- လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီ ထိုးစစ်ဆင်နေ
- ပေါက်တောက မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှု အမြန်ဆုံး ထိရောက်စွာအရေးယူပေးရန် ကျောင်းသားသမဂ္ဂက တောင်းဆို
- ဗြိတိန်လေဆိပ်များ၌ လေကြောင်းထိန်းချုပ်ရေးစနစ် ချို့ယွင်းရာမှ ခရီးစဉ်နှောင့်နှေးမှုများ ဖြစ်ပေါ်
- အိန္ဒိယ မီဇိုရမ်မှာ မြန်မာဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များ စတင်ကောက်ယူ
- တရုတ် ကြိုးကိုင်တဲ့ မြန်မာ့ပြည်တွင်းစစ်
တရုတ် ကြိုးကိုင်တဲ့ မြန်မာ့ပြည်တွင်းစစ်
တရုတ်ကြေးစားစစ်သား ၂၅ ဦးကို တင်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်း၌ မြန်မာ့ကမ်းလွန်ရှိ ရမ်းဗြဲကျွန်းသို့ ရောက်ရှိလာခဲ့သည်။ ဗြောင်းဆန်နေသည့် တိုက်ပွဲဧရိယာအလယ်သို့ ၎င်းတို့ ရောက်ရှိလာခြင်းသည် မြန်မာနိုင်ငံတစ်ခွင်၌ တရုတ်သြဇာ ကြီးထွားလာခြင်း၏ ပုံရိပ်တစ်ခုလည်း ဖြစ်သည်။
31 Jul 2025

တရုတ်ကြေးစားစစ်သား ၂၅ ဦးကို တင်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်း၌ မြန်မာ့ကမ်းလွန်ရှိ ရမ်းဗြဲကျွန်းသို့ ရောက်ရှိလာခဲ့သည်။ ဗြောင်းဆန်နေသည့် တိုက်ပွဲဧရိယာအလယ်သို့ ၎င်းတို့ ရောက်ရှိလာခြင်းသည် မြန်မာနိုင်ငံတစ်ခွင်၌ တရုတ်သြဇာ ကြီးထွားလာခြင်း၏ ပုံရိပ်တစ်ခုလည်း ဖြစ်သည်။
မြန်မာတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းတည်းက တရုတ်သည် နိုင်ငံ၏ အရေးအပါဆုံး အိမ်နီးချင်း ဖြစ်လာခဲ့သည်။ မြန်မာ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှု အလှည့်အပြောင်းနှင့်အတူ အကြမ်းဖက်မှုများနှင့် ကသောင်းကနင်း ဖြစ်ရပ်များ ရှိလာချိန်၌ အနောက်နိုင်ငံ အများစုသည် မျက်နှာလွှဲသွားကြသည်။
ထွက်ပေါ်လာသည့် ကွက်လပ်နေရာတွင် တရုတ်က ဝင်ဖြည့်ပြီး သူ့ကိုယ်ပိုင် အစီအစဉ်များ ရှေ့ဆက်နိုင်ရေးအတွက် စစ်ကောင်စီနှင့်သာမက လက်နက်ကိုင် တော်လှန်နေကြသည့် အဖွဲ့အစည်း အမြောက်အများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မြန်မာပြည်တွင် တရုတ်၏ အကျိုးစီးပွားများမှာ အမယ်စုံသည်။ ထိုအထဲ၌ ကီလိုမီတာ ၂၁၀၀ (မိုင် ၁၃၀၀ ခန့်) ထိစပ်နေသည့် နယ်စပ်တလျှောက် တည်ငြိမ်ရေး၊ အနောက်သြဇာကို ဖယ်ရှားရေးတို့ ပါသလို ကီလိုမီတာ ၂၅၀၀ ခန့်ရှည်လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို အကာအကွယ်ပေးရေးလည်း ပါဝင်သည်။
