ဥပေက္ခာပြုခံထားရသည့် တိုက်ပွဲကြားက မြေစာပင်များ

“တစ်ရွာလုံးအတွက် ဝမ်းနည်းမိပါတယ်။ အဲဒီမြင်ကွင်းဟာ မျက်လုံးထဲက မထွက်သေးပါဘူး။ သွေးအန်ပြီး သေဆုံးသွားသူတွေ၊ ကျည်ထိမှန်ပြီး သေဆုံးသူတွေအတွက် ဝမ်းနည်းရပါတယ်။ ကြောက်လည်း ကြောက်မိပါတယ်။ သမီးအဒေါ်တွေလည်း သွေးအန်ပြီးတော့ သေကျန်နေခဲ့တာတွေကို တွေ့ခဲ့ရတယ်။ ညီမလေးတစ်ယောက် ၁၂ နှစ်သမီးလေးဆိုရင် ဆေးရုံကိုတောင် မရောက်လိုက်ပါဘူး” 

By ရမ္မာကျော်စော 20 Jun 2019

စပါးထားကျေးရွာမှ ဒဏ်ရာရရှိသူများကို မင်းပြားဆေးရုံသို့ ပို့ဆောင်ကြစဉ် (ဓာတ်ပုံ - ညီညီအောင်)

Written by >ရမ္မာကျော်စော|DMG

“ဝုန်း” ဆိုသည့်အသံ ကြားလိုက်ရပြီးနောက် လူတချို့ လွင့်စင်ထွက်သွားကြသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ ပြန့်ကြဲနေသည်မှာ စစ်ပွဲ၏ အနိဋ္ဌာရုံကို ဖော်ကျူးပြသနေခြင်းပင်ဖြစ်သည်။ ကမ္ဘာပျက်သည့်အလား ငိုသံများ၊ မချိတင်ကဲ ဟစ်ကြွေးသံများ ပဲ့တင်ထပ်သွားပေသည်။ သေဆုံးသူ၊ ဒဏ်ရာရသူများသည် စစ်ပွဲနှင့် တိုက်ရိုက် ပါဝင်ပတ်သက်မှုမရှိဘဲ အေးအေးဆေးဆေးနေတတ်သော တောသူတောင်သားများဖြစ်သည်။ သို့သော် သူတို့ပုန်းရှောင်ခိုအောင်းရာ ကျေးရွာ၏ အထွဋ်အမြတ်၊ ဗုဒ္ဓဘာသာ၏ဦးသျှောင် ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောအခါ သူတို့ဘဝများအတွက် လုံခြုံသည့်နေရာဆိုသည်မှာ မရှိတော့ပြီလားဟု တွေးစရာ၊ စဉ်းစားစရာ ဖြစ်လာခဲ့ပေပြီ။

ဇွန်လ ၃ ရက်နေ့က မင်းပြားမြို့နယ် စပါးထားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရွာသူရွာသားများ စုရုံးရောက်ရှိနေကြသည်။ သို့သော် သာမန်အချိန်ကဲ့သို့ အလှူအတန်း လာလုပ်ကြခြင်းတော့ မဟုတ်ပေ။ ယင်းနေ့ နံနက်ပိုင်းက သူတို့ရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြရာ နောက်ဆက်တွဲ ပြဿနာများ ရွာသားများထံသို့ ဆက်နွယ်လာမည်ကို စိုးရိမ်သောကြောင့် ဘုန်းတော်ကြီးကျောင်းသို့ လာရောက်ခိုလှုံနေကြခြင်း ဖြစ်သည်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသကဲ့သို့ ရွာသူရွာသားများမှာ ရင်နှင့်စရာ အဖြစ်ဆိုးနှင့် ကြုံခဲ့ကြရလေပြီ။ ဘုန်းတော်ကြီးကျောင်း ခေါင်မိုးကို ဖောက်ပြီးကျလာသည့် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ ပြည်သူလေးယောက်မှာ ယင်းနေရာတွင်ပင် ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ကြရပြီး ဒဏ်ရာရသူများထဲမှာ နှစ်ဦးမှာ ဆေးရုံအရောက်တွင် ကြွေလွင့်သွားခဲ့ရသည်။ ယင်းအပြင် ၉ ဦးထက် မနည်းမှာလည်း ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။

