- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
ထရမ့်သည် မြန်မာအပေါ် ဂရုစိုက်ဟန် မရှိပေ။ သို့သော်လည်း ထိုကဲ့သို့ အရသာခံ ရက်စက်မှုသည် သူမယ်မယ်ရရ မသိလောက်သည့် နိုင်ငံ တစ်ခုအတွက် ထပ်တိုး နှိပ်စက်မှု တစ်ရပ် ဖြစ်သွားခဲ့သည်။
01 Jul 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာ့ကုန်သွယ်ရေး၊ စစ်ပွဲအလွန် လစ်ဘရယ် နိုင်ငံတကာဝါဒ၊ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ၊ ကနေဒါ၊ မက္ကစီကို၊ ရွှေ့ပြောင်းနေထိုင်သူများ၊ တက္ကသိုလ်များ၊ တရားရေးစနစ်၊ မီဒီယာနှင့် အီလွန်မက်တို့ကအစ ပါဝင်သည့် အမေရိကန် အသိုင်းအဝိုင်း၏ အစိတ်အပိုင်း ကြီးကြီးမားမား အပြင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းပါမကျန် စစ်ကြေညာထားပုံ ပေါ်သည်။
မြန်မာနိုင်ငံ ဘယ်မှာရှိသည်ကို မြေပုံပေါ်၌ ထရမ့်တစ်ယောက် အလွယ်တကူ ရှာနိုင်မည် မထင်ပေ။ သို့သော်လည်း သူ့အစိုးရအဖွဲ့ကတော့ စစ်ပွဲဖြင့်ကြေမွနေသည့် ဗမာပြည်ကို ပြန်လည်သုံးသပ်စိစစ်မှုများ တောက်လျှောက် လုပ်ထားသည်။
ဤလုပ်ရပ်များသည် စာနာမှုအကူအညီ၊ ပညာရေး၊ မီဒီယာနှင့် အုပ်ချုပ်ရေးတို့ကို ဒုက္ခရောက်စေမည့် သုံးသပ်မှုများလည်း ဖြစ်သည်။ ထရမ့်၏ သိမ်းကျုံးဖြိုဖျက်သည့် Wrecking Ball လုပ်ဆောင်ချက်က လက်ရှိအုပ်ချုပ်နေသည့် စစ်ကောင်စီကိုသာ အမြတ်ထွက်စေမည် ဖြစ်သည်။
ပထမရိုက်ချက်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က အစိုးရလုပ်ငန်းများ ထိရောက်မှု စိစစ်ရေးဌာနဖြစ်သော DOGE က ပညာရေး ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းလိုက်သည့် လုပ်ရပ် ဖြစ်သည်။ ကန်ဒေါ်လာ ၄၅ သန်းဖြင့် ၂၀၂၃ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ လည်ပတ်မည့် ပညာသင်ထောက်ပံ့ကြေး စကောလားရှစ်အစီအစဉ်ကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
တိုင်းရင်းသားများ၊ ဘာသာရေးနှင့် LGBTQ နောက်ခံ လူငယ်များ၊ ဒုက္ခသည် အသိုင်းအဝိုင်းမှ လူငယ်များအတွက် အကျိုးအမြတ် ရှိခဲ့မည့် ဤအစီအစဉ် ရပ်ဆိုင်းလိုက်သည့်အတွက် ကျောင်းသား ရာပေါင်းများစွာ ထောက်ပံ့ငွေ အခက်ကြုံသွားရသည်။ ပညာသင်နေဆဲ တန်းလန်း ကြုံလိုက်ရသူလည်း အများအပြားဖြစ်သည်။
