- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
- ထရမ့်-ပူတင် တွေ့ဆုံပွဲ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံး
- စစ်ကောင်စီနှင့် ကိုးကန့်တပ် လားရှိုးတွေ့ဆုံပွဲ အဖြေမထွက်
အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် လာမည့်အောက်တိုဘာတွင် လက်ခံမည်ကို ထောက်ခံမည်မဟုတ်ကြောင်း အာဆီယံဥက္ကဌအား မြန်မာက တရားဝင် အသိပေးထားသည်ဟု ထိုင်း PBS သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Jul 2025

အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် လာမည့်အောက်တိုဘာတွင် လက်ခံမည်ကို ထောက်ခံမည်မဟုတ်ကြောင်း အာဆီယံဥက္ကဌအား မြန်မာက တရားဝင် အသိပေးထားသည်ဟု ထိုင်း PBS သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အာဆီယံ-မြန်မာ အကြီးတန်းအရာရှိများအစည်းအဝေး ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဟန်ဝင်းအောင် လက်မှတ်ထိုးထားသည့် အဆိုပါ ပေးစာကို လက်ရှိ အာဆီယံဥက္ကဌ မလေးရှားထံ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
တီမောနိုင်ငံသည် အာဆီယံပဋိညာဉ်တွင် ထည့်သွင်းဖော်ပြထားသည့် အဖွဲ့ဝင် နိုင်ငံများအကြား မစွက်ဖက်ရေးမူကို လိုက်နာရန်ပျက်ကွက်ခဲ့သည်ဟု ပေးစာ၌ ဖော်ပြထားကြောင်း သတင်းက ဖော်ပြသည်။
ထို့အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပဋိပက္ခဖြစ်နေသော အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှု မပြုလုပ်ရန်လည်း စစ်ကောင်စီက တီမောကို တိုက်တွန်းသည်ဟု သတင်းက ဖော်ပြသည်။ မဆက်ဆံရန် တားမြစ်သော အဖွဲ့အစည်းများတွင် NUG အစိုးရအပြင် မြန်မာစစ်တပ်နှင့် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော တော်လှန်ရေး အဖွဲ့အစည်းများလည်း ပါဝင်သည်။
"တီမောလက်စတီနိုင်ငံအား အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့် မည်သည့် စဉ်းစားချက်မျိုးကိုမဆို မိမိတို့အနေဖြင့် အခိုင်အမာ ကန့်ကွက်သွားမည်" ဟု စစ်ကောင်စီ၏ ပေးစာ၌ ဖော်ပြထားသည်။
မြန်မာအပေါ် လက်ရှိ ကျင့်သုံးနေသည့် တီမောနိုင်ငံ၏ မူဝါဒများကို ပြန်လည်သုံးသပ်မှုများ မပြုလုပ်သရွေ့ တီမောအား အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့် အစီအစဉ်အားလုံးကို ဆိုင်းငံ့ပေးထားရန်လည်း စစ်ကောင်စီက တောင်းဆိုထားသည်။
မြန်မာစစ်ကောင်စီသည် အာဆီယံအဖွဲ့ကြီးက ၂၀၂၁ ခုနှစ်တည်းက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာ အကောင်အထည်ဖော်ရန် ပျက်ကွက်သည့်အတွက် အာဆီယံ ထိပ်သီးအစည်းအဝေးများကို တက်ရောက်ခွင့် ပိတ်ပင်ခံထားရပြီး နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်တစ်ဦးသာ တက်ရောက်ခွင့်ရှိထားသည်။
အာဆီယံသည် ယခုလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ အာဆီယံဝန်ကြီးများအစည်းအဝေးကို ကျင်းပရန်ရှိနေပြီး လက်ရှိဥက္ကဌမလေးရှားအနေဖြင့် အဆိုပါအစည်းအဝေး၌ တီမောအရေးနှင့် ပတ်သက်ပြီး အခက်ကြုံရဖွယ်ရှိနေကြောင်း PBS သတင်းတွင် ဖော်ပြထားသည်။