ထိုနေ့ နံနက်ပိုင်းကစတင်ကာ စပါးထားကျေးရွာ၏ တောင်ဖက် တစ်ဖာလုံခန့်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ ကြသည်။ ထို့ကြောင့် ရွာသားများမှာ ကြောက်လန့်ပြီး ရွာဘုန်းတော်ကြီးကျောင်းသို့ ခိုလှုံရန်သွားရောက်ခဲ့ကြခြင်းဖြစ်သည်။ ညနေပိုင်းတွင် လေးမြို့မြစ်တစ်ဖက်ကမ်း မြောင်းဘွေကျေးရွာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ အမျိုးသားသုံးဦးနှင့် အမျိုးသမီး ၁ ဦးမှာ ယင်းနေရာတွင်ပင် သေဆုံးကာ ကျန်သူများမှာလည်း ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ရွာသားများမှာ ဘုန်းကြီးကျောင်းအောက်တွင် ခိုလှုံနေစဉ် လက်နက်ကြီး ကျည်သုံးလုံးမှာ နာရီဝက်ခန့် တစ်ကြိမ်စီ ထိမှန်လာခြင်းဖြစ်ပြီး ပထမအကြိမ်တွင်ပင် လူသေဆုံးမှု၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။

“လက်နက်ကြီးက မြောင်းဘွေဘက်က လာတယ်။ ပြီးတော့ တစ်ခါတည်း “ဂျိမ်း” ဆိုပြီးတော့ ပေါက်ကွဲသွားတာ။ ပေါက်ကွဲတော့ အမျိုးသမီးတွေ ငိုကြတယ်။ သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်သွားတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်အောင်က ပြောသည်။ ထိုသို့ ဖြစ်ပျက်ခဲ့မှုကြောင့် ရွာသူ၊ရွာသားများမှာ ဘေးလွတ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ကျေးရွာတွင် ရွာသား ၁၀ ဦးခန့်သာ ကျန်လိုက်သည်ဟု ၎င်းကဆိုသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားသည့် သမီးဖြစ်သူကို ကူညီရင်း ထိုနေ့က ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ဦးသာထွန်းလှက ပြောပြသည်။

“သမီးလေး ဒဏ်ရာနဲ့ လဲနေတာကိုတွေ့တော့ ကျွန်တော့်မျက်လုံးတွေ အကုန်လုံး အမှောင်ဖုံးသွားသလို ဖြစ်သွားပါတယ်။ စိတ်တွေလည်း စိုးရိမ်မှုတွေနဲ့ ဘာမှ မစဉ်းစားတော့ဘဲ သမီးလေးကို ကျောပိုးပြီးတော့ စက်လှေရှိရာ ရွာဆိပ်ကမ်းကိုပြေးပါတယ်။ အဲဒီက အဲဒီလက်နက်ကြီးကတော့ ရွာရဲ့ အနောက်မြောက်ထောင့် ကိုင်းတောဘက်ကနေ လာတာပါ။ လက်နက်ကြီးကျည် လာတာကိုလည်း ကြားနေရတယ်။ မြင်လည်းမြင်ရပါတယ်။ အသံကလည်း ‘ ရွှီး… ’ ဆိုပြီးတော့ မြည်ပါတယ်” ဟု သူကဆိုသည်။

စပါးထားကျေးရွာ ဘုန်းတော်ကြီးကျောင်းသည် တခဏအတွင်းမှာပင် မီးခိုးတလူလူဖြင့် ကမ္ဘာပျက်သည့်အလား အော်ဟစ်သံ၊ ငိုသံ၊ ပြေလွှားသံများဖြင့် ပွတ်လောရိုက်ဆူညံသွားသည်။ ယင်းကဲ့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စပါးထားရွာသားများ ဖြစ်ကြသည့် (၁) ဦးလှမောင် အသက် ၅၅ နှစ်၊ (၂) ဦး မောင်မောင်သန်း အသက် ၄၈ နှစ်၊ (၃) ဦးမောင်ဖြူထွန်း အသက် ၅၂ နှစ်၊ (၄) ဒေါ်လပြည့်ကြည်၊ (၅) မဆန်းဆန်းဝင်း အသက် ၁၄ နှစ် တို့ သေဆုံးခဲ့ကြရသည်။ ဦးမောင်အေးနု အသက် ၇၁ နှစ်မှာ ကျောရိုးဖောက်ထွင်းဒဏ်ရာဖြင့် ဆေးရုံပေါ်တွင် ဆေးကုသနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။

ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံတွင် လာရောက်ကုသနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ခိုင်ရိုးလ/DMG)