များအကြာမီပင် ထရမ့်သည် မိန့်ခွန်းတစ်ရပ်၌ "မြန်မာအတွက် ပညာသင်ဆု လျာထားငွေ ဒေါ်လာ ၄၅ သန်းကို ရပ်ဆိုင်းလိုက်ပါတယ်။ ၄၅ သန်းဆိုတာ အများကြီးပဲ။ အဲဒီပိုက်ဆံတွေ ဘယ်ရောက်သွားမလဲ မှန်းသာကြည့်ကြပါတော့" ဟု ပြောခဲ့သည်။
ထရမ့်သည် မြန်မာအပေါ် ဂရုစိုက်ဟန် မရှိပေ။ သို့သော်လည်း ထိုကဲ့သို့ အရသာခံ ရက်စက်မှုသည် သူမယ်မယ်ရရ မသိလောက်သည့် နိုင်ငံ တစ်ခုအတွက် ထပ်တိုး နှိပ်စက်မှု တစ်ရပ် ဖြစ်သွားခဲ့သည်။ မြန်မာကျောင်းသားများအတွက် USAID မှသည် ပွင့်လင်းလူ့အဖွဲ့အစည်း (Open Society Foundation - OSF) အထိ အမေရိကန် ပညာသင်ဆုများသည် နှစ်ပေါင်း ၃၀ ခန့်အတွင်း နယ်ပယ် အမျိုးမျိုးမှ လူအမျိုးမျိုးအတွက် ကြီးမားသော အထောက်အပံ့ ဖြစ်စေခဲ့သည်။
သြဇာကြီးသည့် ဖူးဘရိုက် (Fulbright) ပညာသင်ဆု အစီအစဉ် ဘုတ်အဖွဲ့ဆိုလျှင် ဇွန်လ ၁၁ ရက်နေ့တွင် နုတ်ထွက်ခဲ့သည်။ ထရမ့်အစိုးရအဖွဲ့သည် ဘုတ်အဖွဲ့၏ ဆုံးဖြတ်ပိုင်ခွင့်ကို မောင်ပိုင်စီးကာ ရွေးချယ်ပြီးသား ပုဂ္ဂိုလ်များကို ငြင်းပယ်ခြင်း၊ ပညာသင်ဆု ၁၂၀၀ ကိုလည်း အခွင့်အာဏာမရှိဘဲ ဆောင်ရွက်ချက် စိစစ်မှု အဖြစ် သတ်မှတ်စစ်ဆေးခြင်းများ ပြုလုပ်နေသည်ဟု ဘုတ်အဖွဲ့က ပြောကြားသည်။
များမကြာမီ ရှိလာခဲ့သည့် USAID အပေါ် အင်တိုက်အားတိုက် တိုက်ခိုက်မှုကြောင့်လည်း မြန်မာနိုင်ငံရှိ အဖွဲ့အစည်း အများအပြား၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းရှိ ဒုက္ခသည်စခန်းများ၊ အဝေးရောက် မီဒီယာများ၊ အမျိုးသမီး အသင်းအဖွဲ့များ အပါအဝင် အခြားလုပ်ငန်းစဉ် အများအပြားမှာ ကသောင်းကနင်းနှင့် မရေမရာ ဖြစ်နေရပြီဖြစ်သည်။
USAID ၏ မြန်မာအတွက် အသုံးစရိတ်သည် ၂၀၁၁ တွင် ဒေါ်လာ ၂၄ သန်းရှိခဲ့ရာမှ ပုံမှန် မြင့်တက်လာခဲ့ပြီး ၂၀၂၄ တွင် ၂၃၇ သန်းအထိ ရှိလာခဲ့ကြောင်း အမေရိကန် အစိုးရ၏ တရားဝင် အချက်အလက်များအရ သိရသည်။
နိုင်ငံခြားရေး ဌာနမှ တိုက်ရိုက်ထောက်ပံ့ငွေသည် ၂၀၁၁ တွင် ၅.၄ သန်းရှိရာက ၂၀၂၀ တွင် ၄၆.၉ သန်းအထိ မြင်တက်လာခဲ့ကာ ထို့နောက်ပိုင်းတွင် ပြန်လည် ကျဆင်းသွားပြီး ၂၀၂၄ ခုနှစ်တွင် ၄.၆ သန်းသာ ရှိတော့သည်။