ဤပိုက်လိုင်းသည် မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရမ်းဗြဲကျွန်းမှစတင်ပြီး နိုင်ငံကို ကန့်လန့်ဖြတ်ကာ အရှေ့ဘက်ရှိ တရုတ်ပြည် ကူမင်းမြို့အထိ ရှည်လျားသည်။ မတ်လ ငလျင်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့ရသည့် ဧရိယာတချို့လည်း ပိုက်လိုင်း လမ်းကြောင်းတွင် တည်ရှိသည်။
တရုတ်တို့ သူ့အကျိုးစီးပွားများကို မည်သို့ ခုခံကာကွယ်နေသနည်း ဆိုသည်ကို နားလည်သိရှိလိုလျှင် ဤပိုက်လိုင်းတလျှောက် ခြေရာခံလိုက်ကြည့်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်မည်ထင်သည်။
ပိုက်လိုင်းသည် တရုတ် ရေနံနှင့်ဓာတ်ငွေ့ သွင်းကုန်၏ အစိတ်အပိုင်းတစ်ရပ်သာ ဖြစ်သည်။ ၎င်းမှရရှိသော ပမာဏသည် နိုင်ငံ အနောက်တောင်ဘက်အတွက် လုံလောက်ရုံသာ ဖြစ်သည်။
သို့သော်လည်း တရုတ်၏ အားနည်းချက်ဖြစ်နေသော မလက္ကာရေလက်ကြားနှင့် အင်ဒိုနီးရှား ကျွန်းစုများကို ကျော်ဖြတ်ရေးတွင် ဤပိုက်လိုင်းလမ်းကြောက အထောက်အပံ့ဖြစ်စေသည်။ တရုတ်နှင့် အမေရိကန်သာ စစ်ဖြစ်မည်ဆိုလျှင် ဤပိုက်လိုင်း လမ်းကြောသည် တရုတ်အတွက် အသက်တမျှ အရေးပါလာနိုင်သည်။
ဤပိုက်လိုင်းသည် မြန်မာ့ပြည်တွင်းစစ်၏ ဆုံရပ်တစ်ခုလည်း ဖြစ်နေသည်။ ပိုက်လိုင်းလမ်းကြော တလျှောက်တွင် ပဋိပက္ခနှင့် မထိတွေ့သည့် နေရာဟူ၍ မရှိပေ။

သို့သော်လည်း ဤပိုက်လိုင်း ဖျက်ဆီးခံရမှုဟူ၍ လုံးဝနီးပါး မရှိသလောက် ဖြစ်နေခြင်းက ကြမ်းကြုတ်ပြီး အပြောင်းအလဲများသည့် မြန်မာ့ပဋိပက္ခထဲမှ တရုတ်၏ လိမ္မာပါးနပ်သည့် သံခင်းတမန်ခင်းကို ပြသနေခြင်း ဖြစ်သည်။ အိမ်နီးချင်း မြန်မာအပေါ် တရုတ်၏ သွေးအေးပြီး ကိုယ်ကျိုးစီးပွားကို အလေးထားသည့် ချဉ်းကပ်မှုကို ပြသနေခြင်းလည်း ဖြစ်သည်။
စစ်သားဟောင်းများလည်း ဖြစ်ကောင်းဖြစ်နိုင်သည့် တရုတ်ကြေးစား စစ်သားများ ရမ်းဗြဲကျွန်းတွင် ရှိနေသည်မှာ အာရက္ခတပ်တော်ကို တိုက်ခိုက်နေသည့် မြန်မာစစ်တပ်ကို ကူညီရန် မဟုတ်ပေ။
အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အနီးတွင် ရှိနေသည့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးရန်သာ ဖြစ်သည်။ ဓာတ်ငွေ့ပိုက်လိုင်းများ စတင်ရာနေရာအနီး၌ ရေနက်ဆိပ်ကမ်း စီမံကိန်းတစ်ရပ်လည်း အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။ တရုတ်အထိ ချိတ်ဆက်မည့် ရထားလမ်း စီမံကိန်းတစ်ရပ်ကလည်း ရှိနေပြန်သည်။
တကယ်တမ်း၌ တရုတ်ကြေးစား စစ်သားများ နေရာချထားမှုကို စစ်ကောင်စီသာမက AA ကပါ ခွင့်ပြုထားခြင်း ဖြစ်သည်။ စစ်ကောင်စီသည် မြန်မာပြည်၌ နိုင်ငံခြားစစ်သားများ တည်ရှိမှုကို မနှစ်သက်သည့် သမိုင်းကြောင်းကို ဘေးဖယ်ကာ နိုင်ငံခြား ကြေးစားစစ်သားများအား တရားဝင်ရှိခွင့်ပြုသည့် ဥပဒေတစ်ရပ်ကို အသက်သွင်းခဲ့သည်။
