AA ထိန်းချုပ်မြို့နယ်များပါ မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေးကြေညာမှု ဘာတွေဖြစ်လာနိုင်မလဲ

စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ် ၆၃ ခုအနက် မြို့နယ် ၄၆ ခုမှာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်နေဆဲ မြို့တစ်ခုနှင့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲမြို့ ၁၆ ခုတို့ ပါဝင်သည်။

By Admin 01 Aug 2025

ပုဏ္ဏားကျွန်းမြို့သိမ်းပြီးနောက်တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
ပုဏ္ဏားကျွန်းမြို့သိမ်းပြီးနောက်တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk

DMG ၊ ဩဂုတ် ၁

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်က မြို့နယ် ၁၄ ခုနှင့် ပလက်ဝမြို့နယ်အပါအဝင် နိုင်ငံတဝန်းက မြို့နယ် ၆၃ ခုကို ဇူလိုင် ၃၁ ရက်တွင် စစ်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ)အရ ရက်ပေါင်း ၉၀ ခန့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ် ၆၃ ခုအနက် မြို့နယ် ၄၆ ခုမှာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်နေဆဲ မြို့တစ်ခုနှင့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲမြို့ ၁၆ ခုတို့ ပါဝင်သည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ်များမှ ပြည်သူများကိုလည်း စစ်ကောင်စီက ၎င်းတို့၏ ဩဇာခံမဟုတ်သူများဟု ယူဆကာ နောက်ထပ် အကြမ်းဖက်မှုများကို ပိုမိုလုပ်လာနိုင်သည်ဟု အကဲခတ်သူတို့က ပြောဆိုကြသည်။

စစ်ကောင်စီက အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာလိုက်ခြင်းနှင့်ပတ်သက်၍ ရခိုင်ဝါရင့်နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်၊ ALD ပါတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ဦးမျိုးကျော်က "အခု အရေးပေါ် ကြေညာချက်ထုတ်ပြန်လိုက်တဲ့ မြို့အများစုဟာ သူတို့(စစ်ကောင်စီ) လက်လွှတ်ပြီးသား မြို့တွေဖြစ်ကြတယ်။ သူတို့ အုပ်ချုပ်ရေး၊ တပ်တွေ ပါမရှိတော့တဲ့ မြို့နယ်အများစု ဖြစ်ကြတာကြောင်း အခု စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာဟာ အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေကို ထပ်ဆင့် အကြမ်းဖက်အလုပ်တွေ လုပ်လာနိုင်သလို သူတို့ကို နိုင်ငံတော်ကို ပုန်ကန်နေသူတွေ ဆိုပြီးလည်း စွပ်စွဲမှုတွေ လုပ်လာနိုင်တယ်" ဟု ပြောသည်။

တဆက်တည်းမှာပင် စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်းတင်းတင်း ကျူးလွန်လာနိုင်ဖွယ်ရှိသည်ဟု ဦးမျိုးကျော်က ဆက်လက်ပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာချက်ထဲတွင် ရခိုင်ပြည်က ၁၄ မြို့၊ ချင်းပြည်နယ်က ၇ မြို့၊ ကချင်ပြည်နယ်က ၅ မြို့၊ ကရင်ပြည်နယ် ၂ မြို့၊ စစ်ကိုင်းတိုင်း ၉ မြို့၊ မကွေးတိုင်း ၅ မြို့၊ မန္တလေး ၃ မြို့၊ ရှမ်းပြည်နယ်က ၁၅ မြို့တို့ပါဝင်သည်။

ထိုမြို့နယ်များတွင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနှင့် နယ်မြေဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်သွားမည်ဟု စစ်ကောင်စီက ဆိုထားသည်။

စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များကို ပြန်လည်ထိုးစစ်ဆင်မှုများ လုပ်လာနိုင်သော်လည်း ထင်သလောက်ဖြစ်လာနိုင်ဖွယ်မရှိကြောင်း စစ်ရေး၊ နိုင်ငံရေးလေ့လာ သူများက သုံးသပ်ကြသည်။

"စစ်ကောင်စီက သူတို့ဆုံးရှုံးထားတဲ့ မြို့နယ်တွေကို အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ နောက်ဆက်တွဲအနေနဲ့ ထိုးစစ်တွေဆင်လာနိုင်တယ်။ အခုလည်း ထိုးစစ်တွေဆင်လို့ သူတို့လက်ထဲကို မြို့ ၆ မြို့ ရောက်ရှိသွားပြီးဆိုတော့ နောက်ထပ်လည်း ပြည်သူ့စစ်တွေကို အင်အားယူပြီးတော့ ထိုးစစ်တွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် တော်လှန်ရေး အင်အားစုတွေနဲ့ အဲဒီဒေသမှာ နေတဲ့သူတွေ သတိထားကြဖို့တော့ လိုတယ်" ဟု စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၄ နှစ်ခွဲခန့်အကြာမှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်ဆိုပြီး နိုင်ငံတော်အာဏာကို ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ)ကို ပြန်အပ်လိုက်သည်။ ထိုကာလုံကနေ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကိုဖွဲ့စည်းပြီး တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထပ်မံအာဏာ အပ်လိုက်သည်။

စစ်ကောင်စီသည် အာဏာကို ကာလုံသို့လွှဲအပ်လိုက်ပြီဖြစ်၍ လာမည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ်ဆန်းပိုင်းတွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု ပြောဆိုထားသည်။

ယင်းကြောင့် ယခု စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များကို လာမည့် ၆ လ အတွင်း ပြန်လည် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းတော့မည်ဖြစ်ကြောင်းလည်း အကဲခတ်သူတို့က ပြောဆိုထားကြသည်။