပြေးလမ်း ရေလမ်းကြောင်းတွေနဲ့ ချိတ်ဆက်မှာ ဖြစ်ပါတယ်” ဟု ဗန်လာဗီနာကပြောသည်။ 

By Admin 28 Jun 2025

ရခိုင်မှစတင်သည့် ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း လမ်းကြောင်း အဆုံးသတ်ပြီး အိန္ဒိယသို့ စတင်ဝင်ရောက်သည့် နယ်စပ်နေရာရှိ တံတားတစ်စင်းကို ဇိုရင်ပွီးဘက်မှ တွေ့ရစဉ်။ ဓာတ်ပုံ - The Print
ရခိုင်မှစတင်သည့် ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း လမ်းကြောင်း အဆုံးသတ်ပြီး အိန္ဒိယသို့ စတင်ဝင်ရောက်သည့် နယ်စပ်နေရာရှိ တံတားတစ်စင်းကို ဇိုရင်ပွီးဘက်မှ တွေ့ရစဉ်။ ဓာတ်ပုံ - The Print

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့မှ စတင်ပြီး မြန်မာနိုင်ငံနယ်စပ်အနီး မီဇိုရမ်တောင်ပိုင်း ဇိုရင်ပွီးမြို့အထိ ရောက်ရှိမည့် ရထားလမ်း စီမံကိန်းသစ်အတွက် ကွင်းဆင်းလေ့လာမှုများ ပြီးစီးသွားပြီဟု မီဇိုရမ် လွှတ်တော်အမတ် ကေဗန်လာဗီနာက ပြောကြားကြောင်း Times of India သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗန်လာဗီနာသည် ဇွန်လ ၂၆ ရက်နေ့က ရထားပို့ဆောင်ရေးဌာန ဝန်ကြီးနှင့် ဒေလီတွင် တွေ့ဆုံခဲ့ကာ မြန်မာအထိ ပေါက်မည့် ရထားလမ်းစီမံကိန်းအတွက် ထပ်မံတိုက်တွန်းမှု ပြုလုပ်ခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြသည်။ ဤရထားလမ်းကြောင်းဖြင့် အိုက်ဇောသည် အိန္ဒိယ၏ အမျိုးသားပင်မ ရထားကွန်ရက်ဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။

“အိုက်ဇော-ဇိုရင်ပွီး ရထားလမ်းဟာ လက်ရှိ ကုလားတန် ဘက်စုံစီမံကိန်းနဲ့ အပြိုင် အသုံးဝင်မှာဖြစ်ပါတယ်။ ကုလားတန်စီမံကိန်းဟာ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းကနေ မီဇိုရမ်ပြည်နယ်အထိ အဝေးပြေးလမ်း ရေလမ်းကြောင်းတွေနဲ့ ချိတ်ဆက်မှာ ဖြစ်ပါတယ်” ဟု ဗန်လာဗီနာကပြောသည်။ 

ကုလားတန်စီမံကိန်းသည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဖွံ့ဖြိုးမှု နိမ့်ကျကာ အဆက်ပြတ်နေသည့် ပြည်နယ်များအား ရခိုင် စစ်တွေဆိပ်ကမ်းမှ တစ်ဆင့် ကာလကတ္တားနှင့် ချိတ်ဆက်မည့် အစီအစဉ်ဖြစ်သည်။

လက်ရှိအဆိုပြုထားသည့် အိုက်ဇော-ဇိုရင်ပွီး ရထားလမ်းအတွက် ကွင်းဆင်းလေ့လာမှု ပြီးသွားပြီဖြစ်သော်လည်း လမ်းညှိမှုများမှာ အချောသပ်ရန် လိုသေးကြောင်း Times of India သတင်းက ဖော်ပြသည်။ ရထားလမ်း စီမံကိန်း စတင်မည့် ရက်ကို အတည်မပြုရသေးသော်လည်း ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီ စတင်ဖွယ်ရှိသည်ဟု ရထားစီမံကိန်း အရာရှိအချို့က အတည်ပြုထားသည်။

၅၁ ကီလိုမီတာခန့်သာ ရှည်လျားသည့် ယခုရထားလမ်းသည် အင်ဂျင်နီယာများအတွက် အထူးခေါင်းခဲစရာ ဖြစ်သည်။ ဤလမ်းကြောင်းအတွင်း ဥမင်လိုဏ်ခေါင်း ၄၈ ခု၊ တံတားကြီး ၅၅ စင်းနှင့် တံတားအသေး ၈၇ စင်းပါဝင်သည်။