AA ကတော့ ထိုမျှလောက်အထိ တရားဝင် ခွင့်ပြုသည့်ပုံစံ မဟုတ်ပေ။ သို့သော်လည်း အဆိုပါ ကိစ္စရပ်များကို သိထားသူတစ်ဦးကတော့ "ခွင်ပြုကိုပြုရတော့မှာပေါ့" ဟု ဆိုသည်။ လက်ရှိ မြန်မာပြည်တွင် တရုတ်ကို မျက်ကွယ်ပြုရဲသည့် လက်နက်ကိုင်တပ်ဖွဲ့ဟူ၍ မရှိပါပေ။
ရခိုင်ပြည်နယ်သည် ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က မွတ်ဆလင်များအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ပြီးနောက်၌ နိုင်ငံတကာ မျက်နှာစာတွင် ပုံပျက်ပန်းပျက် ဖြစ်ခဲ့ရသည်။ အဆိုပါဖြစ်ရပ်အတွင်း လူပေါင်း ၆,၇၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားရသူလည်း ၇ သိန်းခန့်ရှိသည်။ ၎င်းတို့သည် လက်ရှိ၌ ဘင်္ဂလားဒေ့ရှ်ရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတွင် နေထိုင်နေကြဆဲ ဖြစ်သည်။
နောက်နှစ်တွင် AA သည် ရခိုင်ပြည်နယ်၌ တပ်မတော်ကို တော်လှန်တိုက်ခိုက်သည်။ မြန်မာပြည်ပြိုကွဲမည့် ပထမဆုံးခြေလှမ်း ဖြစ်သွားမည်ကို စိုးရိမ်ကြသည့် မြန်မာစစ်တပ်နှင့် ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရတို့ ပူးပေါင်းပြီး AA ကို ချေမှုန်းရန် ကြိုးပမ်းသည်။
၂၀၂၀ နိုဝင်ဘာတွင် အပစ်အခတ် ရပ်စဲရေးတစ်ရပ် ရလာသည်။ အာဏာသိမ်းပြီး နောက်သုံးလ အကြာ၌ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားသော တိုင်းရင်းသား လက်နက်ကိုင်များသည် ဒီမိုကရေစီအရေး လိုလားသည့် လက်နက်ကိုင် အုပ်စုများနှင့် ပူးပေါင်းကာ စစ်ကောင်စီကို စတင် တော်လှန်ကြသော်လည်း AA ကမူ အခွင့်ကောင်းကို စောင့်နေခဲ့သည်။
၂၀၂၃ နှောင်းပိုင်းတွင် တပ်မတော်က အခြားနေရာများတွင် ဖိအားများ ရင်ဆိုင်နေရချိန်၌ AA သည် အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်လိုက်သည်။ လူအင်အား ပြတ်လပ်နေသည့် စစ်ကောင်စီကလည်း မထင်ထားသည့် လုပ်ရပ်တစ်ခု လုပ်ဆောင်ခဲ့သည်။ AA ကို တိုက်ခိုက်ရန်အတွက် မွတ်ဆလင်များကို လက်နက်ပေးသည့်လုပ်ရပ် ဖြစ်သည်။
ဤလုပ်ရပ်က တကယ်တမ်း အကျိုးရှိခဲ့သည်တော့ မဟုတ်ပေ။ တစ်နှစ်အတွင်း၌ပင် စစ်ကောင်စီသည် ရခိုင်ပြည်နယ်ရှိ နယ်မြေအများစုကို ဆုံးရှုံးလိုက်ရသည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် ယခုကဲ့သို့ တောက်လျှောက်အရှုံးမျိုး တစ်ကြိမ်မှ မကြုံခဲ့ဖူးပေ။
တပ်မတော်နှင့် ခိုင်မာသော ဆက်ဆံရေးရှိသလို ရခိုင်ပြည်နယ်တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ရှိထားသည့် တရုတ်သည် ဤဖြစ်ရပ်ကြောင့် စိတ်ပူပန်သွားမည်ဟု ထင်စရာရှိသည်။ တကယ်တမ်း၌ ထိုသို့မဟုတ်ပေ။ တရုတ်သည် AA ကို ကာလရှည်ကြာ ပြုစုပျိုးထောင်လာခြင်း ဖြစ်သည်။
