ရခိုင်ပြည်ထဲက အလုပ်မဖြစ်သည့် ဆည်များ

နိုင်ငံ့ဘဏ္ဍာငွေများစွာဖြင့် တည်ဆောက်ခဲ့သည့်ဆည်များ ဒေသခံများအတွက် အကျိုးမပြုနိုင်ခြင်းမှာ နိုင်ငံ၊ ပြည်နယ်၊ မြို့နယ်များရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ဘတ်ဂျတ်ငွေများ ဆုံးရှုံးနစ်နာခြင်းဖြစ်သည်။

By Admin 29 Jan 2023

ရခိုင်ပြည်ထဲက အလုပ်မဖြစ်သည့် ဆည်များ

DMG (ဆောင်းပါး)

ရခိုင်ပြည်၊ ကျောက်တော်မြို့မှ အနောက်ဖက် ၁၃ မိုင်ကျော်အကွာတွင်ရှိသည့် အာကာတောင်တန်းကြီးမှာ မှိုင်းညို့ညို့နှင့် လွမ်းမောဖွယ်ကောင်းလှသည်။ ထိုတောင်ခြေအောက်တွင် စိမ်းစိုနေသည့် ရေပြင်ကျယ်၊ သဘာဝအလှတရားတို့နှင့်အတူ ခိုင်ခန့်စွာ တည်ဆောက်ထားသည့် ပြိုင်းချောင်းရေလှောင်တမံကြီး ရှိနေသည်။

“ပြိုင်းချောင်းဆည်က ဘာမှအသုံးပြုတာ မရှိဘူး။ မိုးရာသီဆိုရင် ရေအထိုင်များရင် ရေလွှတ်တယ်။ ဆိုတော့ ဒီဆည်ဟာ အပိုလိုဖြစ်နေတယ်” ဟု ပြိုင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းကြိုင်မောင်က ဆည်ကြီးကို ငေးကြည့်ကာ အားမလိုအားမရ ပြောလာသည်။

ပြိုင်းချောင်းရေလှောင်တမံကို ခန့်မှန်းခြေ ငွေကျပ်သန်းပေါင်း (၈၆၇၃ ဒသမ ၁၇၁) အကုန်ကျခံကာ ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဆည်တည်ဆောက်သည့်လုပ်ငန်း ပြီးစီးခဲ့သည်။ ဆည်တွင် အများဆုံး သိုလှောင်နိုင်သည့် ရေလှောင်ပမာဏမှာ ၂၅,၂၀၅ ဧက၊ ရေပြင်ကျယ်ဧရိယာ ၆၂၅ ဧကနှင့် ဆည်မှရေပေးနိုင်မည့် ဧရိယာမှာ ၄,၆၅၉ ဧကအထိ ရှိသည်။

ဆည်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် ပမာဏာမှာလည်း ၄၀ ကီလိုဝပ်မှ ၆၀ ကီလိုဝပ်အထိရှိကြောင်း ပြိုင်းချောင်းဆည်၏ အချက်အလက်များတွင် ဖော်ပြသည်။

သို့သော် ဆည်တည်ဆောက်ပြီးစီးမှု ၁၀ နှစ်ကျော်ကြာသည့်တိုင် အသုံးပြုမှုမရှိ ဖြစ်နေသည်။ ဆည်အနီးမှ ပင်ဇိုင်း၊ သုံးခွ၊ ကြာညိုအင်း၊ ဂါဘု၊ ရှောက်ချောင်း၊ ပါးသစ် စသည့်ကျေးရွာများမှ ဒေသခံများမှာ ဆည်မှရေကိုအသုံးပြုပြီး နွေစပါးနှင့် တခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် မျှော်လင့်နေကြသည်။

“ရွာသားတွေ သုံးဖို့အတွက်လည်း ဆည်ကရေမပေးဘူး။ သူတို့ ပထမတော့ ဆည်ကရေနဲ့ မီးပေးမယ်ဆိုပြီးတော့ လုပ်ခဲ့သေးတယ်။ အဲဒီအစီအစဉ်တွေလည်း ပျက်သွားတယ်။ ဆည်တစ်ဆည် တည်ထားပြီးတော့ ဘာမှအသုံးမဝင် ဖြစ်နေတယ်။ ရေလွှတ်တဲ့ရေမြောင်းတွေမှာ ဒေသခံလယ်တွေ ပါသွားတာပဲရှိတယ်” ဟု ဦးထွန်းကြိုင်မောင်က ဆိုသည်။