USAID ၏ မြန်မာ့အကူအညီ ထက်ဝက်ခန့်သည် စာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ဖြစ်သည်။ ကျန်သော ပမာဏမှာ အုပ်ချုပ်ရေးနှင့် ဒီမိုကရေစီအရေး၊ ကျန်းမာရေးတို့နှင့်အတူ အခြားအကူအညီများထံ စီးဆင်းသည်။ ၂၀၂၅ အတွက် လျာထားငွေ စုစုပေါင်းသည် ၂၅၉ သန်းအထိ ရှိခဲ့သည်။ ထိုအထဲမှ ၇၂ ရာခိုင်နှုန်းမှာ စစ်ပွဲဒဏ်နှင့် သဘာဝဘေးဒဏ် ကြုံနေရသည့် နိုင်ငံတစ်နိုင်ငံအတွက် စာနာမှုအကူအညီ ပေးအပ်ရေး အရ သတ်မှတ်ပေးအပ်ထားခြင်း ဖြစ်သည်။
ယခုလို ရုတ်ခြည်း လျော့နည်းသွားမှုသည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုက္ခသည် ကူညီရေးအပေါ်တွင်လည်း သက်ရောက်မှုရှိသည်။ အထူးသဖြင့် HIV ဝေဒနာရှင်များအတွက် ARV ကုသမှုများ အပါအဝင် ကျန်းမာရေး ဝန်ဆောင်မှုများ အပေါ် အကြီးအကျယ် အကျိုးသက်ရောက်လျက်ရှိသည်။
ထရမ့်အစိုးရသည် မတ်လ၌ VOA အမေရိကန် အသံလွှင့်ဌာနနှင့် RFA အသံလွှင့်ဌာနတို့အပေါ် မွှေနှောက်ရမ်းကားပြန်သည်။ အဆိုပါဌာန နှစ်ခုလုံး၌ မြန်မာဘာသာ အသံလွှင့်ဌာနခွဲများ ရှိနေပြီး မြန်မာနိုင်ငံ ပြည်တွင်းပြည်ပရှိ လူထုအတွက် ဆယ်စုနှစ်များစွာ သတင်းအချက်အလက်များ ဖြန့်ဝေခဲ့သော ဌာနများ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ အခြားသော အသိုင်းအဝိုင်းများအတွက် ထုတ်လွှင့်နေသည့် ဘာသာစုံ အစီအစဉ် ဒါဇင်ပေါင်းများစွာသည်လည်း အဆိုပါရန်ပုံငွေ ဖြတ်တောက်မှုဒဏ်ကို ရင်ဆိုင်ခဲ့ရသည်။
USAID ဖြတ်တောက်မှုများနှင့် တချိန်တည်း၌ ဒီမိုကရေစီ အရေးအတွက် နိုင်ငံတော်အဆင့် ထောက်ပံ့ငွေ (National Endowment for Democracy - NED) ဖောင်ဒေးရှင်းကို တိုက်ခိုက်မှုများက နောက်ထပ် ရိုက်ခတ်မှုများ ဖြစ်စေခဲ့ပြန်သည်။
ဤနှစ်ဖွဲ့လုံးသည် နိုင်ငံပြင်ပ အဝေးရောက် မီဒီယာအများအပြားကို အမေရိကန် NGO များမှ တစ်ဆင့် သို့မဟုတ် တိုက်ရိုက် ရန်ပုံငွေပံ့ပိုးနေသည့် အဖွဲ့ကြီးများ ဖြစ်သည်။ ပြည်တွင်းစစ်ကာလနှင့် မတ်လ ငလျင်ကဲ့သို့ သဘာဝဘေးဒဏ် အမျိုးမျိုး ကြုံနေရသည့် ကာလများအတွင်း သတင်းထုတ်လွှင့်ရေး၌ အထူးအရေးပါသည့် မြန်မာမီဒီယာကဏ္ဍသည် ယခုအခါ အကျပ်အတည်းကြီး ကြုံနေရပြီ ဖြစ်သည်။