AA ၏ အောင်မြင်မှုများ တဟုန်ထိုး မြင့်တက်လာသည့်အပေါ် တွေးပူနေခြင်း မရှိပေ။ AA ကလည်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး အာမခံပေးထားသည်။ AA သည် ဓာတ်ငွေ့ပိုက်လိုင်း အနီးအနားတွင် လက်နက်ကြီး အသုံးပြုခြင်းများကို ရှောင်ကြဉ်သည်။ ဓာတ်ငွေ့ပို့လွှတ်သည့် နေရာအများအပြားကို သိမ်းပိုက်ထားနိုင်သော်လည်း ဓာတ်ငွေ့ပို့လွှတ်မှုကိုမူ အနှောင့်အယှက် မပေးဘဲ ခွင့်ပြုထားသည်။

အဆိုပါ ပိုက်လိုင်းများသည် ရခိုင်တောင်ကုန်း တောင်တန်းများမှသည် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ဗမာအများစု နေထိုင်ကြသည့် ခြောက်သွေ့ ဒေသများကို ဖြတ်သန်းသွားသည်။ တပ်မတော်သည် အဆိုပါဒေသများမှ ဗမာလူငယ် စစ်သားများကို ဆယ်စုနှစ်များစွာ စည်းရုံးစုဆောင်းလာခြင်း ဖြစ်သည်။ နိုင်ငံ လွတ်လပ်ရေးရပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကသောင်းကနင်း ဖြစ်နေခဲ့သည့် နှစ် ၅၀ ခန့် ကာလအတွင်း၌ပင် အဆိုပါ ခြောက်သွေ့ဒေသမှာ များသောအားဖြင့် အေးချမ်းနေခဲ့သည်။
သို့သော် ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း၌ အပြောင်းအလဲတစ်ရပ် စတင်ခဲ့သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက သေနတ်ဖြင့် တုံ့ပြန်ချိန်၌ ခြောက်သွေ့ဒေသမှ လူငယ်များမှာလည်း လက်နက်ကိုင်ဆောင်လာကြတော့သည်။ တော်လှန်ရေးတပ်များ ဖွဲ့စည်းပြီး စစ်တပ်ကို ခြုံကိုတိုက်ခိုက်သည်။
ဤတပ်များသည် တခါတခါ၌ ပူးပေါင်း ဆောင်ရွက်ကြသည်။ အများစုက တသီးတခြား တည်ရှိနေကြသည် ဆိုသော်လည်း အချို့ကတော့ NUG လက်အောက်အခံအဖြစ် ကြေညာထားကြသည်။
တော်လှန်ရေးတွင် ပါဝင်လာသူများသည် ကနဦး၌ စစ်ကောင်စီအပေါ် ရန်စောင်သလောက်နီးပါး တရုတ်အပေါ်၌လည်း ရန်စောင်မှုရှိသည်။ ၁၉၈၈ မှ ၂၀၁၁ အထိ အုပ်ချုပ်ခဲ့သည့် စစ်အစိုးရကို အားပေးကူညီခဲ့သည့် တရုတ်သည် ၂၀၂၁ အာဏာသိမ်းမှုကိုလည်း မီးစိမ်းပြခဲ့သည်ဟု အများအပြားက ယူဆကြသည်။
သို့အတွက်ကြောင့် ပိုက်လိုင်းသည် သူတို့၏ ပစ်မှတ်စာရင်းတွင် ထိပ်၌ ရှိနေခဲ့သည်။ သို့သော်လည်း တရုတ်နှင့် ကမ္ဘာကြီးက မိမိအပေါ် တရားဝင် အစိုးရတစ်ရပ်အဖြစ် ရှုမြင်စေရန် ကြိုးပမ်းနေသည့် အချိန်၌ ပိုက်လိုင်းကို တိုက်ခိုက်ခြင်းသည် အဟန့်အတားဖြစ်သွားမည်ကို စိုးရိမ်သည့် NUG က ၎င်းတို့ကို တားမြစ်ခဲ့သည်။