အလားတူ ကျောက်တော်မြို့၊ အရှေ့ဘက် ၇ မိုင်ခန့်အကွာ မဟာမုနိဘုရားအနီးတွင် တည်ရှိသည့် ဇီးချောင်း‌ရေလှောင်ဆည်မှာလည်း တည်ဆောက်ပြီး ၁၀ နှစ်ကျော်ကြာသည့်တိုင် ဒေသခံများအတွက် အကျိုးပြုမှု မရှိသလောက်ဖြစ်နေသည်။ 

ဒေသခံများမှာ အဆိုပါဆည်မှ ရေကို ဒေသတစ်ခုလုံး ရေဖူလုံရေးနှင့် နွေစပါး (သို့မဟုတ်) အခြား စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်အောင် လုပ်ပေးစေလိုကြောင်း ဇီးချောင်းဆည်အနီးရှိ စပါးဆိပ်ကျေးရွာသား ကိုကျော်ရဲထွန်းက ပြောသည်။

လက်ရှိ ဇီးချောင်းဆည်မှာ ဒေသနေပြည်သူများ၏ ပျော်ပွဲစားသွားရာ နေရာတခုထက်မပို ဖြစ်နေသည်။

ယခင်နှစ်များက ဇီးချောင်းဆည်မှ ရေကိုအသုံးပြုပြီး လယ်ဧကအနည်းငယ် စမ်းသပ်စိုက်ပျိုးခဲ့သော်လည်း ရေမြောင်း၊ ရေဝင်ရေထွက် မကောင်းခြင်းနှင့် လယ်ယာကဏ္ဍတွင် သွင်းအားစုစရိတ် ကြီးမြင့်မှုတို့ကြောင့် ယခုနှစ်တွင် မစိုက်ပျိုးနိုင်ကြတော့ပေ။

လက်ရှိတွင် မဆိုစလောက်အဖြစ် ဇီးချောင်းဆည်မှနေ၍ စပါးဆိပ်၊ သရက်တပင်၊ ရွာမပြင်၊ မဟာမုနိ၊ သာယာကုန်း၊ ညောင်ချောင်း စသည့်ကျေးရွာပေါင်း ၁၀ ရွာခန့်ကို သုံးရေများပေးထားသည်ဟု သရက်တပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ကပြောသည်။

“ဒေသခံတွေ အသုံးပြုဖို့ ကောင်းဖို့အတွက်ဆိုရင် ရေမြောင်းတွေ အဓိကလုပ်ရမယ်။ ရေမြောင်းမကောင်းတဲ့အတွက် ရေလိုတဲ့အချိန် မရတာတွေရှိတယ်” ဟု ဉီးသန်းမောင်က ရှင်းပြသည်။

ဇီးချောင်းရေလှောင်တမံကို ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ခန့်မှန်းကုန်ကျငွေကျပ် (၉,၀၅၅)သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကန်ရေပြည့်ချိန် အများဆုံးသိုလှောင်နိုင်သည့် ရေလှောင်ပမာဏမှာ ၇,၅၃၀ ဧကပေအထိရှိကာ ရေပြင်ကျယ် ဧရိယာမှာ ၁၅၄ ဧကအထိရှိသည်။ မြေသားတမံ အမျိုးအစားဖြစ်ပြီး အလျား ၈၄၀ ပေနှင့် အမြင့် ၁၁၅ ပေရှိသည်။ ဆည်ရေပေးနိုင်မည့်ဧရိယာမှာ ၉၁၁ ဧကအထိနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့်ပမာဏာမှာလည်း ၄၀ ကီလိုဝပ်နှစ်လုံးစာ ထုတ်လုပ်နိုင်ကြောင်း သိရသည်။

အလားတူ ကျောက်တော်မြို့နယ်တွင် မင်းသားတောင်ဆည်နှင့် ရှောက်ချောင်းဆည်များလည်း ရှိနေသေးပြီး ယင်းဆည်များမှာလည်း သေချာရေရာသည့် ဒေသအကျိုးပြုခြင်းကိုကား မတွေ့ရသေးပေ။