ယခုတစ်ခါတော့ အမေရိကသို့ ခရီးသွားခွင့် ပိတ်ပင်လိုက်ပြန်ပြီ။ သမ္မတအမိန့်ဖြင့် ဇွန်လ ၄ ရက်နေ့က နိုင်ငံ ၁၂ နိုင်ငံမှ နိုင်ငံသားများကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ နိုင်ငံခြားရေး မူဝါဒ၊ အမျိုးသားလုံခြုံရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး တို့ကို ထည့်သွင်းတွင်းချက်ပြီးနောက် ယခုကဲ့သို့ ပြည်ဝင်ခွင့် ပိတ်လိုက်ခြင်းဟု သမ္မတထရမ့်က ဆိုသည်။
မြန်မာနိုင်ငံမှ ရွေ့ပြောင်းလာသူများသည် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှု မြင့်မားလာသည်ဟု ဆိုထားသော်လည်း တကယ်တမ်း၌ မြန်မာသည် အခြားသော နေရာများမှ ရွေ့ပြောင်းအခြေချသူများနှင့် ယှဉ်လျှင် အတော်အသင့် နည်းပါးသည့် နိုင်ငံဖြစ်သည်
။ ထို့အပြင် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ပြည်ပကျောင်းသားများ၏ ဗီဇာအင်တာဗျူးများကို ဆိုင်းငံ့မည်ဟု ထုတ်ပြန်သည်။ ထိုကျောင်းသားများ၏ ဆိုရှယ်မီဒီယာကို ကြည့်ရှုစိစစ်ရန် လိုအပ်သည်ဟု ဆိုသည်။ ဤသည်က အမေရိကတွင် ပညာသင်နေသည့် မြန်မာကျောင်းသားများအပေါ် မည်မျှ သက်ရောက်မည်ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မြန်မာရွှေ့ပြောင်းများသည် အမေရိကတွင် ထူးထူးထွေထွေ မငြိမ်သက်ဖြစ်စေသည့် သို့မဟုတ် ခြိမ်းခြောက်နေသည့် အသိုင်းအဝိုင်းလည်း မဟုတ်ပေ။ ထိုသို့ဖြစ်ရန်လည်း ဝေးလွန်းလှပေသည်။ အမေရိကတွင် ဗမာ၊ ကရင်၊ ချင်း၊ ကချင်၊ ရိုဟင်ဂျာ စသဖြင့် မြန်မာ ၂၄၀,၀၀၀ ခန့်ရှိသည်။ ထိုထက် အနည်းငယ် ပိုကောင်းပိုမည်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဗလီများ ရှိသလို မြန်မာ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များလည်း အလျှံအပယ်ရှိသည်။
မြန်မာပြည်မှ ရွှေ့ပြောင်းအခြေချသူ အများအပြားသည် အင်ဒီယားနားပြည်နယ်ရှိ အင်ဒီယာနာပိုလစ်နှင့် ဖို့တ်ဝိန်းမြို့အပါအဝင် နေရာများတွင် သမိုင်းစဉ်ဆက် အခြေချလာသည်က များသည်။ ယခုအခါ လော့စ်အင်ဂျလိစ်၊ ဘာဖဲလိုးမြို့တို့ အပြင် ဗာဂျီးနီးယားပြည်နယ်နှင့် တက္ကဆက်ပြည်နယ် တို့တွင်ပါ အခြေချလာကြသည်။
၂၀၀၈ နှင့် ၂၀၀၈ ခုနှစ်ကာလတွင် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများမှနေ၍ အမေရိကသို့ ပြောင်းရွှေ့ အခြေချလာသည့် ကရင်ဒုက္ခသည် အရေအတွက်သည် ၁၂,၀၀၀ ကျော်ရှိသည်။ ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းတွင် ရွှေ့ပြောင်းရန်ကြိုးပမ်းသူ အရေအတွက်သည်လည်း ရာပေါင်းများစွာ သို့မဟုတ် ထိုထက်ပိုနိုင်သည်။
