အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ

ဘက်ပေါင်းစုံပါဝင်သော မူဘောင်များသည် ပထဝီနိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေဖြစ်ရန် မလုပ်ဆောင်နိုင်သေးသရွေ့ ဤမြေအောက်တွင် မြှုပ်နှံထားသော ဒြပ်စင်များသည် နောင်လာမည့်နှစ်များ၌ မည်သည့်စီးပွားရေးစနစ်များ တိုးတက်မည်၊ မည်သည့်စီးပွားရေးစနစ်များ ကျဆင်းမည်ကို ဆုံးဖြတ်နေဦးမည် ဖြစ်ပေသည်။

By Admin 05 Jul 2025

အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ

လွန်ခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က လန်ဒန်မြို့၌ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ တိုးတက်မှုများ ရရှိခဲ့သည်ဟူသော သတင်းခေါင်းစီးများ ပျံ့နှံ့ခဲ့သည်။ ထိုစဉ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်နိုင်ငံသည် "ကြီးမားသည့် သဘောတူညီချက်" တစ်ခုကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရင်းမြစ်များက ဖော်ပြသည်။

အဆိုပါ သဘောတူညီချက်၏ အဓိကအချက်များတွင် တရုတ်ဘက်မှ အမေရိကန်ကုမ္ပဏီများသို့ သံလိုက်များနှင့် မြေရှားသတ္တုများကို ထောက်ပံ့ပေးရန် သဘောတူညီချက်လည်း ပါဝင်ခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပင် အမေရိကန်ဘက်ကလည်း တရုတ်ကျောင်းသားများ၏ ဗီဇာများကို ရုပ်သိမ်းမည်ဟူသော ခြိမ်းခြောက်မှုများကို ပြန်လည်ရုပ်သိမ်းပေးမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။

အကောက်ခွန် ကင်းလွတ်ခွင့်မှာ မတော်တဆမှု မဟုတ်ခဲ့ဘဲ အမှန်တကယ်တွင် မြေရှားသတ္တုများသည် အမေရိကန်-တရုတ် ကုန်သွယ်ရေးနှင့် နည်းပညာ ပြိုင်ဆိုင်မှု၏ ပင်မ ဗဟိုချက်အဖြစ် တည်ရှိနေဆဲပင်ဖြစ်သည်။ နှစ်ဖက်စလုံးက စကားလုံးလှလှများနှင့် ယာယီအပေးအယူများကို အသုံးချဖြေရှင်း၍ မရနိုင်သော မဟာဗျူဟာမြောက် လိပ်ခဲတည်းလည်းဖြစ်စဉ်အဖြစ် အသိအမှတ်ပြုထားကြသည်။

ဒေသတွင်း ဗဟိုချက်ဖြစ်သည့် စင်ကာပူအပါအဝင် ကျန်သော ကမ္ဘာ့နိုင်ငံများအတွက်မူ ၎င်းသည် မှတ်စုတစ်ခုမျှသာမဟုတ်ဘဲ မြေငလျင်မလှုပ်မီ ရိုက်ခတ်တတ်သော ရှေ့ပြေးမြေအောက်လှိုင်းပမာ အရေးပါသော ဖြစ်စဉ်တစ်ရပ် ဖြစ်နေပေသည်။

မြေရှားသတ္တုများသည် ထူးခြားဆန်းကြယ်သည့် ပစ္စည်းအမျိုးအစားဖြစ်ပြီး အမှန်တကယ် ရှားပါးသည်မဟုတ်သော်လည်း သန့်စင်ထုတ်လုပ်ရန် ကုန်ကျစရိတ်များလွန်းလှကာ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အထိ တရုတ်နိုင်ငံသည် မြေရှားသတ္တု တူးဖော်မှု၏ ၆၀ ရာခိုင်နှုန်းကျော်နှင့် ကမ္ဘာလုံးဆိုင်ရာ သန့်စင်ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားခဲ့ကြောင်း သိရသည်။