ကျောက်တော်မြို့နယ်တွင် လယ်ဧကပေါင်းများစွာကို စိုက်ပျိုးရန် ရေဖြန့်ဖြူးပေးနိုင်သည့် ဆည်ကြီးများကို စနစ်တကျစီမံခန့်ခွဲကာ မူဝါဒကောင်းကောင်းဖြင့်  စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကို မမြှင့်တင်နိုင်သေးပေ။ အခြားတဘက်တွင်လည်း ဒေသခံတောင်သူများအတွက် ဈေးကွက်အာမခံချက်၊ သီးနှံအရည်အသွေး အာမခံချက်နှင့် နည်းပညာအပြင် ငွေကြေးအထောက်အပံ့များ လိုအပ်နေသဖြင့် အဆိုပါဆည်များမှာ လက်ရှိတွင် ပစ်ပယ်ထားသည့်အခြေအနေသို့ ရောက်ရှိနေသည်။

“ဆည်နဲ့နီးစပ်တဲ့ ရွာတွေကိုတော့ ရေပေးနေတာရှိတယ်။ နေ့စဉ် လူတွေအတွက် အသုံးချနေတာတွေတော့ ရှိတယ်။ ဒါပေမဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် အမှန်တကယ် ထိထိရောက်ရောက်အသုံးချနိုင်တဲ့ အခြေအနေမှာ မရှိသေးဘူး” ဟု ကျောက်တော်မြို့နယ်ရှိ ဆည်များနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ရှုမြင်သည်။

ယင်းအပြင် ဆည်စီမံကိန်းများနှင့်ပတ်သက်ပြီး ခေတ်အဆက်ဆက် အာဏာပိုင်များနှင့် လူတစုက ဘတ်ဂျတ်ငွေ ခွဲဝေသုံးစွဲရန် အခွင့်အလမ်းများ ရရှိခဲ့သည်ဟုလည်း ဝေဖန်မှုများရှိနေသည်။

“ဆိုလိုတာကတော့ နိုင်ငံ့ဘဏ္ဍာတွေဟာ တစ်နှစ်၊ တစ်နှစ်စီမှာ သိန်းသောင်းချီ၊ သန်းချီ ဘီလီလျှံနဲ့ချီပြီးတော့ သုံးစွဲခဲ့တာ။ အမှန်တကယ် အဲဒီဆည်တွေက ပြည်သူတွေအတွက် တစ်ခုခုအသုံးမဝင်ရင် ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ အခြေခံသွားတာမဟုတ်ဘဲ သပ်သပ်ကြီးကို ဖြုန်းနေသလိုဖြစ်သွားတယ်” ဟု ဦးဦးထွန်းဝင်းက ထောက်ပြသည်။

နိုင်ငံ့ဘဏ္ဍာငွေများစွာဖြင့် တည်ဆောက်ခဲ့သည့်ဆည်များ ဒေသခံများအတွက် အကျိုးမပြုနိုင်ခြင်းမှာ နိုင်ငံ၊ ပြည်နယ်၊ မြို့နယ်များရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ဘတ်ဂျတ်ငွေများ ဆုံးရှုံးနစ်နာခြင်းဖြစ်ကြောင်း ဦးဦးထွန်းဝင်းက ပြောသည်။

အလားတူ ခမီကြိမ်ချောင်းဆည်မှာလည်း ၇ နှစ်ကျော်ကြာသည့်တိုင် တစ်စုံတစ်ရာ ရေပေးဝေမှု၊ အသုံးချမှု မရှိသေးပေ။ ပုဏ္ဏားကျွန်းမြို့ မြောက်ဘက် ၁၁ မိုင်ခန့်အကွာတွင်ရှိသော ခမီကြိမ်ချောင်း‌ဆည်ကို ၂၀၁၄ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တည်ဆောက်မှုပြီးစီးခဲ့သည်။

ဆည်တာတမံသည် အလျား ၆၆၀ ပေ၊ အမြင့် ၉၀‌ ပေရှိပြီး အသုံးပြုနိုင်မည့် ရေလှောင်ပမာဏမှာ ဂါလံသန်း ၂,၇၃၆ ဖြစ်သည်။ မြေသားတမံအမျိုးအစားဖြစ်ပြီး ကန်ရေပြည့်ချိန် အများဆုံးသိုလှောင်နိုင်သည့် ရေလှောင်ပမာဏမှာ ၂,၉၂၉ ဂါလန်သန်းနှင့် အသုံးပြုနိုင်မည့် ရေပမာဏမှာ ၂,၇၃၆ ဂါလန်သန်း ဖြစ်သည်။