အမေရိက-မြန်မာ ဆက်ဆံရေးသည် ရှည်လျားပြီး မကြေမလည် အနေအထားဖြစ်သည်။ ဗဟိုထောက်လှမ်းရေး အေဂျင်စီ စီအိုင်အေသည် ၁၉၅၀ အလွန်နှစ်များ၌ ထိုစဉ်က ဗမာဟုခေါ်သည့် ယခုမြန်မာနိုင်ငံကို ကူမင်တန်တို့ ကျူးကျော်မှုအား အားပေးထောက်ခံခဲ့သလို ဘိန်းစီးပွားရေး ကြီးထွားလာခြင်း၌လည်း ခြေရာလက်ရာ ဝင်ပါခဲ့သည်။
၁၉၆၂ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်း ဆယ်စုနှစ် သုံးခုနီးပါး အုပ်ချုပ်ခဲ့သည့် ကာလအတွင်း ဝါရှင်တန်သည် နောက်ပြန်လှည့်သွားသည်။ ဤကာလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် ဒေါ်လာ သန်း ၈၀ တန်ဖိုးရှိသည့် အကူအညီများ ပေးအပ်ခဲ့သည်။
၁၉၈၈ လူထုအုံကြွမှုကြီးအား အကြမ်းဖက် ဖြိုခွင်းပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဖွဲ့စည်းမှုနောက်ပိုင်းတွင်မူ အမေရိကသည် စစ်တပ်အုပ်ချုပ်သည့် မြန်မာနိုင်ငံ ထိပ်တိုက်ရင်ဆိုင်မှု အများဆုံး နိုင်ငံ ဖြစ်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုရရှိခဲ့ပြီးနောက်ပိုင်းနှင့် စစ်အေးအလွန် အနောက်တိုင်း၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပရိုမိုးရှင်းကာလများ၌ မြန်မာသည် ဝါရှင်တန်အတွက် ပါတီနှစ်ရပ်လုံး၏ ခေတ်ပေါ်ဖက်ရှင် ဖြစ်လာခဲ့သည်။ ဂျွန်မက်ကိန်းကဲ့သို့ အထင်ကရ လွှတ်တော်အမတ်များက အလည်အပတ်သွားပြီး ဒေါ်စုနှင့် တွေ့သည်။ နအဖ ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် ဝေဖန်မှုများ လုပ်သည်။
ကုလသမဂ္ဂ အထူးသံမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ၁၉၉၇ မှ ၂၀၀၁ အထိ ဘီလ်ကလင်တန်၏ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသူ မက်ဒလင်းအောဘရိုက်ကလည်း ထိုနည်းလည်းကောင်း လုပ်ဆောင်သည်။ ဘုရှ်အစိုးရဆိုလည်း မြန်မာကို နိုင်ငံခြားရေးမူဝါဒ ရေးရာ စီမံချက်တစ်ရပ်အဖြစ် ထားရှိနိုင်အောင် လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
နောင် ဆယ်စုနှစ်တစ်ခုအတွင်း ၂၀၀၇ ရွှေဝါရောင်အရေးအခင်း အကြမ်းဖက် နှိပ်ကွပ်ခံရပြီး နောက်ပိုင်းကာလတွင်လည်း တင်းမာမှုများ မြင့်တက်ခဲ့သလို ၂၀၀၈ နာဂစ်မုန်တိုင်းနောက်ပိုင်း၌ အကူအညီများ ရပ်ဆိုင်းခဲ့သည်။
