- တရုတ် ကြိုးကိုင်တဲ့ မြန်မာ့ပြည်တွင်းစစ်
- AA ထိုးစစ် အရှိန်လျော့နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ဗုံးကြဲ
- သေဒဏ်ပေးနိုင်သည့် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် ပြည်သူအသံကို နှုတ်ပိတ်ခြင်းဟု ဆို
- အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်နေ
- စစ်ကောင်စီ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရေး ကူညီပေးရန် ကုလ၊ တရုတ်နှင့် နိုင်ငံတကာကို TNLA မေတ္တာရပ်ခံ
မြန်မာ့မြေရှားသတ္တု ဝယ်ယူရေး အဆိုပြုချက်များ ထရမ့်အစိုးရ လေ့လာ
သမ္မတထရမ့် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှားသတ္တုများ ဝယ်ယူရေးအတွက် အဆိုပြုလွှာများကို ကြားနာမှုများ ပြုလုပ်နေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဇူလိုင်လ ၂၉ ရက်နေ့၌ ဖော်ပြထားသည်။
29 Jul 2025

သမ္မတထရမ့် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှားသတ္တုများ ဝယ်ယူရေးအတွက် အဆိုပြုလွှာများကို ကြားနာမှုများ ပြုလုပ်နေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဇူလိုင်လ ၂၉ ရက်နေ့၌ ဖော်ပြထားသည်။
ဤအစီအစဉ်များသာ အကောင်အထည်ပေါ်လာမည် ဆိုပါက မြန်မာအပေါ် ထားရှိသည့် အမေရိကန် အစိုးရ၏ မူဝါဒများ အပြောင်းအလဲ ဖြစ်လာနိုင်သလို အမေရိကအတွက် လိုအပ်သည့် မြေရှားသတ္တုများအတွက် တရုတ်အပေါ် မှီခိုနေရမှုကိုလည်း လျှော့ချသွားနိုင်မည်ဟု သတင်းရင်းမြစ် လေးခုကို ကိုးကားပြီး ရိုက်တာက ဖော်ပြသည်။
လတ်တလောတွင် ဆုံးချက်ချက် တစုံတရာ ချမှတ်ခြင်းမျိုး မရှိသေးသလို သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများလည်း ကြီးကြီးမားမား ရှိသည်ဟု လေ့လာသူများက ပြောဆိုကြသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် မြေရှားသတ္တု ထွက်ရှိရာ ဒေသအများစုကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများက ထိန်းချုပ်ထားသည်ဖြစ်ရာ ဤအစီအစဉ်ကို အကောင်အထည် ဖော်မည်ဆိုပါက ဝါရှင်တန်အနေဖြင့် အဆိုပါ လက်နက်ကိုင် အုပ်စုများဖြင့် ဆွေးနွေးရန် လိုအပ်မည် ဖြစ်သည်။
မြေရှားသတ္တု ဝယ်ယူရေး အဆိုပြုလွှာများအနက် တစ်ခုက မြန်မာစစ်ကောင်စီနှင့် KIA အကြား ငြိမ်းချမ်းရေး ဆွေးနွေးလာအောင် တိုက်တွန်းဆောင်ရွက်ရန် အကြံပြုပြီး နောက်တစ်ခုကမူ အမေရိကန်အနေဖြင့် စစ်ကောင်စီနှင့် မဆက်ဆံဘဲ KIA နှင့် တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်ရန် အကြံပြုထားသည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။
ထရမ့်အစိုးရထံ ယခုကဲ့သို့ အကြံပြုကြသည့်အထဲတွင် အမေရိကန် စီးပွားရေး အကြံပေး ကုမ္ပဏီတစ်ခု၊ ဒေါ်အောင်ဆန်းစုကြည်ထံတွင် အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ တစ်ဦး၊ KIA နှင့် တစ်ဆင့်ခံ ဆွေးနွေးမှုများ၊ ပြင်ပမှ ကျွမ်းကျင်သူများ ပါဝင်သည်ဟု ရိုက်တာသတင်းအရ သိရသည်။
လက်ရှိတွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ထွက်ရှိသည့် မြေရှားသတ္တု စုစုပေါင်း၏ ထက်ဝက်ခန့်သည် မြန်မာနိုင်ငံမှ ထွက်ရှိနေခြင်း ဖြစ်ကာ မြန်မာထံမှ မြေရှားသတ္တုများကို တရုတ်က အဓိက ဝယ်ယူနေခြင်း ဖြစ်သည်။
ယခုလ ၈ ရက်နေ့က ရိုက်တာသတင်းတစ်ရပ်၌ တရုတ်သည် KIA အား ထိုးစစ်များ ရပ်တန့်ရန် ပြောဆိုခဲ့ပြီး မရပ်လျှင် KIA ထံမှ မြေရှားသတ္တုများ မဝယ်ဘဲထားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။ KIA ကမူ အဆိုပါ သတင်း မမှန်ကန်ကြောင်း တုံ့ပြန်ဖြေကြားခဲ့သည်။
အခြားတစ်ဘက်တွင်လည်း မြေရှားသတ္တု လိုအပ်ချက် ဖူလုံရေးသည် တရုတ်နှင့် ပြိုင်ဆိုင်မှု ပြင်းထန်နေသည့် အမေရိကန်အစိုးရအတွက် အဓိက အာရုံစိုက်နေသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။
ယခုအစီအစဉ်ကို အကြံပြုခဲ့သူများအနက် တစ်ဦးမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ဖြစ်ခဲ့ဖူးသူ အဒမ်ကာစတီလို ဖြစ်သည်။
အမေရိကန်အနေဖြင့် မြန်မာစစ်တပ်နှင့် KIA အကြား သီးခြား အုပ်ချုပ်နယ်မြေများ သတ်မှတ်ပြီး ငြိမ်းချမ်းရေးယူအောင် ကြားဝင် ဆောင်ရွက်ပြီးနောက် မြေရှားသတ္တု ဝယ်ယူရေး စီစဉ်နိုင်သည်ဟု အကြံပြုခဲ့ကြောင်း ကာစတီလိုက ရိုက်တာသတင်းဌာနသို့ ဖြေကြားထားသည်။