ခမီကြိမ်ချောင်းဆည်စီမံကိန်းကို ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတအထူးရံပုံငွေ ၄ ဘီလီယံခွဲကျော် အသုံးပြုကာ ပုဏ္ဏားကျွန်းစက်မှုဇုန်နှင့် စစ်တွေမြို့နယ်အတွက် ရေရရှိရေးဆိုပြီး လျာထားတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပုဏ္ဏားကျွန်းမှတဆင့် စစ်တွေသို့ ရေပိုက်လိုင်းသွယ်ရန်အတွက် ၇ ဘီလီယံခွဲ လျာထားခဲ့သော်လည်း NLD အစိုးရလက်ထက်တွင် ရပ်နားထားခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးအောင်သန်းတင်က “နိုင်ငံတော်က ဘတ်ဂျတ်အများကြီးသုံးပြီးတော့ တည်ဆောက်ခဲ့တာ။ နောက်ပြီး ရခိုင်ပြည် မြို့တော်အတွက်လည်း အသုံးချလို့ရတယ်။ အကောင်အထည်ဖော်ခဲ့ရင် အခုလောက်ဆို စစ်တွေကို ရေပေးဝေနိုင်ပြီ။ အခုကတော့ စံမံကိန်းဘတ်ဂျတ်ငွေတွေက အလဟသဖြစ်သွားတယ်” ဟု အားမလိုအားမရ ပြောသည်။  

ခမီကြိမ်ချောင်းဆည်မှ ရေများကို စစ်တွေ၊ ပုဏ္ဏားကျွန်းဒေသက လယ်သမားများအတွက် ရေပေးဝေရေးနှင့် ဒေသနေလယ်သမားများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ကြောင်းလည်း ဦးအောင်သန်းတင်က ဆိုသည်။

“အခုကတော့ ပြည်မဘက်က စိုက်ပျိုးရေးသီးနှံတွေ ရခိုင်ကို တင်သွင်းနေတယ်။ ဆိုတော့ ဒီဒေသက စိုက်ပျိုးရေးထွက်ကုန်တွေကို ဈေးကွက်ဝင်ဖို့ အာဏာပိုင်တွေဘက်က လိုအပ်ချက်တွေကို ဆည်ရေအသုံးပြုပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရမယ်” ဟု ဦးအောင်သန်းတင်ကပြောသည်။

ထို့အတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်(SEZ)အတွက် ရည်ရွယ်ကာ ဆောက်လုပ်ထားသည့် သိုင်းချောင်းဆည်ကိုလည်း လက်ရှိတွင် ဒေသခံများက အသုံးချနိုင်ရေးအတွက် လိုလားနေကြသည်။

ကျောက်ဖြူမြို့နယ် တောင်ဘက် ၁၃ မိုင်ခန့်အကွာ သိုင်းချောင်းကျေးရွာအုပ်စုအတွင်းက သိုင်းချောင်းဆည်ကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၂၀၁၇ ခုနှစ်တွင် ပြီးစီးခဲ့သည်။ လက်ရှိတွင် ၆ နှစ်အထိရှိနေသော်လည်း အသုံးပြုခွင့်မရရှိသေးကြောင်း ဒေသခံများကပြောသည်။

အဆိုပါဆည်သည် မြေသားတမံအမျိုးအစားဖြစ်ပြီး အလျား ၅၁၀ ပေ၊ အမြင့် ၇၀ ပေရှိကြောင်း သိရသည်။ အသုံးပြုနိုင်သည့် ရေလှောင်ပမာဏမှာ ၉၁၆ ဧကပေဖြစ်ပြီး ရေထုတ်ပြွန်အမျိုးအစားမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်သည်။

“ရွာသားတွေက ဆည်ကရေကို အသုံးပြုခွင့် ရချင်ကြတယ်။ ဆည်ကရေကို အသုံးပြုခွင့်ရရှိဖို့ ကျေးလက်ဌာနကို တင်ပြထားတာရှိပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်ထိ ရေရမယ့်အနေအထား မရှိသေးဘူး” ဟု သိုင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်ခင်ထွန်းကပြောသည်။  