မည်သို့ပင်ဆိုစေ ဤပိုက်လိုင်းသည်လည်း ပစ်ခတ်ခံရမှု ရှိသည်။ မန္တလေးမြို့နှင့် ၅၀ ကီလိုမီတာခန့်အကွာ နွားထိုးကြီးမြို့အနီးတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း လက်နက်ကိုင်များသည် ပိုက်လိုင်းကို တိုက်ခိုက်ခဲ့သည်။ ၂၀၂၃ ခုနှစ် မေလတွင်လည်း နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သည်။
လက်နက်အင်အား ချို့တဲ့သည့်အတွက် ပိုက်လိုင်းကို မဖြစ်စလောက်သာ ထိခိုက်စေခဲ့သည်။ နောက်ရက်များ၌ မြန်မာစစ်တပ်သည် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို ခိုင်ခိုင်မာမာ အကာအကွယ်ပေးမည်ဟု ပြသသည့်သဘောအဖြစ် အရပ်သား ဒါဇင်ပေါင်းများစွာကို စုစည်းကာ ဆန္ဒထုတ်ဖော်စေခဲ့သည်။
ယခုရက်ပိုင်းအတွင်း တော်လှန်ရေး စစ်ဦးစီးချုပ် တစ်ယောက်က Economist ကိုပြောကြားချက်အရ ဆိုလျှင် သူတို့အား ပိုက်လိုင်းကို မတိုက်ခိုက်ရန် ပြောနေစရာပင် မလိုဟု ဆိုသည်။ သူတို့အတွက် နယ်စပ်ကြားခံများမှတစ်ဆင့် လက်နက်ခဲယမ်း ထောက်ပံ့ရေးနှင့် ရံဖန်ရံခါ လက်နက်ကြီးများ ဝယ်ယူခြင်းကို တရုတ်က ထိန်းချုပ်ထားသည်ဖြစ်ရာ ပိုက်လိုင်းကို တိုက်ခိုက်ခြင်းသည် သူတို့၏ အကျိုးစီးပွားနှင့် ဆန့်ကျင်နေသည်ဟု အဆိုပါ စစ်ဦးစီးချုပ်က ပြောသည်။
တော်လှန်ရေးတပ်များကို တရုတ်က ငြိုငြင်သည့် အချိန်များ၌ ဆိုလျှင် ထောက်ပံ့ရေးများ ရပ်ဆိုင်းသွားတတ်ပြီး တခါတရံ၌ ဤသို့ ရပ်ဆိုင်းမှုသည် လပေါင်းများစွာ ကြာမြင့်တတ်သည်။

တော်လှန်ရေးတပ်များသည် ကျေးရွာများနှင့် မြို့များကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိသည်။ ၂၀၂၄ ခုနှစ် သြဂုတ်တွင် နွားထိုးကြီးမြို့ကို သိမ်းပိုက်သော်လည်း တပ်မတော်ဘက်မှ စစ်ကူများ ရောက်လာသဖြင့် တစ်ရက်သာ ထိန်းချုပ်နိုင်ခဲ့သည်။ နိုင်ငံ အစွန်အဖျား ဧရိယာများတွင်မူ တော်လှန်ရေးတပ်များ အားကောင်းပြီး အရပ်သားများကလည်း စာသင်ကြားရေးကဲ့သို့ အုပ်ချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီကြသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကို အကြီးမားဆုံး ခံခဲ့ရသည့် ဒေသများတွင် ခြောက်သွေ့ဇုန်လည်း ပါဝင်သည်။ ၇.၇ မဂ္ဂနီကျု ပြင်းအားရှိသည့် ဤငလျင်ကြောင့် လူပေါင်း ၃၀၀၀ ကျော် သေဆုံးပြီး ၄၆၀၀ ထက်မနည်း ဒဏ်ရာရခဲ့သည်။
ငလျင်ကြောင့် ပိုက်လိုင်းထိခိုက်မှု ရှိ၊မရှိ ရှင်းရှင်းလင်းလင်း မသိရပေ။ ရှိခဲ့လျှင်လည်း တရုတ်အင်ဂျင်နီယာများက ငလျင်အကူအညီထက် ပို၍ပင် မြန်မြန်ဆန်ဆန် လက်မနှေးဘဲ ရောက်ပြီးသား ဖြစ်သွားလောက်သည်။