မြေရှားသတ္တုများကို အခြားနေရာများတွင်လည်း ထုတ်ယူလျက်ရှိရာ မကြာသေးမီက မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်တွင် တရုတ်ရင်းနှီးမြှုပ်နှံသူများက သန့်စင်စက်ရုံများ ဖွင့်လှစ်ခဲ့ပြီး မြေရှားသတ္တု ထွက်ရှိရာ နေရာသစ်တစ်ခု ဖြစ်လာခဲ့သည်။

ဤအချက်ကြောင့် တရုတ်နိုင်ငံသည် သန့်စင်စွမ်းအင်၊ ကာကွယ်ရေးနည်းပညာများနှင့် Semiconductor ထုတ်လုပ်မှုများကို ထောက်ပံ့ပေးနေသော ထောက်ပံ့ရေးကွင်းဆက်တွင် မရှိမဖြစ် ကြားခံပုဂ္ဂိုလ် ဖြစ်လာသည်။ ဝါရှင်တန် (အမေရိကန်ပြည်ထောင်စု) အတွက်မူ ၎င်းသည် အသက်ရှူမှားလောက်စေသည့် ကိစ္စရပ်တစ်ခုဖြစ်နေပြီး ပေကျင်း (တရုတ်) အတွက်မူ ဝန်ထုပ်ဝန်ပိုးကို ဖြေရှင်းသည့်နည်းလမ်းတစ်ရပ် ဖြစ်နေသည်။

အမေရိကန်ပြည်ထောင်စုသည် ပြည်တွင်းထုတ်လုပ်မှုစွမ်းရည်ကို ပြန်လည်တည်ဆောက်ရန် မကြာသေးမီက ကြိုးပမ်းအားထုတ်ခဲ့သော်လည်း ပြင်ပမှထောက်ပံ့မှုနှင့် သန့်စင်ထုတ်လုပ်မှုအပေါ် မှီခိုနေရဆဲပင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် လုပ်ကိုင်လည်ပတ်နေသည့် တစ်ခုတည်းသော မြေရှားသတ္တုတွင်းဖြစ်သည့် ကယ်လီဖိုးနီးယားရှိ Mountain Pass သတ္တုတွင်းသည် ၎င်း၏ထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ သန့်စင်ရန်အတွက် တင်ပို့နေရသည်။

The RAND ကော်ပိုရေးရှင်းသည် မြေရှားသတ္တုထောက်ပံ့မှု ရက် ၉၀ မျှ ရပ်တန့်သွားရုံဖြင့် အမေရိကန် ကာကွယ်ရေး ကန်ထရိုက်တာများ၏ ၇၈ ရာခိုင်နှုန်းနီးပါးကို လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းရန် တွန်းအားပေးသကဲ့သို့ ဖြစ်သွားနိုင်ကြောင်း မကြာသေးမီက သတိပေးခဲ့သည်။ F-35 တိုက်လေယာဉ်တစ်စင်းတွင် မြေရှားသတ္တု ၄၀၀ ကီလိုဂရမ်ကျော် ပါဝင်ပြီး အဆင့်မြင့် ရေတပ်စနစ်များအတွက်မူ လိုအပ်ချက်ပမာဏမှာ ပိုမိုမြင့်မားလှပေသည်။

ထို့အတွက်ကြောင့်ပင် မြေရှားသတ္တုကိစ္စရပ်များကို ဆွေးနွေးပွဲစားပွဲ၌ အဘယ်ကြောင့် ချန်လှပ်ထားခဲ့သနည်း ဟူသည်မှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်လာခဲ့သည်။ အကြောင်းမှာ ၎င်းတို့၏သြဇာလွှမ်းမိုးမှုမှာ အပြန်အလှန်ရှိနေသောကြောင့် ဖြစ်သည်။