တိုက်ပွဲများ ဖြစ်ပွားနေသည့် အတွက်ကြောင့် အခက်အခဲများကို အဓိက ခံစားရသူများမှာ အခြေခံလူတန်းစား ဆင်းရဲသားများပင်ဖြစ်သည်။ ထွက်ပြေးစရာလည်း ငွေမရှိ၊ လုပ်စားရန် အခြေအနေကလည်း မလုံခြုံသည့် အနေအထားမျိုးကို ရင်ဆိုင်နေကြရသည်။ ဘုန်းတော်ကြီးကျောင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည့် မဦးသန်းကလည်း ယင်းနေ့က သူမ ကြုံတွေခဲ့သည်များကို ပြောပြသည်။

“တစ်ရွာလုံးအတွက် ဝမ်းနည်းမိပါတယ်။ အဲဒီမြင်ကွင်းဟာ မျက်လုံးထဲက မထွက်သေးပါဘူး။ သွေးအန်ပြီး သေဆုံးသွားသူတွေ၊ ကျည်ထိမှန်ပြီး သေဆုံးသူတွေအတွက် ဝမ်းနည်းရပါတယ်။ ကြောက်လည်း ကြောက်မိပါတယ်။ သမီးအဒေါ်တွေလည်း သွေးအန်ပြီးတော့ သေကျန်နေခဲ့တာတွေကို တွေ့ခဲ့ရတယ်။ ညီမလေးတစ်ယောက် ၁၂ နှစ်သမီးလေးဆိုရင် ဆေးရုံကိုတောင် မရောက်လိုက်ပါဘူး” ဟု ကြေကွဲစွာဖြင့် ပြောသည်။

ဒေါ်ကြည်ကြည်၏ သမီးနှစ်ဦးတို့တွင်လည်း ပြင်းထန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသောကြောင့် စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရသည်။ “ကျွန်မသမီးလေးနှစ်ယောက်မှာ ဒဏ်ရာရသွားတယ်။ တစ်ယောက်က အေးအေးသိန်း လက်မောင်းနှင့် ရင်ဘတ်နားမှာ ဒဏ်ရာရတယ်။ နောက်တစ်ယောက်က အေးနန္ဒာ၊ ပေါင်မှာ ကျောကုန်းတွေမှာ ဒဏ်ရာ ပြင်းထန်ပါတယ်” ဟု ဒေါ်ကြည်ကြည် က ပြောပြခဲ့သည်။ ထို့အတူ ဒဏ်ရာရသူများထဲမှ တစ်ယောက်ဖြစ်သူ ဒေါ်မဝိုင်းကြည်မှာလည်း ဘယ်ဘက်လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိလာသကဲ့သို့ တစ်ချို့မှာ ကျည်ထိမှန်မှု၊ မိုင်းပေါက်ကွဲမှုများကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများလည်း ရှိနေသည်။ စပါးထားကျေးရွာ ဖြစ်စဉ် မတိုင်မီ ၁ ရက်ကလည်း မြောင်းဘွေကျေးရွာမှ အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ သို့သော် မည်သည့်ဘက်ကမျှ ဝန်မခံခဲ့ကြ။ မင်းပြားမြို့နယ်၊ ရွှေတမာကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ ကျည်ဆန်များသည် မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာသို့ ထိမှန်လာခြင်းဖြစ်သည်။ အသက် ၄၁ နှစ်အရွယ် ဒေါ်နှင်းဝင်းရီသည် နေအိမ်တွင်ရှိနေစဉ် လက်နက်ကြီးကျည် ထိမှန်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဤကဲ့သို့ မလုံခြုံသည့် အခြေအနေများဖြင့် ရင်ဆိုင်နေကြရသော ရခိုင်ပြည်နယ်က ကျေးလက်နေ ပြည်သူများအဖို့ ပြည်သူက ရွေးကောက်တင်မြှောက်ထားပါသည်ဆိုသည့် အစိုးရ၏ ကာကွယ်စောင့်ရှောက်မှုကို မရရှိ၊ မခံစားကြရပေ။ မိမိတို့အိမ်တွင် နေထိုင်ရင်း သို့မဟုတ် ရပ်ရွာဘုန်းကြီးကျောင်းတွင် ခိုလှုံရင်း ထိခိုက်၊ သေဆုံးခဲ့ကြရသည့် ပြည်သူများအတွက် အကူအညီပေးရေးကို ပြည်နယ်အစိုးရ၊ ဗဟိုအစိုးရတို့ ရေငုံနှုတ်ပိတ် နေနိုင်လွန်းကြသည်။