ခြောက်သွေ့ဇုန်မှ ဖြတ်သန်းလာသော တရုတ်ဓာတ်ငွေ့ပိုက်လိုင်းသည် မန္တလေးအနီးမှစတင်၍ ရှမ်းတောင်တန်းများဆီ ဦတည်သွားသည်။ အဆိုပါ တောင်ကုန်းတောင်တန်းများထဲမှ အချို့သည် တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိန်းချုပ်ဧရိယာများထဲတွင် ရှိသည်။ အာဏာသိမ်းပြီးစ အစောပိုင်းကာလတည်းက စစ်ကောင်စီသည် ပိုက်လိုင်း တိုက်ခိုက်ခံရမည်ကို စိုးရိမ်သည့်အတွက် ပိုက်လိုင်းဧရိယာ အနီးတဝိုက်တွင် မိုင်းထောင်သည်များ ရှိခဲ့သည်။
ရှမ်းပြည်ထဲရှိ ပိုက်လိုင်းလမ်းကြောင်း အများစုသည် ယခင်က စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေထဲတွင် ရှိခဲ့သည်။ ယခုအချိန်၌မူ တပ်မြို့ဖြစ်သော ပြင်ဦးလွင်ကို လွန်သွားသည်နှင့် တရုတ်နယ်စပ်အထိ ပိုက်လိုင်းတကြော ဧရိယာများမှာ လက်နက်ကိုင်များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားပြီဖြစ်သည်။ ယခုကဲ့သို့ ကံခေမှုအတွက် စစ်ကောင်စီအနေဖြင့် အပြစ်ဖို့လိုလျှင် တရုတ်၊ ငွေလိမ်ဂိုဏ်းများနှင့် မိမိကိုယ်တိုင်ကိုသာ လက်ညှိုးထိုးရန် ရှိသည်။
နယ်စပ်တလျှောက်ရှိ ခြံဝင်းကြီးများတွင် ငွေလိမ်ဂိုဏ်းများသည် ဘဏ်စုဆောင်းငွေရှိသည့် တရုတ်များကို ပစ်မှတ်ထားပြီး လိမ်လည်မှုများ ပြုလုပ်သည်။ အချို့ဂိုဏ်းများဆိုလျှင် တရုတ်လူမျိုးများကိုပါ လူကုန်ကူးပြီး ဝန်ထမ်းအဖြစ် ခန့်ထားကြသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်အတွက် မြန်မာပြည်၌ ဦးတည်ချက်အသစ်မှာ အဆိုပါ ဂိုဏ်းများကို ချေမှုန်းရေး ဖြစ်လာသည်။
သို့သော် အဆိုပါငွေလိမ်ဂိုဏ်းများကို အခွန်ကောက်ပြီး စိတ်ကြိုက်လှုပ်ရှားခွင့် ပြုထားသည်မှာ တပ်မတော်နှင့် လက်ဝါးချင်းရိုက်ပြီး အကျိုးအမြတ်ဖြစ်နေသော မြန်မာ နယ်ခြားစောင့်တပ်များ ဖြစ်နေသည်။ ၂၀၂၃ ခုနှစ်အတွင်း တရုတ်ဘက်က အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း မြန်မာစစ်ကောင်စီသည် အဆိုပါလုပ်ငန်းဝင်းကြီးများကို မပိတ်ခဲ့၊ သို့မဟုတ် မပိတ်နိုင်ခဲ့ပေ။
စိတ်ပျက်သွားသော တရုတ်သည် နယ်စပ်မြို့ဖြစ်သော လောက်ကိုင်ကို သိမ်းပိုက်ပြီး ငွေလိမ်လုပ်ငန်းများကို ရှင်းလင်းရန် AA ၊ MNDAA နှင့် TNLA တို့ စုဖွဲ့ထားသည့် ညီနောင်မဟာမိတ် သုံးဖွဲ့ကို ခွင့်ပြုခဲ့သည်ဟု လေ့လာသူများက ပြောကြသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် ညီနောင်သုံးဖွဲ့သည် ရှမ်းပြည်၌ စတုရန်းကီလိုမီတာ ရာပေါင်းများစွာအတွင်း ရှိနေသည့် မြန်မာစစ်တပ်စခန်းများကို ဝင်တိုက်ခဲ့ကြသည်။ စစ်တပ်သည် အရှုံးကြီးရှုံးပြီး တပ်မတော်သား ထောင်ပေါင်းများစွာလည်း လက်နက်ချခဲ့ကြသည်။