မြေရှားသတ္တုပျော်ရည်များကို စုထားသည့်ကန်။ ဓာတ်ပုံ - Global Witness

အမေရိကန်ပြည်ထောင်စုသည် ကြီးမားသော ပေးဆပ်မှုမရှိဘဲနှင့် ဆက်ဆံရေးဖြတ်တောက်ရန် မလွယ်ကူသကဲ့သို့ တရုတ်ဘက်ကလည်း ဂုဏ်သိက္ခာ ထိခိုက်မှုနှင့် စီးပွားရေးအရ အကျိုးသက်ရောက်မှုများ မရှိဘဲ ယင်းတို့ကို လက်နက်အဖြစ် အသုံးချနိုင်စွမ်းငှာ မရှိလှသေးပေ။ နှစ်ဖက်စလုံးသည် တစ်ဦးကိုတစ်ဦးက မှီခိုနေရသော်လည်း ဆန့်ကျင်လိုစိတ်များရှိနေပြီး သံသယနယ်ပယ်၌ ချောင်ပိတ်မိနေကြသည်။

မဟာဗျူဟာမြောက် မသက်မသာဖြစ်မှု၏ မျှခြေဖြစ်စဉ်သည် တိတ်ဆိတ်မှုကို ရှင်းပြလျက်ရှိပေသည်။ မြေရှားသတ္တုဆိုင်ရာ မေးခွန်းသည် မဖြေရှင်းနိုင်သေးဘဲ၊ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘဲ ဆက်လက်ရှိနေခြင်းမှာ ၎င်းကို ကိုင်တွယ်ဖြေရှင်းခြင်းသည် နှစ်ဖက်စလုံးအတွက် ပြည်တွင်း၌ အလွန်အမင်း ရောင်းချလိုသော တိုးတက်မှုဆိုင်ရာ ထင်မှတ်မှားမှုဖြစ်စဉ်ကို ပျက်ပြားသွားစေနိုင်ခြင်းကြောင့် ဖြစ်ပေသည်။

အမှန်တကယ်၌ မကြာသေးမီ သီတင်းပတ်များအတွင်းက ဤမဖြေရှင်းနိုင်သေးသောပြဿနာ၏ အရေးပေါ်လိုအပ်မှုသည် ပို၍မြင့်တက်လာခဲ့ပေသည်။ ဇွန်လ ၁၃ ရက်နေ့က တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာနသည် မြေရှားသတ္တုအမျိုးအစား နှစ်ခုဖြစ်သော Gallium (ဂယ်လီယမ်သည် နူးညံ့ပြီး ငွေရောင်သမ်းသော သတ္တုတစ်မျိုးဖြစ်ကာ ၎င်း၏ အရည်ပျော်မှတ်နိမ့်သော ဂုဏ်သတ္တိကြောင့် လက်ဖဝါးပေါ်၌ပင် အရည်ပျော်နိုင်သည့် သတ္တုအဖြစ် လူသိများလှပေသည်) နှင့် Germanium Derivatives (ဂျာမေနီယမ်ကို ၎င်းတို့၏ မော်လီကျူးဖွဲ့စည်းပုံတွင် ပေါင်းစပ်ပါဝင်စေသည့် ဓာတုဒြပ်ပေါင်း အများအပြားကို လွှမ်းခြုံထားသည်) များအပေါ် ၎င်းတို့၏ ပို့ကုန်ထိန်းချုပ်မှုများကို တိတ်တဆိတ် ပြင်ဆင်မွမ်းမံပြောင်းလဲခဲ့သည်။

ထိုပစ္စည်းနှစ်မျိုးသည် Semiconductor နှင့် ဆိုလာနည်းပညာများအတွက် အလွန်အရေးပါသော ဆက်နွှယ်ပစ္စည်းများဖြစ်ပေသည်။ အပြည့်အဝ ကန့်သတ်ချက်တစ်ခု မဟုတ်သည့်တိုင် အဆိုပါလုပ်ဆောင်မှုက လုပ်ငန်းလုပ်ပိုင်ခွင့်ဆိုင်ရာ လိုင်စင်ထုတ်ပေးခြင်း လုပ်ထုံးလုပ်နည်းအသစ်များကို ယူဆောင်မိတ်ဆက်လာခဲ့သည့်အတွက် ကမ္ဘာ့ဈေးကွက်များတွင် စိုးရိမ်ပူပန်မှုများ ချက်ချင်း ဖြစ်ပေါ်သွားခဲ့သည်။