၁၉၈၈ နောက်ပိုင်းကာလတလျှောက်တွင် အမေရိကသည် မြန်မာ့လူ့အခွင့်အရေး အခြေအနေများကို ဝေဖန်မှု၊ ဒေါ်စုကို အကျဉ်းချထားခြင်းအား ဝေဖန်မှု၊ အနုနည်းဖြင့် မြေအောက်တော်လှန်ရေး လှုပ်ရှားမှုများကို ငွေကြေးထောက်ပံ့မှု တို့ကြောင့် မြန်မာစစ်တပ်သည် အမေရိကန်ကို မာန်ဖီခြိမ်းခြောက်နေသူအဖြစ်သာ ရှုမြင်ခဲ့သည်။
အမေရိကန်စင်တာတွင် လူထောင်ပေါင်းများစွာကို အရပ်ဘက်နှင့် ဒီမိုကရေစီရေးရာ သင်တန်းပေးခြင်းအား ဦးနှောက်ဆေးခြင်း (Brainwashing) နှင့် ပုံသွင်းခြင်းအဖြစ် မြင်သည်။ ထိုင်းနယ်စပ်ရရှိ ဒုက္ခသည်များကို ကူညီခြင်း၊ မေရီလန်းပြည်နယ်ရှိ အဝေးရောက်အစိုးရကို အားပေးခြင်း၊ စစ်တပ်ကို နိုင်ငံတကာက ဝေဖန်လာအောင် စည်းရုံးလှုံ့ဆော်ခြင်းနှင့် ဒဏ်ခတ်အရေးယူခြင်းတို့ကြောင့်လည်း မြန်မာစစ်တပ်သည် အမေရိကန်ကို ရန်စွယ်ငေါငေါရှိသူအဖြစ် မြင်သည်။
၂၀၁၁ နောက်ပိုင်းမှစ၍ အိုဘားမား အစိုးရသည် မြန်မာပြည်တွင် နိုင်ငံခြားရေး မူဝါဒ အောင်မြင်မှုတစ်ရပ်ကို သတိပြုမိလာသည်။ သမ္မတခရီးစဉ်နှစ်ခုဖြင့် ဦးသိန်းစိန် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဟန်ချက်ညီစေသည်။ နှစ် ၃၀ နီးပါးကြာမြင့်ခဲ့သည့် ဤမူဝါဒသည် ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ပါတီ ရွေးကောက်ပွဲ အနိုင်ရမှုဖြင့် သက်သေထူခဲ့သည်။
၂၀၁၇ ခုနှစ် မွတ််ဆလင်လူမျိုးတုံး ရှင်းလင်းရေး နောက်ပိုင်းတွင် အမေရိက၏ ဒေါ်စုအပေါ် အားပေးထောက်ခံမှု ကျဆင်းလာသည်။ မြန်မာအတွက် ဘဏ္ဍာရေး အကူအညီများကတော့ ဆက်ရှိနေခဲ့သည်။
၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းတွင် ထင်သာမြင်သာ မူဝါဒအရွေ့ တစ်ရပ် ရှိခဲ့ပြီး ဝါရှင်တန်သည် ဘာဆက်လုပ်ရမည် မသေချာ ဖြစ်ခဲ့သည်။ ထရမ့် ပြန်ရွေးမခံရမီ နှစ်လအလိုတွင်မှ အရေးပါသည့် လွှတ်တော်အမတ်များက ဘိုင်ဒန်အစိုးရအဖွဲ့အား မြန်မာ့အရေး အကူအညီများကို ပြန်အသက်သွင်းရန် တိုက်တွန်းခဲ့သည်။
မြန်မာကို ထရမ့်၏ အလဲထိုးမှု၌ အရေးကြီးသည့် လုပ်ငန်းစဉ်နှစ်ရပ် လိုအပ်နေသည်။ ပထမတစ်ခုမှာ မြန်မာအသိုင်းအဝိုင်းများအကြား ထရမ့်အပေါ် ထောက်ခံမှုက အံ့အားသင့်ဖွယ် ဒုက္ခပြန်ပေးခဲ့သည်ကို ဆွေးနွေးရန်ဖြစ်သည်။