စတင်တိုက်ခိုက်သည့် ရက်စွဲကို မှည့်ခေါ်ထားသည့် ၁၀၂၇ စစ်ဆင်ရေး (Operation 1027) သည် ညီနောင်မဟာမိတ် သုံးဖွဲ့အား မြန်မာပြည်တွင် အရေးအပါဆုံး လက်နက်ကိုင် အင်အားစုများ ဖြစ်သွားစေခဲ့သည်။
လောက်ကိုင်ကို လက်နက်ကိုင်တပ်များ ထိန်းချုပ်ခဲ့ပြီးနောက် တရုတ်သည် အပစ်ခတ်ရေးအတွက် မြန်မြန်ဆန်ဆန် ဖိအားပေးခဲ့သည်။ သို့သော်လည်း အရှိန်ကို မထိန်းနိုင်ခဲ့ပေ။ ၂၀၂၄ ခုနှစ် ဇွန်လတွင် ညီနောင်သုံးဖွဲ့သည် အပစ်ရပ်စဲမှုကို ချိုးဖောက်လိုက်သည်။ နောက်သီတင်းပတ် အနည်းငယ်အတွင်း လားရှိုးကိုသိမ်းသည်။
မြန်မာ့သမိုင်းတွင် လက်နက်ကိုင်များ သိမ်းပိုက်နိုင်ခဲ့သည့် အကြီးဆုံးမြို့ ဖြစ်သည်။ TNLA သည် မန္တလေးအထိ ဦးတည်လာသည်။ သြဂုတ်လ၌ ပြင်ဦးလွင် အနီးအထိ ရောက်ရှိလာခဲ့သည်။

ဤဖြစ်ရပ်များအား တရုတ်က မကျေနပ်ပေ။ မြန်မာ လက်နက်ကိုင် မည်သည့်အုပ်စု နှင့်မဆို လက်တွဲရန် ဆန္ဒရှိနေသည့် တရုတ်သည် တဘက်တွင်လည်း ကိုယ်ရှို့သောမီး ကိုယ်မနိုင်ဖြစ်ကာ ညီနောင်သုံးဖွဲ့၏ ထိုးစစ်များကြောင့် စစ်ကောင်စီ ပြိုလဲသွားမည်ကို စိုးရိမ်လာခဲ့သည်။
သို့အတွက်ကြောင့် တရုတ်သည် အခြေအနေကို ပြန်ထိန်းချုပ်နိုင်ရန်အတွက် လျှပ်စစ်မီးနှင့် ရေအပါအဝင် ညီနောင်သုံးဖွဲ့၏ ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ထားလိုက်သည်။ ကိုးကန့်ခေါင်းဆောင်ကိုလည်း ထိန်းသိမ်းထားလိုက်သည်။ ၂၀၂၅ ဧပြီလ ၂၂ ရက်နေ့၌ ညီနောင်သုံးဖွဲ့သည် လားရှိုးမှ ပြန်ဆုတ်ခွာခဲ့ရသည်။
မြန်မာတို့၏ အမြင်တွင် ထိတ်လန့်စရာ ဖြစ်ခဲ့ရသည်မှာ မြို့တွင်းသို့ စစ်ကောင်စီပြန်ဝင်နိုင်ရေးအတွက် တရုတ်သံတမန်များက ကူညီပံ့ပိုးပေးခဲ့သည့် လုပ်ရပ်ဖြစ်သည်။ တိုက်ပွဲများကတော့ ရှေ့တန်းမျက်နှာစာ တလျှောက်တွင် ရှိနေဆဲ ဖြစ်သည်။
ဤတိုက်ပွဲများကြောင့် ပိုက်လိုင်းတလျှောက်ဧရိယာများ၊ အထူးသဖြင့် သီပေါနှင့် နောင်ချိုဒေသများရှိ ပိုက်လိုင်းလမ်းကြောသည် ထိလွယ်ရှလွယ် ဖြစ်လျက်ရှိသည်။ ဒေသခံအချို့ဆိုလျှင် ပစ်မှတ်လွဲတတ်သည့် တပ်မတော် ဗုံးကြဲလေယာဉ်များ မတော်တဆ ပိုက်လိုင်းများကို ဗုံးကြဲမိမည်ကို စိုးရိမ်ကြသည်များ ရှိသည်။
သို့သော်လည်း ပြည်တွင်းစစ်ထဲက မည်သည့် အဖွဲ့ကမျှ တရုတ်ကို စိတ်ဆိုးအောင် မလုပ်ရဲကြကြောင်းကို ကာလတစ်ခု ကြာလာချိန်၌ သဘောပေါက်လာကြပြီဖြစ်သည်။ ယခုအခါတွင်ကား ပိုက်လိုင်းသည် မည်သည့်ဘက်ကမှ မထိခိုက်ရဲသည့်နေရာမှန်း သဘောပေါက်လာကြသဖြင့် ပိုက်လိုင်း အနီးတဝိုက်တွင် တိုက်ပွဲရှောင်ကြသည့် အရပ်သားများပင် ရှိနေပြီဖြစ်သည်။