အဆိုပါလုပ်ရပ်သည် တိုက်ရိုက်အင်အားပြခြင်းမျိုး မဟုတ်ခဲ့သည့်တိုင် ပေကျင်း (တရုတ်)၏ တိကျစွာ ပစ်မှတ်ထားသည့် မဟာဗျူဟာမြောက် အယူဝါဒကို ထင်ဟပ်ပြသလိုက်ခြင်းပင်ဖြစ်သည်။ တရုတ်ဘက်က ထုတ်ဖော်ပြောကြားခဲ့သည့် ကျိုးကြောင်းပြဆင်ခြင်မှုမှာ ဤပစ္စည်းများသည် နှစ်မျိုးသုံးပစ္စည်းများဖြစ်ပြီး မပြန့်ပွားရေးဆိုင်ရာ လုပ်ငန်းစဉ်များအောက်တွင် ကျရောက်ပါဝင်နေသည်ဟူ၍ ဖြစ်ပေသည်။

ဤအချက်သည် သမားရိုးကျ လက်နက်များ၊ နှစ်မျိုးသုံး ကုန်ပစ္စည်းနှင့် နည်းပညာများဆိုင်ရာ နိုင်ငံတကာ လွှဲပြောင်းမှုများကို ထိန်းချုပ်သော ဘက်ပေါင်းစုံ ပို့ကုန်ထိန်းချုပ်ရေး စနစ်တစ်ခုဖြစ်သည့် Wassenaar Arrangement (ဝါဆနာ သဘောတူညီချက်)ကဲ့သို့သော သမိုင်းဝင် စံနမူနာများနှင့် ကိုက်ညီနေပေသည်။

ရလဒ်အဖြစ် ဇွန်လ ၂၄ ရက်နေ့က ရှန်ဟိုင်းမြေရှားသတ္တု အညွှန်းကိန်း (Shanghai Rare Earth Index) မြင့်တက်လာကြောင်း ဖော်ပြချက် ထွက်ပေါ်လာခဲ့ပြီး ဂျာမန်ကားထုတ်လုပ်သူများနှင့် အမေရိကန် ကာကွယ်ရေး ကန်ထရိုက်တာများက ပစ္စည်းအစိတ်အပိုင်းများ ရရှိရေးတွင် "ထိခိုက်နစ်နာမှုများ ရှိလာစေမည့် မရေရာမှုများ" နှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ပေကျင်း (တရုတ်)က ဤသို့ချိန်သားကိုက် အချက်ပြလိုက်ခြင်းများသည် မြေရှားသတ္တုများကို နည်းစနစ်ကျသော ဖိအားပေးမှုတစ်ခုအဖြစ် အသုံးပြုရန် ၎င်းတို့၏ ဆန္ဒကို ပြန်လည်အတည်ပြုလိုက်ခြင်းပင် ဖြစ်ပေသည်။ ဝါရှင်တန် (အမေရိကန်ပြည်ထောင်စု) နှင့် ဘရပ်ဆဲလ် (ဥရောပသမဂ္ဂ) တို့ကို ဖိအားပေးရာတွင် မည်သည့်အရာက အဓိကကျသည်ကို ပြန်လည်သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံဘက်ကမူ မြေရှားသတ္တုဆိုင်ရာ မရေရာမှုကို ဆက်လက်ထားမည့်ပုံ ပေါ်လွင်နေသည်။ ယင်းသို့ထားရှိခြင်းသည် ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုနှင့် မဟာဗျူဟာမြောက် သိုလှောင်ထားမှု နှစ်ခုစလုံးအဖြစ် အသုံးဝင်နေသည်။ ထိုအတောအတွင်း အမေရိကန်ပြည်ထောင်စုသည် သြစတြေးလျမှ ကနေဒါအထိ အခြားရွေးချယ်စရာ ထောက်ပံ့ရေးကွင်းဆက်များကို တည်ဆောက်ရန် အလျင်အမြန် လုပ်ဆောင်နေသည့်တိုင် ယင်းတို့မှာ အပြည့်အဝစွမ်းဆောင်နိုင်ရန် နှစ်ပေါင်းများစွာ လိုအပ်နေသေးသည်။