သိုင်းချောင်းအုပ်စုတွင် သိုင်းချောင်း၊ ဇိုင်ချောင်း၊ ပြားဂျွိန်၊ မင်းတက်ချွိန်၊ ကြောင်ခိုး၊ ချောင်းမြောင်၊ အချွန်း စသည့် ကျေးရွာများပါဝင်ပြီး လက်ရှိတွင် သိုင်းချောင်းနှင့် ပြားဂျွိန်ကျေးရွာ နှစ်ရွာသာ ဆည်ရေကိုသုံးစွဲခွင့် ရရှိနေကြသည်။

သို့သော် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအားလုံး ရေရရှိရေးမှာ ကျေးရွာများသို့ ရေ level အဆင့်ရောက်နိုင်၊ မရောက်နိုင် ကွင်းဆင်းကာ ဘတ်ဂျတ်လျာထားပြီးမှ လုပ်ပေးနိုင်မည်ဟု ကျောက်ဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဝင်းနိုင်က DMG ကို ပြောဆိုထားသည်။

“ဒီဒေသခံတွေက လယ်ယာတွေ၊ လုပ်စားကွက်တွေ ဆုံးရှုံးသွားတာပဲ အဖတ်တင်တယ်။ ဆည်မှာ ရေအပြည့်ရှိပြီး‌တော့ ဘာမှသုံးလို့မရဖြစ်နေတယ်” ဟု ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဉီးဖိုးစံက ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းသည် ရခိုင်လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အဓိက အသက်သွေးကြောဖြစ်သဖြင့် ဘတ်ဂျတ်ငွေများစွာ ကုန်ချခံထားရသည့် ဆည်များကို အသုံးချတတ်ရန် လိုအပ်နေသည်။ ဆည်မှရေများကို စနစ်တကျအသုံးချတတ်လျှင် ရခိုင်ဒေသစီးပွားရေးသည် တိုးတက်နိုင်ခြေများစွာရှိနေသည်။

ထိုသို့ ဆည်ကြီးများ အလုပ်မဖြစ်သည့် အခြေအနေနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနသို့ DMG က သွားရောက်မေးမြန်းခဲ့ရာတွင် တာဝန်ရှိသူက “မေးခွန်းများကို စာရေးထားခဲ့” ဟု ပြောဆိုသဖြင့် လတ်တလောတွင် တုန့်ပြန်ချက်တစ်စုံတစ်ရာ မရရှိသေးပေ။ 

ရခိုင်ပြည် သံတွဲမြို့နယ်အတွင်းက လင်းသာငပလီဆည်နှင့် ဇီးဖြူကုန်းဆည်၊ မြေပုံမြို့နယ်တွင် ကမ်းထောင်းကြီးမြို့တွင် တမန်းဒူးဆည်၊ တောင်ကုတ်မြို့နယ်တွင် ကြိုးကြာကွင်းဆည်၊ အမ်းမြို့နယ်တွင် ဟင်းရွက်ချောင်းဆည်၊ ဂွမြို့နယ်တွင် သားခွေးချိုင် ကမ်းသာယာဆည်နှင့် ရဟိုင်းကွင်းဆည်၊ မင်းပြားတွင် ဂရင်ဂျိုင်ဆည်နှင့်၊ ကမ်းနီကျေးရွာအနီး ကြက်တက်ချောင်း စသည်ဖြင့် ဆည်များစွာလည်း ရှိသေးသည်။

မည်သို့ပင်ဆိုစေကာမူ စိုက်ပျိုးရေးအတွက် အထောက်အကူပြုနိုင်မည့် နိုင်ငံ့ဘတ်ဂျက်ငွေ ဘီလီယံချီ အကုန်ကျခံ တည်ဆောက်ထားသည့် ရခိုင်က ဆည်မြောင်း၊ တာတမံများမှာ နှစ်ကာလရှည်ကြာလာသည့်တိုင် အကျိုးပြုမှု အားနည်းနေသည့်အပေါ် ဒေသခံများက စိတ်မကောင်းဖြစ်နေကြသည်။

ဆည်မှ ရေကိုအမှီပြုပြီး နွေစပါးနှင့် တခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ရခိုင်ပြည်က တောင်သူများ၏ အိပ်မက်မှာ ဝေဝါးနေဆဲဖြစ်သည်။

ဂေါင် - ရေးသားသည်။

ဗီဒီယိုများ