တရုတ်သည် မြန်မာပြည်တွင်းမှ အဖြစ်အပျက်များကို အမြဲတစေ စိတ်ဝင်တစား ရှိခဲ့သည်။ ၁၉၁၄ တွင် ကွန်မြူနစ်တို့ တရုတ်ပြည်တွင်းစစ်၌ အနိုင်ရခဲ့ပြီးနောက် ရှုံးသွားသည့် ကူမင်တန် သောင်းဂဏန်းအထိသည် ရှမ်းတောင်ကုန်းများတွင် ခြေကုပ်ယူပြီး နယ်စပ်တဘက်ရှိ ယူနန်ပြည်ကို နှစ်ပေါင်းများစွာ ဝင်တိုက်ခဲ့ကြသည်။
ယခုအခါ ကူမင်တန်တို့ မရှိတော့ပြီဖြစ်သော်လည်း ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ကြိုတင်ဟန့်တားရန်အတွက် တရုတ်သည် မြန်မာဘက်မှ သေနတ်ရှိသူ မည်သူနှင့်မဆို လက်တွဲလုပ်ရန် အသင့်ရှိသည်။ တရုတ်အဖို့ မြန်မာစစ်ကောင်စီနှင့်၊ သို့မဟုတ်လျှင်လည်း အားကောင်းမောင်းသန် အမျိုးသားရေးဝါဒကို ရှောင်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် လက်တွဲလုပ်ရသည်မှာ အဆင်အပြေဆုံးဖြစ်သည်။
သို့သော် ဘေဂျင်းသည် ပိုက်လိုင်းကဲ့သို့ သူ့အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ဒီမိုကရေစီအရေး လှုပ်ရှားသည့် တော်လှန်ရေးတပ်များနှင့်လည်း သွယ်ဝိုက်၍ ပူးပေါင်းလုပ်ကိုင်သည်။ ဤချည်းကပ်မှုများကြောင့် မြန်မာ့ ပြည်တွင်းစစ် ဇာတ်ခုံပေါ်၌ တရုတ်သည် အင်အားအကြီးဆုံး ပလေယာ ဖြစ်နေခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းရက်များတွင် မြန်မာ့တော်လှန်ရေး တပ်များသည် အနောက်တိုင်းမှ အကူအညီများ ရရှိရေးအတွက် တရုတ်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို စတေးရန် အသင့်ရှိနေခဲ့ကြသည်။
ထိုအတိုင်းသာ ဖြစ်ခဲ့လျှင် မြန်မာ့ ပထဝီနိုင်ငံရေး ကိုင်းညွတ်မှု၌ အံ့အားသင့်ဖွယ် အရွေ့တစ်ရပ် ဖြစ်သွားလောက်သည်။ သို့သော်လည်း တိုက်ပွဲကာလ တာရှည်လာသည်နှင့်အမျှ အနောက်၏ အကူအညီ ကတိများမှာ အကောင်အထည် ပေါ်မလာခဲ့သလို တော်လှန်ရေး အုပ်စုများသည်လည်း တရုတ်ဘက်သို့ မျက်နှာမူလာခဲ့ကြသည်။
၂၀၂၄ ဇန်နဝါရီတွင် NUG သည် တရုတ်နှင့် ဆက်ဆံရေးနှင့် ပတ်သက်သည့် မူဝါဒ ၁၀ ချက်ကို ထုတ်ပြန်သည်။ ထိုအထဲ၌ ပိုက်လိုင်းကဲ့သို့ လုပ်ငန်းများအပါအဝင် မြန်မာပြည်တွင်းရှိ တရုတ် ရင်းနှီးမြှုပ်နှံမှုများကို အလေးထားမည်ဟု ကတိပေးထားသည်။
ထိုထက်ပို အရေးကြီးသည်မှာ NUG ၏ စာ၌ တရုတ်ကို 'ပေါက်ဖော်' ဟု သုံးနှုန်းထားသည့် အချက်ဖြစ်သည်။ တရုတ်နှင့် မြန်မာအား ညီရင်းအစ်ကို အဖြစ် ရည်ရွယ်သုံးနှုန်းသည့် စကားလုံး ဖြစ်သည်။ မြန်မာနိုင်ငံကို မည်သူ အုပ်ချုပ်သည်ဖြစ်စေ အစ်ကိုကြီး တရုတ်က မျက်စိဒေါက်ထောက် စောင့်ကြည့်နေမည် ဖြစ်လေသည်။
စောသန္တာအေး
The Economist စာစောင်တွင် ဖော်ပြထားသည့် China calls the shots in Myanmar's civil war ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ပါသည်။