၂၀၁၀ ပြည့်နှစ်တွင် တရုတ်၏ မြေရှားသတ္တုပိတ်ဆို့မှုကို ရင်ဆိုင်ခဲ့ရသော ဂျပန်နိုင်ငံကမူ ဤသင်ခန်းစာကို စောစီးစွာ သင်ယူခဲ့ပြီး ယခုအခါ အဆိုပါပြဿနာကို အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တစ်ခုအဖြစ် မှတ်ယူထားပြီဖြစ်သည်။

တရုတ်နိုင်ငံ၏ ဤပြောင်းလဲမှုသည် အကန့်အသတ်များ မရှိသည်တော့ မဟုတ်ပေ။ ဥရောပသမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီးယား သို့မဟုတ် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကဲ့သို့သော အဓိက တတိယနိုင်ငံဈေးကွက်များကို ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဖြစ်သော်လည်း တရုတ်ဘက်ကမူ ယင်းကိစ္စရပ်ကို စိတ်ဝင်စားမှု နည်းပါးလှပေသည်။

မေလ ၂ ရက်နေ့က မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ထိုင်းနိုင်ငံ နယ်စပ်အနီးတွင် တရုတ်ကျောထောက်နောက်ခံပြု သတ္တုမိုင်းတွင်းတစ်ခုကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

အဘယ်ကြောင့်ဆိုသော် ထိုမိတ်ဖက်နိုင်ငံများ၏ ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှု မြင့်မားနေသည့် အခြေအနေတွင် မရှိမဖြစ် လိုအပ်သောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ပေကျင်း (တရုတ်) ၏ မြေရှားသတ္တုဆိုင်ရာ မူဝါဒများသည် အင်အားပြမှုရှိသည့်တိုင် ရွေးချယ်မှုဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရမ်းသမ်းဖျက်ဆီးခြင်းမပြုဘဲ ဟန့်တားလိုသော ရည်ရွယ်ချက်ကိုသာ အချက်ပြနေခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့်မူ ပိုမိုတင်းကျပ်သည့် အခြေအနေကို ရင်ဆိုင်နေရသည်။ ထောက်ပံ့ရေးကွင်းဆက်များကို ကွဲပြားအောင် လုပ်ဆောင်ရန် ယခင်က ကြိုးပမ်းခဲ့မှုများသည် တိုးတက်မှု နှေးကွေးခဲ့သည်။ အထူးသဖြင့် သန့်စင်ထုတ်လုပ်မှုအပိုင်းသည် အခက်အခဲကြီးတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ အမျိုးသားလုံခြုံရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် မြေအောက်သတ္တုတွင်းမှ သံလိုက်အထိ အပြည့်အဝ ထောက်ပံ့ရေးကွင်းဆက်တစ်ခု တည်ဆောက်ရန်အတွက် အနည်းဆုံး ဆယ်စုနှစ်တစ်ခုနှင့် ဒေါ်လာဘီလီယံများစွာ ကုန်ကျမည်ဟု သိရသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်ကုမ္ပဏီအချို့သည် ပို့ကုန်ထိန်းချုပ်မှုများကို ရှောင်ရှားရန်အတွက် ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်အချို့ကို တရုတ်နိုင်ငံသို့ ပြန်လည်ပြောင်းရွှေ့ရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြသည်။