စပါးထားကျေးရွာမှ ဒဏ်ရာရရှိသူများကို မင်းပြားဆေးရုံသို့ ပို့ဆောင်ကြစဉ် (ဓာတ်ပုံ - ညီညီအောင်)

လက်နက်ကိုင်တပ်ဖွဲ့ချင်းဖြစ်သည့် ပြဿနာမှာ အပြစ်မဲ့ အရပ်သားပြည်သူတို့ အသက်စတေးနေကြရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကတည်းက ပြင်းထန်လာသည့် တိုက်ပွဲများနှင့်အတူ အရပ်သား သေဆုံးမှုများမှာလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။ ထိခိုက်၊ သေဆုံးကြသူများထဲတွင် အရွယ်မရောက်သေးသော ကလေးငယ်များမှအစ သက်ကြီးရွယ်အိုများပါ မကျန် စစ်ပွဲကပေးသော ဒဏ်ရာ၊ ဒဏ်ချက်များကို အလူးအလဲခံစားနေကြရသည်။ အသက်များကို စတေးခဲ့ကြရသည်။

ကျောက်တော်မြို့နယ်ထဲက ဗုဒ္ဓေါ၊ မြောက်ဦးမြို့နယ်က လက္ကာ၊ အောက်သားကန်၊ မြောင်းဘွေ၊ ရန်အောင်ပြင်၊ တောင်ဦး စသည့်ကျေးရွာများ တင်မက မြောက်ဦးမြို့ပေါ်က ဘုရားများပါမကျန် ကျည်ဆံများနှင့် ယဉ်ပါးခဲ့ကြရသည့် ဖြစ်စဉ်များရှိခဲ့သည်။ ရသေ့တောင်မြို့နယ်တွင် ဆိုလျှင်လည်း သမီးလှ၊ မင်းဖူး၊ ကျောက်တန်းကျေးရွာ တို့သည်လည်း စစ်ပွဲ၏အနိဋ္ဌာရုံတွင် ထောင်းထောင်းကြေမွခဲ့ကြရသည်။ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသက ကျေးရွာများ၊ ပေါက်တောပြင်၊ ဂဏန်းမဲ ကျေးရွာတို့တွင်လည်း အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြသည်။ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာတွင်လည်း ထိုနည်း၎င်းပင်။

တစ်ဦးချင်း တစ်ယောက်ချင်း ထိခိုက်၊ သေဆုံးခဲ့ကြရသည်ကို မဆိုထားဘိ၊ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ကြသည်များကိုပင် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့ လစ်လျူရှုခဲ့ကြသည်။ မိမိတို့၏ တိုင်းသူပြည်သားများ မတရားသဖြင့် သတ်ဖြတ်ခံနေရမှု၊ သေဆုံးမှုတို့ကို မသိကျိုးကျွံပြုထားကြသည်။ မင်းပြားမြို့နယ်က စပါးထားကျေးရွာဖြစ်စဉ်မျိုးသည် ယခင်ကလည်း ကြုံခဲ့ပြီးဖြစ်သည်။ လူနေအိမ်များ၊ သာသနိက အဆောက်အဦးများသို့ လက်နက်များ ကျရောက်ပေါက်ကွဲမှု မရှိစေရေးကို နှစ်ဖက်တပ်ဖွဲ့များက ဆင်ခြင်ကြစေလိုပါသည်။

အကယ်၍ တစ်စုံတရာ မှားယွင်း၍ ထိခိုက်သည်ဆိုလျှင်လည်း တာဝန်ရှိသူများက တာဝန်ယူမှုရှိရှိ ကူညီထောက်ပံ့ပေးနိုင်ရန် လုပ်ဆောင်သင့်သည်။ သို့ဖြစ်၍ အပြစ်မဲ့ အရပ်သားသေဆုံးမှုများ နောက်ထပ်ကြုံတွေ့လာပါက ယခုကဲ့သို့ ဥပေက္ခာပြု၊ မသိကျိုးကျွံပြုခြင်းမျိုး မလုပ်မိကြစေဘဲ တိုက်ပွဲကြားတွင် မြေစာပင်ဖြစ်နေကြရသည့် ပြည်သူ့ဘဝများအား စာနာနားလည်ပြီး တာဝန်ရှိသူများအနေဖြင့် တတ်နိုင်သည့်ဖက်မှ ကူညီဖြည့်ဆည်းပေးရန် လိုအပ်နေပေသည်။

(ယခုဖော်ပြပါဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ် ၁၁၀ တွင်လည်း ဖတ်ရှုနိုင်သည်။)

ဗီဒီယိုများ