သူတို့တစ်ကိုယ်စာ အတွက်သာမက တစ်နိုင်ငံလုံး၏ အကျိုးအတွက် ဖြစ်သည်။ တရုတ်ဆန့်ကျင်ရေး အားကောင်းမောင်းသန် ခရစ်ယာန်တစ်ဦးအဖြစ် ထရမ့်ကို မေတ္တာရပ်ခံခြင်းကတော့ မိုက်မဲသော အယူအဆသာ ဖြစ်သည်။ ဤအချက်ကို သက်သေပြနိုင်သည့် အထောက်အထား အလျှံအပယ်ရှိသည်။
ဒုတိယတစ်ခုကတော့ သက်ရောက်မှု ပိုကြီးသည်။ NUG အစိုးရနှင့် တော်လှန်ရေး အင်အားစုများ၏ ၂၀၂၅ အလွန် နိုင်ငံခြားရေး မူဝါဒ ဦးစားပေးမှုများကိုလည်း ပြန်လည် သုံးသပ်ဆင်ခြင်ရန် ဖြစ်သည်။
ထရမ့်၏ အမေရိကသည် မြန်မာ့တော်လှန်ရေးကို တမင် သို့မဟုတ် အလေးမထားသည့် ပုံစံဖြင့် ဆန့်ကျင်ရန်လိုသည့် သဘော ရှိနေသည်။
ဇွန်လအတွင်းက ခရီးသွားလာခွင့် ပိတ်ပင်မှု မပြုလုပ်မီ နှစ်ရက်အလို၌ ၂၀၂၂ အာရှရေးရာ USAID စီမံခန့်ခွဲရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မိုက်ကယ်ရှစ်ဖာက Just Security ဝဘ်ဆိုက်တွင် ဆောင်းပါးတစ်ရပ် ဖော်ပြခဲ့သည်။
ဤဆောင်းပါး၌ ထရမ့်အစိုးရသည် အရေးကြီးသော ဒေသတွင်း လုံခြုံရေး အကျိုးစီးပွားများအတွက် မြန်မာနှင့် ပြန်လည်ထိတွေ့ ဆက်ဆံသင့်သည်ဟု ဖော်ပြထားသည်။ ဤဖော်ပြချက်မှာ နားပိတ်ထားသည့် အုပ်ချုပ်ရေးအဖွဲ့နှင့် မာကိုရူဘီယို၏ အခွံသက်သက် နိုင်ငံခြားရေးဌာန တွင်းသို့သာ ကျရောက်သွားဖွယ်ရှိသည်။
စစ်ကောင်စီအဖို့ကတော့ ထရမ့်၏ ခေတ်သစ် အာဏာရှင်စနစ်သည် အားတက်ဖွယ်ရာ ဖြစ်နေသည်။ ရုရှားနှင့် တရုတ်တို့သည် စစ်ကောင်စီကို နိုင်ငံတကာ မျက်နှာစာတွင် စစ်ရေးနှင့် သံတမန်ရေးအရ ထောက်ခံအားပေးထားသည့် အဓိကနိုင်ငံကြီးနှစ်ခု ဖြစ်ရာ ဗလာဒီမာပူတင်၊ ရှီကျင့်ဖျင်တို့နှင့် ထရမ့်အလွမ်းသင့်နေခြင်းကလည်း စစ်ကောင်စီအဖို့ စိတ်ကျေနပ်ဖွယ်ရာ ဖြစ်သည်။
လက်နက်ရောင်းချမှုနှင့် လေယာဉ်ဆီ ရောင်းချမှု ပိတ်ပင်ခံရခြင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ပြစ်တင်ရှုတ်ချခြင်း တို့ကို အရေးမစိုက်ဘဲ မေ့ထား၍ရသည်။ ထုတ်ဖော်ကြေညာသည် ဖြစ်စေ၊ မကြေညာသည် ဖြစ်စေ မြန်မာအပေါ် ထရမ့်၏ စစ်ပွဲကတော့ သက်ရောက်မှုကြီးမားပြီး တစ်နိုင်ငံလုံးအတွက် နောက်ဆက်တွဲ ဆိုးကျိုးများ ရှိမည်ဖြစ်သည်။
Asia Times တွင် David Scott Mathieson ရေးသားထားသည့် Donald Trump's craven war on Myanmar ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။