ဤသည်မှာ ပြည်တွင်း၌ ထုတ်လုပ်မှုကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သည့် မူဝါဒကို သရော်လှောင်ပြောင်သည့်သဖွယ် ဖြစ်နေပေသည်။ စွမ်းအင်ဝန်ကြီးဌာန၏ ReElement အစီအစဉ်ကဲ့သို့သော ပြန်လည်အသုံးပြုရေး အစီအစဉ်များသည် အလားအလာကောင်းများကို ပြသနေသော်လည်း ကြီးမားသည့် သက်ရောက်မှုရှိရန် နှစ်ပေါင်းများစွာ လိုအပ်နေပေသေးသည်။

"ပြည့်စုံသော" ကုန်သွယ်ရေးသဘောတူညီချက်ဟု မည်သို့ပင်ဆိုစေကာမူ မြေရှားသတ္တုများနှင့် သက်ဆိုင်သည်များကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိဘဲနှင့် ခိုင်မာမှုမရှိကြောင်း ယင်းက ဖော်ပြသည်။ စီးဆင်းမှုကို ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် စီမံခန့်ခွဲမည့် မူဘောင်တစ်ခု မတည်ရှိသေးသရွေ့ အပစ်အခတ်ရပ်စဲမှုတိုင်းသည် တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ယာယီသဘောမျှသာ ဖြစ်နေပေလိမ့်မည်။

ယခုအချိန်တွင် အနှစ်သာရထက် အပေါ်ယံကောင်းမွန်မှုကို ဦးစားပေးထားသော လန်ဒန်သဘောတူညီချက်သည် ၎င်း၏ နိုင်ငံရေးရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိပေသည်။ သို့သော်လည်း ရှားပါးမြေဓာတ် ပြဿနာသည် ကြီးမားစွာ တည်ရှိနေဆဲပင်ဖြစ်သည်။ သံတမန်ရေးရာ ကိစ္စရပ်များတွင် အခက်ခဲဆုံးသော ကိစ္စရပ်များကို မကြာခဏပင် မထိမတို့ဘဲ ချန်ထားခဲ့လေ့ရှိကြောင်း သတိပေးနေပေသည်။ အမှန်တကယ်၌ ထိုကိစ္စရပ်များသည် အရေးအပါဆုံးဖြစ်နေလျက်ရှိသည်။

ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းရေး အပြောအဆိုများကို ဆက်လက်မှီခိုနေရဆဲဖြစ်သော ကမ္ဘာကြီး၌ မြေရှားသတ္တုများသည် အတွင်းပိုင်းကွဲပြားမှုကို မီးမောင်းထိုးပြနေသည်။ ဘက်ပေါင်းစုံပါဝင်သော မူဘောင်များသည် ပထဝီနိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေဖြစ်ရန် မလုပ်ဆောင်နိုင်သေးသရွေ့ ဤမြေအောက်တွင် မြှုပ်နှံထားသော ဒြပ်စင်များသည် နောင်လာမည့်နှစ်များ၌ မည်သည့်စီးပွားရေးစနစ်များ တိုးတက်မည်၊ မည်သည့်စီးပွားရေးစနစ်များ ကျဆင်းမည်ကို ဆုံးဖြတ်နေဦးမည် ဖြစ်ပေသည်။

ဟန်ဆက်လူနေ

ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသော အင်မရန် ခါလစ် (Imran Khalid) ၏ US-China trade truce didn't solve rare earths riddle ဆောင်းပါးကို ဆီလျော်စွာ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ အင်မရန်ခါလစ် သည် ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့အခြေစိုက် ပထဝီမဟာဗျူဟာ လေ့လာဆန်းစစ်သူနှင့် နိုင်ငံတကာရေးရာ သတင်းသုံးသပ်သူတစ်ဦး ဖြစ်သည်။

၎င်းသည် 'Newsweek'၊ 'The Hill'၊ 'Nikkei Asia'၊ 'The South China Morning Post'၊ Foreign Policy in Focus၊ Info Libre၊ 'Brussels Morning' နှင့် TRT World ကဲ့သို့သော မီဒီယာများတွင် ဆောင်းပါးများ ပုံမှန်ရေးသားနေသူဖြစ်သည်။